Wednesday, February 19, 2014

Sucide

လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ဆုံနိုင်ဖို့ထက် လူတစ်ယောက်ဖြစ်လာဖို့က ပိုခက်ခဲသတဲ့။
ခက်ခက်ခဲခဲ ရထားတဲ့ အသက်တစ်ချောင်းကို တမက်တမော ဖက်တွယ်ထားရင်းနဲ့
ရုတ်တရက် စွန့်လွှတ်လိုက်ဖို့ဆိုတာ ဘယ်လောက်များ ခက်ခဲပါလိမ့်မလဲ။
နည်းနည်းလေး ရှေ့အတိုးမှာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ စကားက တားဆီးပြန်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
ဒီလိုဖြစ်ရပ်တွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုဖြစ်ရပ်တွေ ဖြစ်နေတုန်းပဲ။
ဒီလိုဖြစ်ရပ်တွေ ဆက်ဖြစ်ကြဦးမယ်။

တွေးဖို့တောင် ခက်ခဲလွန်းတဲ့ အရာတွေကို လုပ်သွားကြတဲ့သူတွေထက်
သူတို့ကို တွန်းအားပေးတဲ့ နောက်ကွယ်က အရာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းတာ အမှန်။

ဘာတွေ ဆုံးရှုံးခဲ့ကြသလဲ။
ဘာတွေကို ကြောက်လန့်ခဲ့ကြသလဲ။
ဘယ်အရာတွေကနေ ရှောင်ပြေးချင်ခဲ့ကြသလဲ။

ဒေါသသင့်တာလား။
မာနသင့်တာလား။
သောကသင့်တာလား။
တကယ်တော့ စိတ်မှာ အဆိပ်သင့်တာ။

အရှုံးပေးသွားတာလား။
အနိုင်ပိုင်းသွားတာလား။
သေချာတာတော့ ပျက်စီးသွားခြင်းပါပဲ။
လူ့အသက်ဆိုတာ ပုံစံခွက်ထဲက ရေခဲတုံး တစ်တုံး မဟုတ်မှတော့ ပြန်လည်ဖြစ်တည်ဖို့ ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

R.I.P, R.I.P
ငြိမ်းချမ်းစွာ အနားယူပါတော့ .. ဆိုတဲ့ စကားလုံးတွေနဲ့ ပလူပျံအောင် စာနာပေးကြမယ်။
တန်ဘိုးထားတဲ့သူတွေ နှမြောဝမ်းနည်းကြမယ်။
သွေးသားရင်းတွေ ငိုကြွေးကြမယ်။

ထွက်ခွာသွားတဲ့သူအတွက်တော့ ရှုံးသလား နိုင်သလား တွေးစရာမလိုတော့။
မငြိမ်းချမ်းရင်တောင် ချုပ်ငြိမ်းသွားခဲ့ပြီ။

ကျေးဇူးပြုပြီး မျက်လုံးလေး မှိတ်ပေးလိုက်ကြပါ။
သိပ်မကြာခင်အချိန်အတွင်းမှာ ဒီအဖြစ်အပျက်ကို မေ့သွားကြမှာမို့ ကျန်ခဲ့တဲ့ ကမ္ဘာကြီးကို နောက်ဆံမတင်းဖို့ လိုပါတယ်။

...
...
...


ဒီလိုနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘဝတစ်ခုဟာ လေထဲမှာ မီးခိုးအဖြစ်လွင့်လို့။

သံစဉ်ဖြူဖြူ
(၁၈.၂.၂၀၁၄)
ည ၁၁း၅၃ မိနစ်

Saturday, February 15, 2014

မှော်ရုံတောကအပြန်

တစိမ့်စိမ့် ငို
မျက်ရည်တွေ ပြိုစေရဲ့။

တသိမ့်သိမ့် ရယ်
အပြုံးတွေ ကြွယ်စေရဲ့။

နွယ်တစ်ပင်လို ရင်ကို တွယ်
ပြကွက်တွေ ဆန်းကြယ်ပေရဲ့။

ဘဝင်ညှာမှာ တွယ်ငြိ
ရင်လွှာမှာ သွယ်မိလေတော့
ရုန်းထွက်ရန်ခက်
ဒီနွယ်ရှင် အဖြတ်ခက်ရဲ့။

ဒီလိုနဲ့
သူလည်းမော ကိုယ်လည်းမော
အနုအလှမှာ နစ်မျော
အဲဒီ သမုဒယ မှော်ရုံတောမှာ ။

************************

“ငါးထောင်တန် ငွေဖြည့်ကဒ်ရှိလားမေးပြီး ဘယ်လောက်လဲလို့ ပြန်မေးတဲ့သူတွေကို သမီး သိပ်မုန်းတာပဲ မေမေ” Feeling “စိတ်တို”

