Thursday, November 6, 2014

ဖွ ရှုပ်

ဖေ နဲ့ မေ ခံတွင်းပျက်လို့
ဟင်းချက်မယ် စိတ်ကူးနဲ့
မီးဖိုချောင် ဝင် ။

 ဟင်းနှစ်မယ် ချက်အပြီးမှာ
မီးဖိုချောင် အသွင်ပြောင်းတယ်
အမှိုက်ပုံထင် ။


သိပ်ဖွတယ် အမေဆူတော့
မဖွပေါင် မေ့သမီးက
ဟင်းချက်ရုံတင် .. ။

သံစဉ်ဖြူဖြူ
23.7.2014

(ဆင်ခြင်ခြင်း။ ။တစ်ခါတလေမှာ ကိုယ်က ဖွချင်တဲ့ စိတ်ကူးမရှိပေမယ့်
ကိုယ့်ကြောင့် ပွသွားတတ်တဲ့အခါလည်း ရှိတတ်ပါတယ်)

ကြိုးများနှင့် နေထိုင်ခြင်း ..





 အခန်းကျဉ်းထဲက ကုတင်လေးပေါ်မှာ
မိုးမချုပ်ခင်ကတည်းက ကြိုးတွေရှုပ်လို့ .. ။
ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ
အားသွင်းရတဲ့ပစ္စည်းတွေများလာတယ်
ဒီလိုနဲ့ ..
ပတ်ဝန်းကျင်မှာ ကြိုးတွေ တဖြည်းဖြည်း ပွားလာခဲ့တယ်။

 ဒီနေရာလား ..
ဟုတ်ပါတယ် .. အိပ်ယာပါ ..
ဖျာလေးခင်းပြီး ဒီမှာပဲ အိပ်ပါတယ်။
ဟုတ်ပါတယ် .. စာကြည့်ခန်းပါ ..
စာရေးစာဖတ် ဒီမှာပဲ လုပ်ပါတယ်။
ဟုတ်ပါတယ် .. ထမင်းစားခန်းပါ ..
စားပွဲလေးခင်း ဒီမှာပဲ စားပါတယ်။
ဟုတ်ပါတယ် .. မီးဖိုချောင်ပါ ..
ထမင်းနဲ့ဟင်း ဒီမှာပဲ ချက်ပါတယ်။
ဟုတ်ပါတယ် .. မှန်တင်ခုံပါ ..
သနပ်ခါးသွေးပြီး ဒီမှာပဲ လိမ်းပါတယ်။

ဒီနေရာမှာ
မြင်နိုင်တဲ့ ကြိုးတွေ ရှိတယ်
မမြင်နိုင်တဲ့ကြိုးတွေလည်း ရှိတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ များလာတာနဲ့အမျှ
မြင်ရတဲ့ ကြိုးတွေ ပွားလာသလိုမျိုး ..
လောဘ ဒေါသ တပ်မက်သမျှ ဆန္ဒတွေများလာတာနဲ့ အမျှ
မမြင်ရတဲ့ သမုဒယကြိုးမျှင်တွေက တစ်စပြီး တစ်စ
အတိုင်းအဆမသိ ပွားလာခဲ့တယ်။
ဒီလိုနဲ့ ..
အခန်းကျဉ်းထဲက ကုတင်လေးပေါ်မှာ
မိုးမချုပ်ခင်ကတည်းက ကြိုးတွေရှုပ်နေခဲ့တာ
မိုးလင်းတဲ့အထိ ကြိုးရှင်းနေရဆဲပါပဲ .. ။


သံစဉ်ဖြူဖြူ
 ၁၃.၉.၂၀၁၄
ညနေ ၄း၄၄ မိနစ်

ငယ် ဖတ်ဖို့ (၁)

►► ပေါင်ပေါ်မကျသေးတဲ့ မီးမို့
မဆိုင်သလို နေတယ်လို့ မပြောလိုက်ပါနဲ့ ငယ် ..
ကိုယ့်ဘက်မှာ ရေအသင့်ရှိနေရင်
ဒီမီးတောက်ကြောင့် ကိုယ်တို့ ပြာမကျနိုင်ဘူး .. ။
အဲဒီ ခပ်လှမ်းလှမ်းက မီးထက်
ငယ့် သန္တာန်မှာ လောင်နေတဲ့မီးကို ကိုယ် ပိုစိုးရိမ်မိတာ ..
မီး ဆိုတာ ရေ နဲ့ ငြှိမ်းရတယ် ငယ် .. ။


►► အမှိုက်ပုံဟာ ဖွစရာမှ မဟုတ်တာပဲ ငယ် ..
မစင်တွင်းဟာလည်း ရွံစရာကောင်းတယ် မဟုတ်လား
ခပ်ဝေးဝေး နေကြရအောင်လား ငယ် .. ။

► မီးစာတွေ ထပ်မထည့်ပါနဲ့ .
ကိုယ်တို့ အေးအေးလူလူ နေရအောင်
ဆူပွက်လွန်းရင် လျှံကျပါလိမ့်မယ် ..
ငြိမ်ငြိမ်ကလေးနေကြည့်ကြစို့လား
အနည်ထိုင်သွားရင် ကြည်လင်လာမှာပါ ငယ် ... ။

►► လာပါ ငယ် ရယ်
အမုန်းတရားတွေ သိမ်းလို့
ကိုယ်တို့ အပြုံးလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေကြရအောင် .. ။

သံစဉ်ဖြူဖြူ
(၂၁.၁၀.၂၀၁၄)

ရပ်ကွက်ထဲမှာဗျာ .. (၁)


အလှူခံမဏ္ဍပ် ►► ကွယ်လွန်သူ မိခင်ကြီးအား ရည်စူး၍
ဦးခေမာစာရ နဲ့ မထွေး က
အလှူတော်ငွေ ၅၀၀၀ ကျပ်တိတိကို လှူဒါန်းပါတယ် ...

ယခု ပြုရ ကုသလကြောင့် @#!#$@!##$!@*&$!!~3@# ....

(အနော့် အတွေး - "အမ်ဟမ် .. ဦးခေမာစာရ နဲ့ မထွေးက ဘာပတ်သက်တာတုန်းဟ .." )

အလှူခံမဏ္ဍပ် ►► ဘာ .. မထွေး မဟုတ်ဘူး။ မကွေးက ကိုယ်တော် ..ဟုတ်လား
ဆောရီးပါဗျာ .. မထွေး မဟုတ်ပါဘူးတဲ့ .. မကွေးပါ .. ခင်ဗျာ။
မကွေးကနေ စာသင်တိုက်ကို ရောက်ရှိသီတင်းသုံးနေတဲ့ ဦးခေမာစာရက
ကွယ်လွန်သူ မိခင်ကြီးကို ရည်စူးပြီး အလှူတော်ငွေ ၅၀၀၀ ကျပ်တိတိကို လှူဒါန်းပါတယ်ဗျာ။
သာဓု သာဓု သာဓု ။


၈.၁၀.၂၀၁၄
သီတင်းကျွတ်လပြည့်နေ့ ည

သီတင်းကျွတ်ည

♦♦ ဝင်းဝါနေတဲ့ လရောင်ဆမ်းတော့
    မြို့ကလေးဟာ လန်းလို့ ~~
    အဝေးရောက် မြို့သားတွေကတော့
    မြို့ကလေးကို လွမ်း လို့ ~~

    မြို့ကလေးကို လာခဲ့
    မြို့ဝင်လမ်းရဲ့ အဆုံးမှာ
    စည်ကားတဲ့ ဘုရားပွဲ ရှိတယ် .. ။

♦♦ ကြက်ပျံရင်တောင် မကျဘူးဆိုလား
    ထက်သန်တဲ့ သဒ္ဓါတရားနဲ့
    ကျင်းပကြတာတော့ အမှန် .. ။

    ရွှေမန်းသဘင် မရှိပါဘူး
    ဖိုးချစ်လည်း မကပါဘူး
    ဖိုက်စတား ဟားငါးကောင်
    လူပြောင်တွေလည်း မလာပါဘူး
    နာမည်ရ ဖျော်ဖြေပွဲတွေ မရှိပေမယ့်
    အစဉ်အလာကြီးမားခဲ့တဲ့
    မြို့ကလေးရဲ့ ဘုရားပွဲကတော့
    ကိုယ့်လူနဲ့ ကိုယ် စည်ကားနေဆဲ .. ။

♦♦ နေမဝင်ခင်ကတည်းက မီးလက်
    (မီး ပျက် ခဲ့ ရင် တောင် .. :P )
    အိမ်တိုင်းရဲ့ ပတ်ပတ်လည်မှာ
    ရောင်စုံ မီးတွေ တဖျတ်ဖျတ်နဲ့
    လင်းလက်နေလိုက်ပုံများ
    Las Vegas နဲ့တောင် မှားလို့ ။

♦♦ ဖယောင်းတိုင်တွေ ရောင်းကောင်းတယ်
    မုန့်ဆိုင်တွေ ရောင်းကောင်းတယ်
    ကလေးတွေလက်ထဲ ခြင်္သေ့တွေ ပလူပျံလို့
    ကန်တော့ပစ္စည်း
    ကန်တော့ခံ
    ကန်တော့မယ့်သူ သုံးဖက်စုံတဲ့ပွဲမှာ
    အပြုံးတွေ တဖွဲဖွဲ
    ကျက်သရေလည်း တသည်းသည်း .. ။

♦♦ ခြားစီးမလား
    ရဟတ်စီးမလား
    တစ်ပတ်ပြီး တစ်ပတ်တိုးလို့
    အမြင့်ဆုံးကို ရောက်တဲ့အချိန်မှာ
    ပတ်ဝန်းကျင်ကို စီးမိုးကြည့်မယ် .. ။

♦♦ ကလေးတွေလည်း ပျော်လို့
    ယမ်းနံ့တွေလည်း ညှော်လို့
    ဆက်သွားစို့ ..
    ရှေ့နားမှာ အကြော်စုံ ဆိုင် ရှိတယ် ။

♦♦ ဈေးသည်တွေက ခေါ်
    ဆိုင်ခန်းတွေကို ကျော်ရင်း
    ဖူးမြော်ရမယ့် ဘုရားဆီ ရောက်တော့မယ် .. ။

♦♦ သက်တော်ထင်ရှား ဘုရားရှင် ကို ရည်မှတ်
     လက်နှစ်ဖြာ ရင်မှာ ယှက်တော့
     စောင်းတန်းသုံးသွယ်ဟာ ပိုပြီး လင်းလက်လာတယ်။
     ကုသိုလ်တော် ထူးသမို့
     အတုမရှိဂုဏ်တော်တွေ ရည်စူးတော့
     ပီတိနဲ့ ရင်မှာ ကြည်နူး
     (ကဲ .. လိပ်ဥတူးမယ့်သူတွေ ဆက်သွား)
     ကိုယ်တို့တော့ ဒီမှာ နားလို့
     ဘုရား တူတူ ဖူးစို့ကွယ် .. ။

(သံစဉ်ဖြူဖြူ)
၆.၁၀.၁၄
(တနင်္လာနေ့)

အခိုက်အတန့်

►► ပိန်း ရွက် ပေါ် ရေ တက် တာ များ
အ ဖက် လုပ် စ ရာ လား ငယ် ..
အ နာ အ ဆာ မ ရှိ တဲ့ မျက် နှာ ပြင် မို့
သူ ခို စ ရာ နေ စ ရာ မ ရှိ လို့
မ ကြာ ခင် မှာ လိမ့် ဆင်း သွား ပါ လိမ့် မယ် .. ။


 ►► အ တင်း အ ဖျင်း ဆို စ ကား
ခံ စား နေ ရ သ လား ငယ် ..
ကိုယ့် တရား ကိုယ် ထုံ လို့
ကိုယ့် စည်း ကိုယ် လုံ ခဲ့ တာ မို့
အ ထင် ညို သူတွေ နှုတ်ညောင်း
တစ် ချိန် မှာ အ မြင် တွေ ပြောင်း သွား ပါ လိမ့် မယ် ..

(သံစဉ်ဖြူဖြူ )
၆.၁၁.၂၀၁၄
တန်ဆောင်မုန်းလပြည့် (မိုးတစိမ့်စိမ့်ရွာ၍ ပိန်းရွက်များ ရေစိုသောနေ့)





အိမ်ဦးနတ် .. သို့ (၁)

"သန့်သန့်ပြန့်ပြန့် နေစမ်းပါကွာ" .. တဲ့
►►► ရှင် .. သိလား
ဂေါ်ပြားတစ်ခုထဲမှာ ဖုန်မှုန့်တွေ စုမိဖို့
ကျွန်မ နဖူးထက်က ချွေးစက်
ရေသန့်ဗူး တစ်ဝက်စာ ထွက်တယ် .. ဆိုတာကိုလေ .. ။
"ဇက်ကြောတက်ပြန်ပြီလား" .. တဲ့

 ►►► ရှင် .. သိလား
မွှေးသန့်နေတဲ့ ရှပ်ရောင်စုံ
ရှင် အပြင်ထွက်တိုင်း အသင့်ဝတ်နိုင်ဖို့
လျှော် ဖွတ် မီးပူ တိုက်ခဲ့ရတာကိုလေ .. ။
"မျက်ကွင်းတွေ ညိုနေတယ်" .. တဲ့

►►► ရှင် .. သိလား
မီးအားကောင်းတဲ့ အချိန်ကို မှတ်
အိပ်ရာထဲက ထွက်လို့ .. ရေ ပြည့်အောင် စောင့်တင်ရင်း
အိပ်ရေး ပျက်ခဲ့တဲ့ မနက်တွေ ကိုလေ .. ။
"လက်တွေ ကြမ်းလာတယ်" .. တဲ့

►►► ရှင် .. သိလား
မနက်ခင်းတိုင်း သင်းပျံ့နေတဲ့ စပယ်ရနံ့တွေ ရဖို့
ပျိုးထားတဲ့ အပင်တွေမှာ ပန်းရောင်စုံ ပွင့်ဖို့
ခြံထဲက မြက်တွေပေါက်
ရေလောင်းပေါင်းသင် လုပ်ခဲ့ရတာကိုလေ .. ။

►►► ရှင် .. သိလား
►►► ရှင် .. သိရဲ့လား ..
ကျွန်မ လက်တွေ ကြမ်းပါစေ
ကျွန်မ ဇက်တွေ ညောင်းပါစေ
ကျွန်မ မျက်ကွင်း ညိုပါစေ
ကျွန်မ ချွေးတွေ ထွက်ပါစေ
ပင်ပန်းမှာကို မကြောက်ဘဲ
ရှင် အိမ်ပြန်ချိန် နောက်ကျမှာကိုသာ ကြောက်တဲ့ မိန်းမတစ်ယောက်ရှိတယ်ဆိုတာကိုလေ .. ။

သံစဉ်ဖြူဖြူ
(၆.၁၁.၂၀၁၄)
တန်ဆောင်မုန်းလပြည့်နေ့

Sunday, September 28, 2014

မီးမီးတံဂျင် အတင်းပြောမယ် (၅)

မီးမီးတံဂျင်ရဲ့ အမျိုးတွေရဲ့ အလွဲလေးတွေ အကြောင်း အတင်းမပြောရတာကြာပြီ။
ဒီနေ့တော့ ပြောဖို့အကြောင်းလေးက ပေါ်လာပြန်ပေါ့။
အမျိုးအရင်းကြီးဆိုတော့ ပြောရမှာလည်း အားနာပါတယ်လေ။
အားနာနာနဲ့ပဲ ပြောရရင်တော့ ဒီလို။
ဒီတစ်ခါ အလှည့်ကျတဲ့သူက မီးမီးရဲ့ တစ်ဦးတည်းသော ညီမလေး။
သူ က ကွန်ပျူတာ/မိတ္တူဆိုင်လေး ဖွင့်ထားတယ်။
ဗီနိုင်းဒီဇိုင်းတွေ ဘာတွေလည်း နည်းနည်းပါးပါး ဆွဲတယ်ပေါ့။
ဒီနေ့ သူ့ဆိုင်ရောက်သွားတော့ သူက ဆိုင်တစ်ခုရဲ့ ကြော်ငြာကို ဒီဇိုင်းလုပ်နေတယ်။
ငါလုပ်ထားတာ ဘယ်လိုနေလဲ နည်းနည်းကြည့်ပေးဦး တဲ့။
လူကတော့ ကွန်ပျူတာရှေ့က မထဘူး။
ဒါနဲ့ပဲ သူ့ရဲ့ ညာဘက်ဘေးက ခုံမှာ ဝင်ထိုင်ပြီး မောက်စ်ကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်းနဲ့ သူ့ဒီဇိုင်းကို နှမ်းဖြူးဖို့ လုပ်တယ်။
Photoshop ကို သုံးထားတာမို့ မြင်ကွင်းကို ချဲ့ကြည့်ချင်တာနဲ့
ကီးဘုတ်က Z ခလုပ်ကို နှိပ်ဖို့ ရည်ရွယ်ချက်နဲ့ လက်လှမ်းတော့
အဲဒီခလုပ်က ဘယ်ဘက်နားမှာရှိတာမို့ မမီဘူးဖြစ်နေတယ်။
ဒါနဲ့ပဲ သူ့ကို ခိုင်းတယ်။ ငါ့ကို Z နှိပ်ပေးစမ်းပါ လို့။
မကြားတာလား။ မကြားချင်ယောင် ဆောင်တာလားတော့ မသိဘူး။ လက်က မလှုပ်ဘူး။
ဖုန်း မက်ဆေ့ပို့နေသလိုလို ဘာလိုလိုနဲ့ ဖုန်းကို ပွတ်နေတယ်။
ဒါနဲ့ စိတ်တိုလာပြီး ဟဲ့ Z နှိပ်ပေးပါ ဆိုနေမှ လို့ ထပ်ပြောရပြန်တယ်။
အဲဒီတော့မှ အေးပါ အေးပါ ဆိုပြီး ကိုယ့်ဘက်ကို လှည့်ပြီး မီးမီးတံဂျင်ရဲ့ ပုခုံးကို လက်နှစ်ဖက်နဲ့ ဟိုနှိပ် ဒီနှိပ် လုပ်တယ်။
ရုတ်တရက် ကြောင်သွားပြီး နောက်မှ တဟားဟားနဲ့ ရယ်ခဲ့ရတာပေါ့လေ။

(ကိုယ်နှိပ်ခိုင်းတာက ကီးဘုတ်က Z ခလုပ်ကို။ သူ က ဇက်ကြောနှိပ်ခိုင်းတယ် ထင်နေတာ တဲ့။
အာ့ကြောင့် ပြောတာ။ မီးမီးတံဂျင်ရဲ့ အမျိုးတွေက အလွဲလေးတွေ သိပ်လုပ်တာ လို့)

သံစဉ်ဖြူဖြူ
၂၈.၉.၂၀၁၄

Monday, September 22, 2014

ချစ်သူချော့တေး (၁)

ခေး ငိုရင်
ကိုယ့် ရင်တွေ ပြိုလို့
မျက်ဝန်းညိုရဲ့ မှိုင်းညို့မှုမှာ
ရာသီခွင်ဟာ မသာယာနိုင်တော့
...................
တိတ်ပါတော့ ခေးရယ် .. ။

ခေး ပါးပြင်ထက်က
မျက်ရည်တစ်စက်ဟာ
ကိုယ့် အတွက် မီးထက် ပူစေခဲ့
ရင်တစ်ခုလုံး ဘလောင်ဆူလို့
...................
တိတ်ပါတော့ ခေးရယ် .. ။


