Pages

Thursday, November 6, 2014

ကြိုးများနှင့် နေထိုင်ခြင်း ..





 အခန်းကျဉ်းထဲက ကုတင်လေးပေါ်မှာ
မိုးမချုပ်ခင်ကတည်းက ကြိုးတွေရှုပ်လို့ .. ။
ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ
အားသွင်းရတဲ့ပစ္စည်းတွေများလာတယ်
ဒီလိုနဲ့ ..
ပတ်ဝန်းကျင်မှာ ကြိုးတွေ တဖြည်းဖြည်း ပွားလာခဲ့တယ်။

 ဒီနေရာလား ..
ဟုတ်ပါတယ် .. အိပ်ယာပါ ..
ဖျာလေးခင်းပြီး ဒီမှာပဲ အိပ်ပါတယ်။
ဟုတ်ပါတယ် .. စာကြည့်ခန်းပါ ..
စာရေးစာဖတ် ဒီမှာပဲ လုပ်ပါတယ်။
ဟုတ်ပါတယ် .. ထမင်းစားခန်းပါ ..
စားပွဲလေးခင်း ဒီမှာပဲ စားပါတယ်။
ဟုတ်ပါတယ် .. မီးဖိုချောင်ပါ ..
ထမင်းနဲ့ဟင်း ဒီမှာပဲ ချက်ပါတယ်။
ဟုတ်ပါတယ် .. မှန်တင်ခုံပါ ..
သနပ်ခါးသွေးပြီး ဒီမှာပဲ လိမ်းပါတယ်။

ဒီနေရာမှာ
မြင်နိုင်တဲ့ ကြိုးတွေ ရှိတယ်
မမြင်နိုင်တဲ့ကြိုးတွေလည်း ရှိတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ များလာတာနဲ့အမျှ
မြင်ရတဲ့ ကြိုးတွေ ပွားလာသလိုမျိုး ..
လောဘ ဒေါသ တပ်မက်သမျှ ဆန္ဒတွေများလာတာနဲ့ အမျှ
မမြင်ရတဲ့ သမုဒယကြိုးမျှင်တွေက တစ်စပြီး တစ်စ
အတိုင်းအဆမသိ ပွားလာခဲ့တယ်။
ဒီလိုနဲ့ ..
အခန်းကျဉ်းထဲက ကုတင်လေးပေါ်မှာ
မိုးမချုပ်ခင်ကတည်းက ကြိုးတွေရှုပ်နေခဲ့တာ
မိုးလင်းတဲ့အထိ ကြိုးရှင်းနေရဆဲပါပဲ .. ။


သံစဉ်ဖြူဖြူ
 ၁၃.၉.၂၀၁၄
ညနေ ၄း၄၄ မိနစ်

3 comments: