Tuesday, August 26, 2014

မှိုင်းဝခဲ့လေသော ..

♦♦  ကျောင်းသား
     ကျောင်းသား
     ဒီစကားလုံးက ကိုယ်နဲ့ လားလားမှ မဆိုင်သလို ။

♦♦  အဖြူအစိမ်းလေးဝတ်
    ကျောင်းကိုတော့ ချစ်ခဲ့ဖူးပါရဲ့
    အဖြူ အစိမ်း ပေါ် အဖြူအစိမ်းထပ်ဝတ်
    ဘာမှန်းမသိတာတွေလည်း ဖြစ်ခဲ့ဖူးပါရဲ့ .. ။

♦♦ ကျောင်းကို အချိန်မှန်သွားရမယ်
    ကျောင်းကနေ အချိန်မှန်ပြန်လာရမယ်
    အချိန်ပိုခေါ်ရင် တက်ရမယ်
    အချိန်ပိုကြေး ပေးရမယ်
    အတန်းပိုင်ဆရာဆီ ကျူရှင်တက်ရမယ်

♦♦  ရေဒီယိုဆိုတာ မြဝတီကလာတဲ့ သီချင်းတွေ နားထောင်ဖို့
     တယ်လီဗေးရှင်းဆိုတာ တရုတ်သိုင်းလောကကြီးအကြောင်းသိဖို့
     ဒါမှမဟုတ် ...  ဟိုလူကြီးတွေ ခရီးထွက်တဲ့အကြောင်းတွေ အောင့်အည်းစောင့်ကြည့်ရတဲ့အရာ၊
     BBC, VOA ဆိုတာတွေဟာ
     မိုးလုံးပြည့် မုသာဝါဒတွေ ထုတ်လွှင့်တဲ့အရာလို့ မှတ်ယူခဲ့ ။

♦♦  ထူးချွန်ကျောင်းသားအဖြစ်နဲ့ ဥာဏ်စမ်းပဟေဠိဖြေဖို့
     တို့တာဝန် အရေး (၃) ပါးကို အာဂုံဆောင်
     သမိုင်းထဲက ကျောင်းသားအရေးတွေ ရှောင်ခဲ့တယ်
     ဦးတည်ချက် (၁၂) ရပ် အလွတ်ကျက်
     ကျောင်းသားသွေးဆက် ပြတ်ခဲ့တယ်။

♦♦  တက္ကသိုလ်ကျောင်းသားဘဝ ဆိုတာ 
      ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ ပျော်စရာ
      လက်တွေ့ဘဝထဲမှာတော့
      စနေ တနင်္ဂနွေသာ ကျောင်းတက်ခဲ့ရ .. ။

      ကိုယ်တို့အဖွဲ့တွေဟာ
      ဖွင့်ထားတဲ့ ကောလိပ်ပေါင်းစုံမှာ တန်းစီတိုးဝှေ့
      (လယ်ကွင်းထဲမှာပေါ့လေ ... )
      ဖြန့်ကြဲခံလိုက်ရတဲ့ ဇီးဖြူသီးတွေ အဖြစ်နဲ့
      ကျောင်းသားဘဝအစစ်တွေ မေ့ပစ်ခဲ့ရတယ် ။

♦♦   ကျောင်းသားဟာ နိုင်ငံရေးစိတ်မဝင်စားသင့်ဘူး
      ကျောင်းသားဟာ ကွန်ယက်မဖွဲ့ရဘူး
      ကျောင်းသားဟာ မိတ်ဆုံစားပွဲ မလုပ်ရဘူး
      ကျောင်းသားဟာ ... ။
      ကျောင်းသားဟာ ... ။

♦♦  မှိုင်းတွေမှန်းမသိတော့
     အရောင်ရင့်ရင့်တွေ ပေကျံလာလည်း
     ကိုယ့်ဘဝတွေကို မှန်တယ် ထင်ခဲ့
     မပြောရဲတာကို မပြောသင့်တာ ထင်ခဲ့
     အကြောက်တရားကို စည်းကမ်းရိုသေမှုလို့ ထင်ခဲ့ .. ။

♦♦  ဒီလိုနဲ့ပဲ
     ၈၀ အလွန် နှစ်ဘူတာမှာ လူဖြစ်လာခဲ့သူတစ်ယောက်ဟာ
     ခုလိုရာသီရောက်တော့
     မှိုင်းကလေး မပြယ့်တပြယ်မှာ 
     ကိုယ့်ကိုယ်ကို ကျောင်းသားလို့ ပြောရမှာ ရှက်ရွံ့နေခဲ့ပါတယ် ။
 
 
သံစဉ်ဖြူဖြူ
(၉.၇.၂၀၁၄)
 
(ရဲရဲတောက် ကျောင်းသားတွေ အကြောင်း ဖတ်ရတဲ့အချိန်မှာ
ဒီလိုအတွေးတွေ ပေါ်လာပါတယ်)