ခေး ရဲ့ ရှိုက်သံတစ်ချက်မှာ
ကိုယ့် ထွက်သက်ဟာ
ရပ်တန့်တော့မလို
စိုးထိတ် ကြောက်လန့်လို့
...................
တိတ်ပါတော့ ခေးရယ် .. ။

သံစဉ်ဖြူဖြူ
၂၂.၉.၂၀၁၄

ကြယ်ကြွေည

ခြွေ .. ခြွေရက်လို့
 

ကြွေ .. ကြွေသက်လည်း

(ကျန်ခဲ့သူတွေအတွက်တော့)
 

ဖြေ .. မပြေတတ်ဘူးကွယ် ~~

(၂၀၁၃ သြဂုတ် ၁၄ ရက် ညသန်းခေါင်ယံအချိန်မှာ 
ကြွေလွင့်ခဲ့သော
အနှစ်သက်ဆုံး စာရေးဆရာသို့ .. )

ပန်းစံပယ်ငုံ

ညနေခါ ခူးပါတဲ့
ဖူးရွယ်စ စံပယ်ငုံ
ညဝတ်လွှာ ခြုံလေတော့
သင်းရနံ့ထုံ .... ။


ကြွေနွမ်းရင် ရနံ့ကင်းပေမယ့် 
ဝေလန်းစဉ် ပျံ့ပျံ့သင်းတယ်
မွှေးသန့်ဝင်းမှုန် .... ။

စုံမြိုင်နေ တော်ဝင်သူတို့
ပြိုင်လာရင် တကယ်ရှုံးပေလိမ့်မယ်
ပန်းတကာ့အလယ် ရနံ့ထူးပါလို့

ကြည်နူးကာ စိတ်ရွှင်လန်းစေတဲ့
ပန်းစံပယ်ငုံ ..... ။ ။

သံစဉ်ဖြူဖြူ
၁၉.၃.၂၀၁၄

ပိတောက်

.. ဆင်ခွင့်မရရင်နေပါစေ
.. မြင်ခွင့်တော့ ရချင်မိ ..
.. ပိတောက်ရယ်
.. နင် .. ဂုဏ်မောက်လွန်းတယ် ...


၁၆.၄.၂၀၁၄
 

မှတ်ကျောက်

ရွှေ စစ်၊ မစစ် သိခွင့်ရဖို့
မှတ် ကျောက် နဲ့ တိုက်တော့
မှတ် ကျောက် မှာ ရွှေ အချို့ ပွန်းပြီး ကျန်ရစ် ..

ခင်မင်မှု စစ်မစစ် သိခွင့်ရဖို့

နှလုံးသားနဲ့ တိုက်တော့
နှလုံးသားသာ ပဲ့ ရွဲ့ ကျန်ရစ် ...

သံစဉ်ဖြူဖြူ
၆.၆.၂၀၁၄
 

လွမ်းချင်း

မြစ်ပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ
လေနုအေးလေး ကို ရတဲ့အချိန်မှာ
အေးမြမှုနဲ့ အတူ
ဟိုး .. ငယ်ရွယ်စဉ် အတိတ်ဆီက

ကျောင်းသွား ကျောင်းပြန် လုပ်ခဲ့ရတဲ့
ရန်ကုန်-ပုသိမ် သင်္ဘောခေါင်မိုးပေါ်က ကျောင်းသူဘဝကို
ပြန်ပြီး လွမ်းဆွတ်မိပါတော့တယ် ...

သင်္ဘောပေါ်မှာ မှောင်မည်းနေပေမယ့်
ကိုယ်စီ ရည်မှန်းချက်တွေက တောက်တောက်ပပ ..
နွေ ဘယ်လောက်ပူပါစေ

မြစ်ပြင်လေ က အေးအေးမြမြ ..

ခုတော့လည်း အားလုံး တစ်နေရာစီ ..

မြောင်းမြသူလေးက ဟိုးး မုံရွာမှာ ..
ဒေးဒရဲသားလေးက ဟိုးး စင်္ကာပူမှာ ..
ပန်းတနော်သူလေးကတော့ သူ့နေရာမှာပဲ ကျောက်ချနေပေမယ့်
ဘိုကလေးသူလေးကတော့ သတင်းအစအနမရဘဲ ခြေရာပျောက်လို့ ..

ဘာပဲဖြစ်ဖြစ်ပေါ့လေ ..
ခုလို လေနုအေးလေး ရတဲ့အချိန်မှာတော့
ရန်ကုန်မြို့ရဲ့ အထပ်မြင့်တိုက်ခန်းလေးတစ်ခုပေါ်မှာ ခေတ္တကွန်းခိုနေရင်း
ဝရံတာလေးမှာ ခြေစုံရပ်ရင်း
နင်တို့အားလုံးကို လွမ်းလွမ်းဆွတ်ဆွတ် သတိရနေပါတယ် ...