ဖေ့စ်ဘွတ်ခ်ရဲ့ What’s on your mind ဆိုတဲ့ နေရာလေးမှာ ခုလိုရေး၊ Feeling ဆိုတဲ့နေရာလေးမှာ ကိုယ့်စိတ်ထဲရှိတဲ့ ခံစားချက်ကို ထည့်လိုက်တယ်ဆိုရင်ပဲ သိပ်မကြာခင်မှာ အနီရောင်အမှတ်အသားလေးတွေ တက်လာပြီး ကိုယ်ရေးတာကို အားပေးကြတဲ့အခါမှာ စိတ်တိုတာမပျောက်သွားရင်တောင် လျော့သွားတာတော့ အမှန်။

ဟုတ်တယ်။ ဈေးရောင်းရတာ တစ်ခါတလေ အကုသိုလ်များတယ်။ ငါးထောင်တန်ငွေဖြည့်ကဒ်ပါဆိုမှ ငါးထောင်ပေါ့။ အဲဒီငွေဖြည့်ကဒ် တစ်ကဒ် ရောင်းရမှ တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်လောက် မြတ်တာကို တစ်ရာပြန်မအမ်းဘူးလား မေးတော့ ကိုယ်က ငါးထောင်ရင်းပြီးမှ နှစ်ဆယ် သုံးဆယ်လောက်ပဲ အမြတ်ယူရမလိုလို။ ဒီကြားထဲ တစ်ခါတည်း ရိုက်ထည့်ပေးပါဆိုလို့ ထည့်ပေးရသေး။ အရှေ့ကငွေဖြည့်မယ့် ကုဒ်ရယ်၊ ကဒ်မှာပါတဲ့ လျှို့ဝှက်နံပါတ်ရယ် ပေါင်းလိုက်ရင် အနည်းဆုံး အချက်နှစ်ဆယ်ကျော်နှိပ်ပေးရတာ။ တစ်ကြိမ်တည်းနဲ့ အောင်အောင်မြင်မြင် ငွေဝင်သွားရင်တော်သေး။ မြန်မာပြည်ဆက်သွယ်ရေးရဲ့ ထုံးစံအတိုင်း ငွေဖြည့်တာက တစ်ကြိမ်နဲ့မရတာတွေက မကြာခဏလေ။ တကယ်မလုပ်တတ်တဲ့သူတွေဆိုလည်း ထားပါတော့။ တော်တော်များများက ခဲခြစ်တာက ခဲဆိပ်သင့်တယ်ဆိုတဲ့ ကျန်းမာရေးသုတတွေကြောင့် ဆိုင်ကလူတွေကို တမင်ခိုင်းကြတာ။ အခုနောက်ပိုင်းတော့ ဖုန်းထဲကို ငွေဖြည့်ကဒ် တစ်ခါတည်း ဖြည့်ခိုင်းရင် “အားတော့နာပါရဲ့၊ ကျွန်မမျက်လုံးအားနည်းလို့ အဲဒီဂဏန်းတွေ သေချာမမြင်ရလို့ပါ” လို့ ပြောလိုက်ရတယ်။ မတတ်နိုင်ဘူး။ အလိမ္မာသုံးပြီးပြောရတာပဲ။ ကြိုက်မှဝယ်။ မရောင်းရလည်း နေပလေ့စေ။

အဲလိုပြောလို့ မိဖြူကို ကိုယ့်စီးပွားရေးမှ မဟုတ်တာ။ ဂရုမစိုက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဆိုင်ပိုင်ရှင် ဘကြီးအောင် က မိဖြူအမေရဲ့ အစ်ကိုအကြီးဆုံးမို့ ဆွေမျိုးအရင်းကြီး။ သူ့ သမီးတွေ သားတွေက အိမ်ထောင်ကိုယ်စီနဲ့မို့ သူ့ဆိုင်ကို လာထိုင်ပေးနေတဲ့ မိဖြူကို သမီးအရင်းလို ချစ်ရှာသူပါ။ အဲဒါကြောင့် ဘကြီးရဲ့ အကျိုးစီးပွားက မိဖြူရဲ့ အကျိုးစီးပွားလို့ပဲ သဘောထားပါတယ်။ ဒါကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးတွေရှိရင်တောင် အပြုံးမပျက်ပါဘူး။ ခုလို ရေးချင်တာရေးလို့ရတဲ့ စိတ်ဖြေစရာ ဖေ့စ်ဘွတ်ခ်လေး ရှိနေတာလည်း ပါတာပေါ့လေ။

