Pages

Wednesday, February 19, 2014

Sucide

လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ဆုံနိုင်ဖို့ထက် လူတစ်ယောက်ဖြစ်လာဖို့က ပိုခက်ခဲသတဲ့။
ခက်ခက်ခဲခဲ ရထားတဲ့ အသက်တစ်ချောင်းကို တမက်တမော ဖက်တွယ်ထားရင်းနဲ့
ရုတ်တရက် စွန့်လွှတ်လိုက်ဖို့ဆိုတာ ဘယ်လောက်များ ခက်ခဲပါလိမ့်မလဲ။
နည်းနည်းလေး ရှေ့အတိုးမှာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ စကားက တားဆီးပြန်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
ဒီလိုဖြစ်ရပ်တွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုဖြစ်ရပ်တွေ ဖြစ်နေတုန်းပဲ။
ဒီလိုဖြစ်ရပ်တွေ ဆက်ဖြစ်ကြဦးမယ်။

တွေးဖို့တောင် ခက်ခဲလွန်းတဲ့ အရာတွေကို လုပ်သွားကြတဲ့သူတွေထက်
သူတို့ကို တွန်းအားပေးတဲ့ နောက်ကွယ်က အရာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းတာ အမှန်။

ဘာတွေ ဆုံးရှုံးခဲ့ကြသလဲ။
ဘာတွေကို ကြောက်လန့်ခဲ့ကြသလဲ။
ဘယ်အရာတွေကနေ ရှောင်ပြေးချင်ခဲ့ကြသလဲ။

ဒေါသသင့်တာလား။
မာနသင့်တာလား။
သောကသင့်တာလား။
တကယ်တော့ စိတ်မှာ အဆိပ်သင့်တာ။

အရှုံးပေးသွားတာလား။
အနိုင်ပိုင်းသွားတာလား။
သေချာတာတော့ ပျက်စီးသွားခြင်းပါပဲ။
လူ့အသက်ဆိုတာ ပုံစံခွက်ထဲက ရေခဲတုံး တစ်တုံး မဟုတ်မှတော့ ပြန်လည်ဖြစ်တည်ဖို့ ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

R.I.P, R.I.P
ငြိမ်းချမ်းစွာ အနားယူပါတော့ .. ဆိုတဲ့ စကားလုံးတွေနဲ့ ပလူပျံအောင် စာနာပေးကြမယ်။
တန်ဘိုးထားတဲ့သူတွေ နှမြောဝမ်းနည်းကြမယ်။
သွေးသားရင်းတွေ ငိုကြွေးကြမယ်။

ထွက်ခွာသွားတဲ့သူအတွက်တော့ ရှုံးသလား နိုင်သလား တွေးစရာမလိုတော့။
မငြိမ်းချမ်းရင်တောင် ချုပ်ငြိမ်းသွားခဲ့ပြီ။

ကျေးဇူးပြုပြီး မျက်လုံးလေး မှိတ်ပေးလိုက်ကြပါ။
သိပ်မကြာခင်အချိန်အတွင်းမှာ ဒီအဖြစ်အပျက်ကို မေ့သွားကြမှာမို့ ကျန်ခဲ့တဲ့ ကမ္ဘာကြီးကို နောက်ဆံမတင်းဖို့ လိုပါတယ်။

...
...
...


ဒီလိုနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘဝတစ်ခုဟာ လေထဲမှာ မီးခိုးအဖြစ်လွင့်လို့။

သံစဉ်ဖြူဖြူ
(၁၈.၂.၂၀၁၄)
ည ၁၁း၅၃ မိနစ်

No comments:

Post a Comment