(၁၁.၈.၂၀၁၄)
ညနေ ၆း၃၀

မျက်နှာဖုံးစွပ်ကြသူများ

ပွဲ ဈေး က အပြန်
သူ ရဲ ကောင်း ဟန် ပန် နဲ့
ကလေး တွေ တပ်ကာ ပြုံးတယ် ...
အရုပ် မျက်နှာဖုံး ... ။

အင်တာနက် ပေါ် လာ ပြန်
သူ ရဲ ကောင်း ဟန် ပန် နဲ့
လူ ကြီး တွေ ဖွက် ကာ သုံး တယ် ...
ဖွ ရှုပ် အ ကောင့် ပုန်း ... ။ ။


သံစဉ်ဖြူဖြူ
၂၂.၈.၂၀၁၄

Tuesday, August 26, 2014

မှိုင်းဝခဲ့လေသော ..

♦♦  ကျောင်းသား
     ကျောင်းသား
     ဒီစကားလုံးက ကိုယ်နဲ့ လားလားမှ မဆိုင်သလို ။

♦♦  အဖြူအစိမ်းလေးဝတ်
    ကျောင်းကိုတော့ ချစ်ခဲ့ဖူးပါရဲ့
    အဖြူ အစိမ်း ပေါ် အဖြူအစိမ်းထပ်ဝတ်
    ဘာမှန်းမသိတာတွေလည်း ဖြစ်ခဲ့ဖူးပါရဲ့ .. ။

♦♦ ကျောင်းကို အချိန်မှန်သွားရမယ်
    ကျောင်းကနေ အချိန်မှန်ပြန်လာရမယ်
    အချိန်ပိုခေါ်ရင် တက်ရမယ်
    အချိန်ပိုကြေး ပေးရမယ်
    အတန်းပိုင်ဆရာဆီ ကျူရှင်တက်ရမယ်

♦♦  ရေဒီယိုဆိုတာ မြဝတီကလာတဲ့ သီချင်းတွေ နားထောင်ဖို့
     တယ်လီဗေးရှင်းဆိုတာ တရုတ်သိုင်းလောကကြီးအကြောင်းသိဖို့
     ဒါမှမဟုတ် ...  ဟိုလူကြီးတွေ ခရီးထွက်တဲ့အကြောင်းတွေ အောင့်အည်းစောင့်ကြည့်ရတဲ့အရာ၊
     BBC, VOA ဆိုတာတွေဟာ
     မိုးလုံးပြည့် မုသာဝါဒတွေ ထုတ်လွှင့်တဲ့အရာလို့ မှတ်ယူခဲ့ ။

♦♦  ထူးချွန်ကျောင်းသားအဖြစ်နဲ့ ဥာဏ်စမ်းပဟေဠိဖြေဖို့
     တို့တာဝန် အရေး (၃) ပါးကို အာဂုံဆောင်
     သမိုင်းထဲက ကျောင်းသားအရေးတွေ ရှောင်ခဲ့တယ်
     ဦးတည်ချက် (၁၂) ရပ် အလွတ်ကျက်
     ကျောင်းသားသွေးဆက် ပြတ်ခဲ့တယ်။

♦♦  တက္ကသိုလ်ကျောင်းသားဘဝ ဆိုတာ 
      ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ ပျော်စရာ
      လက်တွေ့ဘဝထဲမှာတော့
      စနေ တနင်္ဂနွေသာ ကျောင်းတက်ခဲ့ရ .. ။

      ကိုယ်တို့အဖွဲ့တွေဟာ
      ဖွင့်ထားတဲ့ ကောလိပ်ပေါင်းစုံမှာ တန်းစီတိုးဝှေ့
      (လယ်ကွင်းထဲမှာပေါ့လေ ... )
      ဖြန့်ကြဲခံလိုက်ရတဲ့ ဇီးဖြူသီးတွေ အဖြစ်နဲ့
      ကျောင်းသားဘဝအစစ်တွေ မေ့ပစ်ခဲ့ရတယ် ။

♦♦   ကျောင်းသားဟာ နိုင်ငံရေးစိတ်မဝင်စားသင့်ဘူး
      ကျောင်းသားဟာ ကွန်ယက်မဖွဲ့ရဘူး
      ကျောင်းသားဟာ မိတ်ဆုံစားပွဲ မလုပ်ရဘူး
      ကျောင်းသားဟာ ... ။
      ကျောင်းသားဟာ ... ။

♦♦  မှိုင်းတွေမှန်းမသိတော့
     အရောင်ရင့်ရင့်တွေ ပေကျံလာလည်း
     ကိုယ့်ဘဝတွေကို မှန်တယ် ထင်ခဲ့
     မပြောရဲတာကို မပြောသင့်တာ ထင်ခဲ့
     အကြောက်တရားကို စည်းကမ်းရိုသေမှုလို့ ထင်ခဲ့ .. ။