************************
“ဖြူလေး ဘာတွေ ရေးနေပြန်ပြီလဲ”

ဟော သူ လိုင်းတက်လာပြီ။ မိဖြူက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သလောက် သူက သိပ်သိပ်သည်းသည်း နေတတ်သူ။ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူချင်းအတူတူ ပို့စ်တွေ ဘယ်တော့မှ ရေးမတင်ဘဲ သူများရေးတဲ့စာတွေ၊ သတင်းတွေသာ ဖတ်တတ်သူ။ မိဖြူ ကတော့ ခုနလိုပဲ တစ်နေ့တာ ကြုံတွေ့ရသမျှကို စိတ်ကူးရသလို ရေးနေတာပါပဲ။ အလွန်ဆုံး သူများစာမျက်နှာပေါ် အမှိုက်ပွသလိုဖြစ်ရုံကလွဲလို့ အဆိပ်အတောက်ဖြစ်မယ်လို့ မထင်တာကြောင့် သူဘယ်လောက်ဆူဆူ ပြောပြော ရေးမြဲပါပဲ။ သူ ဂရုစိုက်ပြီး ဆူတာလေးကို လိုချင်တာလည်းပါမယ်ထင်ပါရဲ့။ သူဂရုစိုက်တာ ဘာလို့လိုချင်သလဲဆိုတော့ သူက မိဖြူရဲ့ ချစ်လှစွာသောချစ်သူကိုး။ အပြင်မှာ တစ်ခါမှ မဆုံဖူးသေးတဲ့ချစ်သူတွေဆိုပေမယ့် မိဖြူတို့နှစ်ယောက်က လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြတာပါ။ ရွာက အဖေတို့ အမေတို့ကို ပြန်ပြောရင်တော့ အံ့သြကြမှာ အသေအချာပဲ။ ဒါပေမယ့် မိဖြူတို့ လူငယ်တွေကြားမှာတော့ ဒါက သိပ်မဆန်းတော့တဲ့ကိစ္စ။ အထူးသဖြင့် အင်တာနက်မှာ မျက်နှာစာအုပ်လို့ အဓိပ္ပာယ်ရတဲ့ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူတွေရဲ့ အသိုင်းအဝိုင်းမှာပေါ့။

တကယ်တော့ မိဖြူလည်း ဒီအသိုင်းအဝိုင်းထဲ ရောက်တာ မကြာသေးပါဘူး။ ဘွဲ့ရပြီး ရွာမှာ ဘာမှမယ်မယ်ရရ လုပ်စရာမရှိလို့ ရန်ကုန်မှာ သင်တန်းလေးဘာလေးတက်မယ်စိတ်ကူးနဲ့ ဘကြီးဆီ ရောက်လာတာ။ ဘကြီးဆိုင်မှာကူထိုင်ရင်း အင်တာနက်သုံးရင်း ဖေ့စ်ဘွတ်ခ်ကိုလည်း စွဲသွားရော ရွာတောင် မပြန်နိုင်ဖြစ်ရော။ စွဲလည်းစွဲချင်စရာပဲလေ။ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုရှိရုံနဲ့ ဆိုင်ထဲကနေဆိုင်ပြင်ထွက်စရာမလိုဘဲ သူငယ်ချင်း တွေအများကြီးရတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲ အကုန်သိရတယ်။ ကျောက်သင်ပုန်းကြီးလိုပဲ ရေးချင်တာရေးလို့ရတယ်။ အကြိုက်ဆုံးကတော့ ဓာတ်ပုံလှလှလေးတွေ တင်လို့ရတာကိုပဲ။ မိဖြူကတော့ မနက်စောစော အိပ်ရာမထခင်လည်း ရိုက်တယ်။ မနက် ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းစားရင်လည်း စားနေတဲ့ပုံ ရိုက်တယ်။ လူတင်မကဘူး၊ စားတဲ့အစားအသောက်ပါ ဓာတ်ပုံရိုက်တာကလည်း အကျင့်ကိုပါလို့။

ထားပါတော့လေ။ ပြောချင်တာက မိဖြူ နဲ့ သူ့ အကြောင်း။ ဘယ်လိုတွေ ချစ်သူဖြစ်သွားကြသလဲဆိုတာပေါ့။ သိပ်တော့လည်း မထူးဆန်းပါဘူး။ သူက နိုင်ငံခြားက စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့သူဆိုတော့ အလုပ်ကနေပြန်ရောက်တာနဲ့ အင်တာနက်ကို အချိန်ပြည့်ဖွင့်ထားပြီး သုံးတတ်သူ။ မိဖြူကလည်း အင်တာနက်ချိတ်ထားတဲ့ ဖုန်းဆိုင်မှာထိုင်နေရသူမို့ အင်တာနက်ကို တစ်နေကုန် စိတ်ကြိုက်သုံးနေရသူ။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်အလွန်သုံးသူ။ ဓာတ်ပုံကို မလှလှအောင် ရိုက်ပြီး နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ပုံတင်သူ။ သြော် မလှ လှအောင် ဘယ်လိုရိုက်သလဲ ဟုတ်လား။ ကင်မရာ ၃၆၀ ဆိုတဲ့ ဆော့ဖ်ဝဲလေး ရှိတယ်လေ။ အဲဒါလေးနဲ့ ရိုက်လိုက်ရင် ဝက်ခြံလည်း မပေါ်ဘူး။ အရေးအကြောင်းတွေလည်း ဖျောက်ပေးတယ်။ လျော့ရဲရဲအသားအရေက တင်းရင်းသွားတာမျိုး။ အသားညိုလည်း လာခဲ့၊ ရွှေဘိုသနပ်ခါးမလိုဘူး။ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်တွေ မလိုဘူး။ ကင်မရာ ၃၆၀ နဲ့သာရိုက်၊ ဖြူဝင်းသွားစေရမယ်။ အဲလိုနဲ့ မိဖြူဓာတ်ပုံတွေ မြင်ပြီး သူက လာမိတ်ဆက်ရင်း မြင်ရာကခင်၊ ခင်ရာကနေ ကြင်သွားတယ်ဆိုပါတော့။

နောက်ပိုင်း မိဖြူ နဲ့ သူ ချစ်သူဖြစ်သွားတဲ့အခါမှာတော့ သူက အဲဒါကို ပဉ္စလက်ကင်မရာအဖြစ် ကင်ပွန်းတပ်တယ်။ ဗီဒီယိုချက်တင်မှာ မိဖြူရဲ့ ပင်ကိုယ်ရုပ်ကို သူက မြင်ရတာကိုးနော်။ သူပြောတာလည်း မလွန်ပါဘူး။ မိဖြူက နာမည်သာ မိဖြူ၊ လူက ညိုပြာပြာလေ။ အဲဒီကင်မရာဆော့ဖ်ဝဲသုံးထားလို့သာ ဖြူဖြူလှလှလေး ဖြစ်နေတာဆိုတော့ သူ ဘယ်လိုပဲပြောပြော လက်မလွှတ်နိုင်ဘူး။ ကိုယ့်ရုပ်ကလေး လှနေတာ မြင်ရတာ ဘယ်လောက် ကျေနပ်စရာကောင်းလဲနော်။

“ဖြူလေးက မျက်လှည့်ပညာရှင်လေးပဲကွ။ ဓာတ်ပုံတွေထဲမှာတော့ မင်းသမီးရှုံးအောင်လှလို့။ ဗီဒီယိုချက်တင်မှာ ကြည့်မှ ရုပ်ဆိုးလေးမှန်းသိရတယ်။”

“ဒါဆို ကိုကိုက ဖြူ့ ကို လှမယ်ထင်လို့ ချစ်တာပေါ့လေ။ ဟုတ်လား”

“ဟားဟား၊ မဟုတ်ရပါဘူးကွာ၊ ဖြူလေး ဘယ်လိုပုံဖြစ်ဖြစ် ကိုကိုက ချစ်ပြီးသားပါ။ တစ်ခုပဲ ရှိတယ်။ စိတ်ထဲရှိသမျှ ဖေ့စ်ဘွတ်ခ်ပေါ်တင်တာကိုတော့ ကိုကိုသိပ်မကြိုက်ချင်ဘူး။ ဖြူလေးက မင်းသမီးလည်း မဟုတ်၊ မော်ဒယ်လည်းမဟုတ်ဘူးလေ၊ အဆိုတော်လည်းမဟုတ်ဘူး၊ စာရေးဆရာလည်းမဟုတ်ဘူး။ လူသိများဖို့ မလိုဘူးလို့ ကိုကို တွေးမိတာပဲ။ နောက်ပြီး စာတွေ ရေးတင်မယ်ဆိုလည်း အကျိုးရှိတဲ့ ကမ္ဘာကျော်အဆိုအမိန့်တွေ၊ စိတ်ခွန်အားဖြစ်စေမယ့်စာတွေ ကူးပြီးတင်တာမျိုး ဖြစ်စေချင်တာ။”

“ကိုကိုကလည်း၊ ဖြူ ခုလို ပျော်ပျော်ရွှင်ရွှင်နေတာ ဘယ်သူ့ကိုထိခိုက်လို့လဲ။ ကိုယ်ကိုယ်တိုင် မလိုက်နာနိုင်တဲ့ လမ်းညွှန်ချက်တွေကို သူများတွေဖတ်ရအောင် ကူးတင်တာမျိုး၊ ကိုယ်ကိုယ်တိုင် ဘာမှအဖြစ်ရှိအောင် မလုပ်နိုင်ဘဲ လေကြီးလေကျယ်တွေ ပြောနေတာထက်စာရင် ခုလို စလိုက် နောက်လိုက် နေရတာကို ဖြူ သဘောကျတယ် ကိုကို။”