♦♦  ဒီလိုနဲ့ပဲ
     ၈၀ အလွန် နှစ်ဘူတာမှာ လူဖြစ်လာခဲ့သူတစ်ယောက်ဟာ
     ခုလိုရာသီရောက်တော့
     မှိုင်းကလေး မပြယ့်တပြယ်မှာ 
     ကိုယ့်ကိုယ်ကို ကျောင်းသားလို့ ပြောရမှာ ရှက်ရွံ့နေခဲ့ပါတယ် ။
 
 
သံစဉ်ဖြူဖြူ
(၉.၇.၂၀၁၄)
 
(ရဲရဲတောက် ကျောင်းသားတွေ အကြောင်း ဖတ်ရတဲ့အချိန်မှာ
ဒီလိုအတွေးတွေ ပေါ်လာပါတယ်)

Wednesday, July 9, 2014

ဆယ့်ခြောက်နှစ်မ

၁၆ နှစ်မ ပေမယ့်
အသက်လောက် ချစ်ပြတတ်ပါတယ် .. ဦးရယ်

ငယ်သေးတယ် ဆိုပြီး
အလွယ်ဘေးဖယ်လို့ မထားလိုက်ပါနဲ့ ..

ဦး ကို စတွေ့ကတည်းက
အရူး လို ကျွန်မ မမေ့နိုင်ခဲ့တာ ..

ရင်မှာ သနားခဲ့ရင်ဖြင့်
အကြင်နာ စကားလေး တစ်ပွင့် ဖွင့်ဟလှည့်ပါ ဦးရယ် ..

အချစ်များစွာဖြင့် ... <3 <3 <3

အူး ရဲ့ ကျွန်မ .. ဆယ့်ခြောက်နှစ်မ

လက်မြှောက်ထားတဲ့ လူ

လက်မြှောက်ထားတယ်
ကျုပ် .. လက်မြှောက်ထားပါတယ် .. ။

နေရာမယူတတ်တော့
ထိုင်ခုံက ကိုယ့်အတွက် ဖြစ်မလာခဲ့ .. ။

လမ်းဆုံးတဲ့အထိ
သူတို့ မဆင်းကြသေးရင်တော့
ကျုပ် .. လက်မြှောက်ထားရုံသာပေါ့ .. ။

အဲဒါကြောင့်ပြောတာ
အတွန်းအတိုက်မပိုင်
နေရာမဦးနိုင်ရင်
ဘတ်စ်ကားစီးရတာ ပင်ပန်းပါတယ် လို့ .. ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
ကျုပ်ကတော့
လဲကျမသွားရအောင်
တန်းတွေကို မြဲမြဲကိုင်ဖို့
လက်နှစ်ဖက်လုံးကို မြှောက်လို့ ။      ။

သံစဉ်ဖြူဖြူ
(၄.၇.၂၀၁၄)

Sunday, June 8, 2014

သင်းကွဲ

စွန့်ခွာခံရတာလား
ထွက်ခွာလို့ ချန်ခဲ့တာလား
တဖြည်းဖြည်း
အားလုံးနဲ့ ဝေး
ဝေး .. ဝေးလို့ ကွာသွားလေရဲ့ .. ။

စကားဝိုင်းထဲလည်း မဝင်
အသိုင်းအဝိုင်းက ကျဉ်
စည်းဝိုင်းရဲ့အပြင်
အဝန်းအဝိုင်းတိုင်းမှာ မရှင်သန်နိုင်တော့ .. ။

တစ်ကိုယ်ကောင်းဆန်စွာ ပျော်ရွှင်နေခဲ့သူလား
အဖော်အပေါင်းတွေရဲ့ ရင်ကို စုံကန်ခဲ့သူလား
သေချာတာတော့
သူဟာ အထီးကျန်နေသူပါ .. ။

အကျည်းတန်လွန်းနေသလား
မေ့လျော့ထားတဲ့ ရုပ်သွင်ကို ပြန်ရှာ
မှန်ထဲမှာတောင် သူဟာ မမှန်နိုင်တော့ .. ။

ဒီလိုနဲ့ပဲ
ပြုံးချင်ယောင်ဆောင်ထားတဲ့
သိုးမည်းတစ်ကောင်ဟာ
မိုးထဲမှာ ရောလို့
မျက်ရည်တွေ မျှောချနေသတဲ့ကွယ် .. ။

သံစဉ်ဖြူဖြူ

Wednesday, February 19, 2014

Sucide

လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ဆုံနိုင်ဖို့ထက် လူတစ်ယောက်ဖြစ်လာဖို့က ပိုခက်ခဲသတဲ့။
ခက်ခက်ခဲခဲ ရထားတဲ့ အသက်တစ်ချောင်းကို တမက်တမော ဖက်တွယ်ထားရင်းနဲ့
ရုတ်တရက် စွန့်လွှတ်လိုက်ဖို့ဆိုတာ ဘယ်လောက်များ ခက်ခဲပါလိမ့်မလဲ။
နည်းနည်းလေး ရှေ့အတိုးမှာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ စကားက တားဆီးပြန်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
ဒီလိုဖြစ်ရပ်တွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုဖြစ်ရပ်တွေ ဖြစ်နေတုန်းပဲ။
ဒီလိုဖြစ်ရပ်တွေ ဆက်ဖြစ်ကြဦးမယ်။