တစ်ခါတလေတော့လည်း ကိုကို နဲ့ မိဖြူ ဖြစ်ပါ့မလား စိုးရိမ်စိတ်ဝင်မိသေးသည်။ မိဖြူက ပေါ့ပေါ့ပါးပါး နေတတ်သလောက် သူက အလေးအနက်ထားလွန်းသည်လေ။ အရာရာနှံ့စပ်သူမို့ ကိုယ်သိချင်တာမှန်သမျှ ဖြေပေးနိုင်တာကိုတော့ အလွန်သဘောကျသည်။ ကိုကို အနားမှာရှိရင် ဖြူ့အတွက် အဘိဓာန် မလိုတော့ဘူးလို့ ပြောမိတော့ ကိုယ်တိုင် အဘိဓာန်ဖြစ်အောင် ကြိုးစားမယ်တော့ မရှိဘူးလို့ ပြန်ပြောခံရချိန်မှာ မခံချင်စိတ်ဖြစ်မိပေမယ့် ချစ်တဲ့စိတ်ကတော့ လျော့ပါးမသွားခဲ့။

************************
“ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့လေသံမျိုး ပြောပြီး ကိုယ့်အမေ ပန်းကန်ဆေးနေချိန်မှာ ကူရကောင်းမှန်း မသိတဲ့သူတွေကို သမီး သိပ်မုန်းတာပဲ မေမေ”  Feeling “စိတ်ချဉ်ပေါက်”

 Everybody wants to save the earth; nobody wants to help Mom do the dishes.” ဆိုတဲ့ P.J.O’Rourke ရဲ့ နာမည်ကျော် အဆိုအမိန့်လေးလည်း ကိုယ့်စာမျက်နှာမှာ အမြီးအမောက်မတည့်စွာနဲ့ အမေ့ကို တိုင်တည်တဲ့ စာကြောင်းအဖြစ် ပြောင်းလဲသွားရရှာပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ ထုံးစံအတိုင်း အမေနဲ့ ပတ်သက်ပြီးရေးတိုင်း လူကြိုက်များတာပဲမို့ ရေးပြီး တစ်မိနစ်မပြည့်ခင်မှာ နှစ်သက်ကြောင်း Like ခလုပ်ကို နှိပ်သူက (၁၀) ယောက်မက။ ကမ္ဘာကျော်စာသားတွေ တင်စေချင်တဲ့ ကိုကို့ ကို ရွဲ့ချင်တာမို့သာ။ တကယ်တမ်း အမေ့ကျေးဇူးသိတတ်တဲ့ပုံစံမျိုးတွေ ရေးရတာ မိဖြူက ရှက်သား။ ရွာမှာအတူနေတုန်းက အမေနဲ့ တစ်ခါမှ မတည့်တဲ့သူလေ။ ဒီမှာနေတာတောင် ဖုန်းဆက်ရင်း ငြင်းရခုန်ရသေးတာ။ လူအများမြင်တဲ့နေရာ ဆိုတော့လည်း မိဘကျေးဇူးသိတတ်ချင်ယောင်ဆောင်ရတာပေါ့လေ။ ဒါလည်း ဖေ့စ်ဘွတ်ခ်ယဉ်ကျေးမှုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ပြန်ရင်တော့ အမေနဲ့ တည့်အောင် နေဦးမှပါ။ ဒီဇင်ဘာမှာ ကိုကို ပြန်လာတဲ့အခါ လာမြန်းရင်းနဲ့ သူ မပြန်ခင် လက်ထပ်သွားဖို့ စီစဉ်ထားတာမို့ အမေ သဘောတူအောင် ခုကတည်းက စည်းရုံးထားရမှာ မဟုတ်လား။

************************

“ဘာပြောတယ် ကေသွယ်၊ သူ့မှာ မိန်းမ ရှိတယ် ဟုတ်လား”

“ဟုတ်တယ် ဖြူလေး၊ ကိုသက်ဦး မှာ မိန်းမ ရှိတယ်။ မိန်းမတင် မဟုတ်ဘူးဟာ ကလေးပါ ရှိတာ။ ကိုသက်ဦး သမီးလေးက (၆) တန်းတောင် ရောက်နေပြီတဲ့။ သူ့မိန်းမက အတော်အေးတယ်။ ကိုသက်ဦးကိုလည်း တအားယုံပြီး ကလေးကိုပဲ ဂရုစိုက်နေတာ။ နောက်ပိုင်း ငွေပုံမှန်မပို့တာကို စုံစမ်း ရင်းနဲ့ သူ့ယောက်ျား မူပျက်နေတာကို သိသွားတာဟ။ အခုတော့ သူတို့ လင်မယားချင်း အကြီးအကျယ် စကားများကြတယ်။ ကိုသက်ဦးကတော့ ကွာရှင်းဖို့ ကြိုးစားနေပုံပဲ။”

ဘုရားရေ ဘာတွေဖြစ်ကုန်ပါလိမ့်။ မိဖြူ ချစ်ရတဲ့ ကိုကို က အိမ်ထောင်ရှိသတဲ့။ သမီးလေးလည်း ရှိသတဲ့။ မိဖြူကို ဘာသာရေးအသိတွေ သင်ပေး၊ အမြင်ကြည်လင်အောင် သွန်သင်ပေးခဲ့တဲ့ ကိုကိုက ကြီးမားတဲ့ မုသာဝါဒကို သုံးခဲ့တာပါလား။ မိဖြူ သိပ်လေးစားခဲ့ရတဲ့ ကိုကိုက အိမ်ထောင်ရေးဖောက်ပြန်သူတဲ့လား။ မိဖြူကိုပါ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်စေဖို့ မြူဆွယ်ခဲ့သူတဲ့လား။
ဘုရား ဘုရား။ မိဖြူ အမှားကြီး မှားတော့မလို့ပါလား။

************************
ပူလိုက်တာ ပူလိုက်တာ။
မှောင်မိုက်နေတဲ့ ဝန်းကျင်မှာ အလျှံငြီးငြီးတောက်နေတဲ့ မီးဖိုကြီးမှ အလင်းရောင်သာ ရှိသည်။ မီးဖိုပေါ်မှာက ကြီးမားကျယ်ပြန့်သော မိုးဗြဲဒယ်ကြီးတစ်လုံး။ ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေကြားက ရုတ်တရက် ခေါင်းတစ်လုံးပေါ်လာပြီး တစ်စုံတစ်ရာကို အော်ဟစ်လိုက်သံ။ အော်ပြီးသည်နှင့် တပြိုင်နက် ချက်ခြင်း ပြန်မြုပ်သွား။ နောက်တစ်ယောက်ရဲ့ ခေါင်းထပ်ပေါ်လာ။ သူလည်း ပါးစပ်ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားနေတုန်း ပြန်မြုပ်သွားပြန်သည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေဆဲမှာပဲ

“ကဲ ဟိုကောင်မလေး ခေါ်ခဲ့တော့”

ဟင်  ကိုယ့်ကို ပြောနေတာပါလား။ ဒီ သံရည်ပူဒယ်အိုးထဲ မိဖြူလည်း ဝင်ရမယ်တဲ့။ ဟင့်အင်း ဟင့်အင်း ဘာလို့ ဝင်ရမှာလဲ။ မဝင်ဘူး။ မိဖြူ ကြောက်တယ်

“မဝင်ချင်ဘူး မဝင်ချင်ဘူး မိဖြူ ကြောက်တယ်”

“ကာမပိုင်ရှိတဲ့ ယောက်ျားကိုတော့ လက်ထပ်ချင်တယ်။ သံရည်ပူအိုးထဲဝင်ရမှာတော့ ကြောက်သတဲ့လား။ လာစမ်း”

ပြောပြောဆိုဆိုနဲ့ မိဖြူကို ချုပ်ပြီး အတင်းဆွဲခေါ်ကြတော့

“မလိုက်ဘူး မလိုက်ဘူး မိဖြူ မလိုက်နိုင်ဘူး”

ရုန်းကန်ရင်း အော်ဟစ်ရင်းနဲ့ အိပ်မက်က လန့်နိုးလာတော့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လို့။ ညနေက ဆိုင်ကိုမသွားဘဲ အိပ်ရာထဲမှာ ငိုရင်း အိပ်ပျော်သွားခဲ့တာ ဘယ်အချိန်တောင်ရှိနေပါလိမ့်။ စားပွဲပေါ် တင်ထားတဲ့ဖုန်းကို ယူကြည့်တော့ ခေါ်ထားတဲ့ဖုန်းတွေက (၁၀) ကြိမ်နီးပါး။ ဒီချိန်ဆို သူ စောင့်နေရော့မယ်။

“ဟုတ်တယ် ဖြူလေး။ ဖြူလေးကြားတဲ့ သတင်းက အမှန်ပါပဲ။ ကိုယ့်မှာ မိန်းမနဲ့ ကလေးရှိပါတယ်။ ဒါပေမယ့် ကိုကို ဖြူလေးကိုပဲ ချစ်တယ်။ ဖြူလေးနဲ့ပဲ နေချင်တယ်။”

နားကြပ်ကတဆင့်ကြားနေရတဲ့အသံက ဝေးသွားလိုက် နီးသွားလိုက်၊ ဗီဒီယိုကင်မရာကနေ မြင်ရတဲ့ ကိုကို့ မျက်နှာကို ကြည့်နေရင်းနဲ့ အမြင်အာရုံထဲမှာ ဖျောက်မရသေးသော ငရဲပြည်မြင်ကွင်းက ပေါ်လာပြန်သည်။ သံရည်ပူအိုးထဲမှာ ရုတ်တရက်ပေါ်လာတဲ့ ခေါင်းက ကိုကို့ မျက်နှာလိုလို။ အို မဖြစ်စေရဘူး မဖြစ်ရဘူး မျက်စိစုံမှိတ်ပြီး ခေါင်းကို ယမ်းမိတော့သည်။

“ဘာတွေ ခေါင်းယမ်းနေတာလဲ ဖြူလေးရယ်။ မဖြစ်သင့်မှန်း ကိုကိုလည်း သိပါတယ်။ ဒါပေမယ့် ကိုကို ဖြူလေးကို တကယ်ချစ်သွားခဲ့တယ်။ ကိုကိုလည်း အမှန်အတိုင်းဖွင့်ပြောဖို့ ကြိုးစားလိုက်တိုင်း ဖြူလေးကို ဆုံးရှုံးရမှာကို တွေးပြီး မပြောနိုင်ခဲ့ဘူး။ ကိုကို့ ကို ခွင့်လွှတ်ပါကွာ။”
“ငိုနေတာလား ဖြူလေး။ မငိုပါနဲ့ကွာ။ ကိုကိုတို့ လက်ထပ်ပြီးရင် ဖြူလေးလည်း ကိုကို့နောက်လိုက်လာမှာပဲ။ ကျန်တဲ့ကိစ္စတွေ အားလုံး ကိုကိုရှင်းမှာပါ။”

အလို မိဖြူ ငိုနေသတဲ့လား။ ငိုစရာလိုလို့လား။ တကယ်ငိုရမယ့်သူက ဘာမှအပြစ်မရှိဘဲ ကွာရှင်းခွင့် အတောင်းခံရတဲ့ အမျိုးသမီးမဟုတ်လား။ တကယ်နာကျင်ရမယ့်သူက တစ်မြေခြားမှာနေတဲ့ခင်ပွန်းသည်ကို ယုံကြည်စွာနဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေတဲ့သူမဟုတ်လား။ ဘယ်လောက်တောင် ငိုကြွေးနေလိမ့်မလဲ။ မမြင်ဖူးသေးတဲ့ အမျိုးသမီးတစ်ဦးရဲ့ နာကျင်မှုကို စာနာခံစားမိတာဟာ မိန်းမသားချင်းဆိုတဲ့ အသိစိတ်ကြောင့်ထင့်။
မော်နီတာကို ကြည့်ရင်းနဲ့ တဖြည်းဖြည်း စိတ်ပျက်လာသည်။ တတွတ်တွတ်ရွတ်နေသည့် နှုတ်ခမ်းလွှာက ချိုသာသောစကားတွေကိုလည်း မသာယာနိုင်တော့။ ဒု သ န သော ဟူသည့် ဆီပူအိုးထဲက အသံများသာ နားထဲ ရောက်ရောက်လာသည်။ အကြားအာရုံနဲ့ အမြင်အာရုံက လက်မခံချင်တော့သည်ကို သတိပြုမိသည်နှင့် တပြိုင်နက် ဗီဒီယိုချက်တင်ကို ပိတ်မိပြီး ဖြစ်နေသည်။
ခွင့်ပြုပါကိုကို။ မိဖြူ ဆက်ပြောဖို့ အင်အားမရှိတော့ပါဘူး။ ကိုကို ညာမယ်လို့ နည်းနည်းလေးမှ မတွေးမိခဲ့လို့ စကားလုံးတိုင်းကို ယုံကြည်၊ ဘဝတစ်ခုလုံးပုံအပ်ဖို့ ဆုံးဖြတ်ခဲ့မိတယ်။ ကိုကိုသာ မိဖြူဘဝ၊ ကိုကိုသာ မိဖြူရဲ့ အရင်းနှီးဆုံးသူစိမ်း၊ ကိုကို့နှလုံးသားရဲ့ အနီးကပ်ဆုံးနေရာမှာ မိဖြူရှိနေတယ်လို တွေးခဲ့မိပါတယ်။ ကိုကို့မှာ အိမ်ထောင်ရှိမှန်းသိလိုက်ရတဲ့အချိန်မှာတော့ မိဖြူကို ဟိုးအဝေးကြီးကို ဆွဲလွှင့်ပစ်လိုက်သလိုပါပဲ။
မိဖြူ ကိုကို့ကို သိပ်ချစ်ခဲ့သလို သိပ်လည်း လေးစားခဲ့ပါတယ်။ အထင်ကြီး လေးစားမှုကို အခြေခံတဲ့ အချစ်မို့ ထင်ပါရဲ့။ လေးစားမှုတွေ ပျောက်ကွယ်သွားချိန်မှာတော့ ကိုကို့ကို ချစ်ခဲ့မိတဲ့အချစ်တွေဟာ တစ်စစီပေါက်ကွဲလွင့်စင်သွားပါပြီ။ ဘယ်လိုမှ ပြန်ပြီး တည်ဆောက်ဖို့ မဖြစ်နိုင်တော့တာမို့ အဆုံးသတ်လိုက်ကြတာ အကောင်းဆုံးပဲ မဟုတ်လား။ ကိုယ်လျှောက်နေတဲ့လမ်းဟာ မှားနေမှန်း မသိလို့ လျှောက်ခဲ့ပေမယ့် မှားနေတယ်ဆိုတာ သိသိချင်းမှာ ချက်ခြင်းပြန်လှည့်မှ လမ်းမှန်ကို ရောက်နိုင်မှာလေ။ အဝေးကြီးမရောက်ခင်မှာ သိခွင့်ရတာကိုပဲ ကံကြမ္မာကို ကျေးဇူးတင်မိပါရဲ့။

************************
“သရက်စုဆင်းမယ့်အစ်မ .. ဘယ်နားမှာရပ်ပေးရမလဲ”
တွေးတောရင်း ငေးမောရင်းနဲ့ ကိုယ့်ရွာနားရောက်တာတောင် သတိမထားမိ။ စပယ်ယာ ကောင်လေး မေးတာကို “အရိပ်စစ်လက်ဖက်ရည်ဆိုင်မှာ ဆင်းမယ် မောင်လေး” လို့ ဖြေရင်း အပြင်ကို ကြည့်တော့ နေက ခြစ်ခြစ်တောက်ပူတုန်းမို့ အချိန်စောသေးတာ သတိပြုမိသည်။ မပြန်ဖြစ်တဲ့ တစ်နှစ်အတွင်းမှာ ကားလမ်းတွေကောင်းလာတာကြောင့် ကားစီးချိန်က ကိုယ်ထင်တာထက် ပိုမြန်နေသည်ပဲ။ ဒီတိုင်းဆို လာကြိုမယ့်သူတောင် ရောက်ဦးမယ်မထင်။ နာရီကြည့်ဖို့ ဖုန်းမျက်နှာပြင်ကို အသာပွတ်အဆွဲ၊ ရိုးရိုးကင်မရာနဲ့ ရိုက်ထားတဲ့ ကိုယ့်ပုံကို ကိုယ်ပြန်မြင်ရချိန်မှာ ပဉ္စလက်ကင်မရာ မသုံးဖြစ်တော့တာကို သတိရပြီး တစ်ချက်ပြုံးမိသည်။
အထူးပြုလုပ်ချက်တွေပါတဲ့ ကင်မရာဆော့ဖ်ဝဲကိုသုံး၊ မျက်နှာက အပြစ်အနာအဆာတွေကို ဖျောက်ပြီး ဓာတ်ပုံလှလှလေးတွေနဲ့ ပြုစားတတ်တဲ့ ကဝေမလေးတစ်ယောက်ဟာ မိန်းမနဲ့ကလေးကိုတောင် ဖျောက်ပြနိုင်ခဲ့တဲ့ မှော်ဆရာတစ်ယောက်နဲ့ ရေစက်ဆုံပြီးတဲ့နောက်မှာတော့ လှည့်စားခြင်းအတတ်ပညာတွေကို သုံးချင်စိတ် မရှိတော့ပြီပဲလေ။
ဘာပဲဖြစ်ဖြစ် အိမ်ကို ပြန်ရောက်တဲ့အခါ အမေ့ ခါးကိုဖက်ပြီး “လှည့်ကွက်များတဲ့ ဖေ့စ်ဘွတ်ခ်ကြီးကို သမီး သိပ်မုန်းတာပဲ မေမေ” လို့ ဖေ့စ်ဘွတ်ခ်စတိုင်နဲ့ ပြောရပေဦးမည်။ လူကိုယ်တိုင်ပြောမှာဆိုတော့ ခံစားချက်ကို စာနဲ့ရေးပြစရာ မလိုတော့ဘူးထင်ပါရဲ့။
ကားလမ်းဘေးရိုးပြတ်တောတွေ အဆုံးမှာ လှမ်းမြင်နေရပြီဖြစ်တဲ့ ရွာလေးက စိမ်းညို့ညို့။
အမေ ကိုယ့်ကို မျှော်နေရော့မယ်။

သံစဉ်ဖြူဖြူ