တွေးဖို့တောင် ခက်ခဲလွန်းတဲ့ အရာတွေကို လုပ်သွားကြတဲ့သူတွေထက်
သူတို့ကို တွန်းအားပေးတဲ့ နောက်ကွယ်က အရာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းတာ အမှန်။

ဘာတွေ ဆုံးရှုံးခဲ့ကြသလဲ။
ဘာတွေကို ကြောက်လန့်ခဲ့ကြသလဲ။
ဘယ်အရာတွေကနေ ရှောင်ပြေးချင်ခဲ့ကြသလဲ။

ဒေါသသင့်တာလား။
မာနသင့်တာလား။
သောကသင့်တာလား။
တကယ်တော့ စိတ်မှာ အဆိပ်သင့်တာ။

အရှုံးပေးသွားတာလား။
အနိုင်ပိုင်းသွားတာလား။
သေချာတာတော့ ပျက်စီးသွားခြင်းပါပဲ။
လူ့အသက်ဆိုတာ ပုံစံခွက်ထဲက ရေခဲတုံး တစ်တုံး မဟုတ်မှတော့ ပြန်လည်ဖြစ်တည်ဖို့ ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

R.I.P, R.I.P
ငြိမ်းချမ်းစွာ အနားယူပါတော့ .. ဆိုတဲ့ စကားလုံးတွေနဲ့ ပလူပျံအောင် စာနာပေးကြမယ်။
တန်ဘိုးထားတဲ့သူတွေ နှမြောဝမ်းနည်းကြမယ်။
သွေးသားရင်းတွေ ငိုကြွေးကြမယ်။

ထွက်ခွာသွားတဲ့သူအတွက်တော့ ရှုံးသလား နိုင်သလား တွေးစရာမလိုတော့။
မငြိမ်းချမ်းရင်တောင် ချုပ်ငြိမ်းသွားခဲ့ပြီ။

ကျေးဇူးပြုပြီး မျက်လုံးလေး မှိတ်ပေးလိုက်ကြပါ။
သိပ်မကြာခင်အချိန်အတွင်းမှာ ဒီအဖြစ်အပျက်ကို မေ့သွားကြမှာမို့ ကျန်ခဲ့တဲ့ ကမ္ဘာကြီးကို နောက်ဆံမတင်းဖို့ လိုပါတယ်။

...
...
...


ဒီလိုနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘဝတစ်ခုဟာ လေထဲမှာ မီးခိုးအဖြစ်လွင့်လို့။

သံစဉ်ဖြူဖြူ
(၁၈.၂.၂၀၁၄)
ည ၁၁း၅၃ မိနစ်

Saturday, February 15, 2014

မှော်ရုံတောကအပြန်

တစိမ့်စိမ့် ငို
မျက်ရည်တွေ ပြိုစေရဲ့။

တသိမ့်သိမ့် ရယ်
အပြုံးတွေ ကြွယ်စေရဲ့။

နွယ်တစ်ပင်လို ရင်ကို တွယ်
ပြကွက်တွေ ဆန်းကြယ်ပေရဲ့။

ဘဝင်ညှာမှာ တွယ်ငြိ
ရင်လွှာမှာ သွယ်မိလေတော့
ရုန်းထွက်ရန်ခက်
ဒီနွယ်ရှင် အဖြတ်ခက်ရဲ့။

ဒီလိုနဲ့
သူလည်းမော ကိုယ်လည်းမော
အနုအလှမှာ နစ်မျော
အဲဒီ သမုဒယ မှော်ရုံတောမှာ ။

************************

“ငါးထောင်တန် ငွေဖြည့်ကဒ်ရှိလားမေးပြီး ဘယ်လောက်လဲလို့ ပြန်မေးတဲ့သူတွေကို သမီး သိပ်မုန်းတာပဲ မေမေ” Feeling “စိတ်တို”

ဖေ့စ်ဘွတ်ခ်ရဲ့ What’s on your mind ဆိုတဲ့ နေရာလေးမှာ ခုလိုရေး၊ Feeling ဆိုတဲ့နေရာလေးမှာ ကိုယ့်စိတ်ထဲရှိတဲ့ ခံစားချက်ကို ထည့်လိုက်တယ်ဆိုရင်ပဲ သိပ်မကြာခင်မှာ အနီရောင်အမှတ်အသားလေးတွေ တက်လာပြီး ကိုယ်ရေးတာကို အားပေးကြတဲ့အခါမှာ စိတ်တိုတာမပျောက်သွားရင်တောင် လျော့သွားတာတော့ အမှန်။

ဟုတ်တယ်။ ဈေးရောင်းရတာ တစ်ခါတလေ အကုသိုလ်များတယ်။ ငါးထောင်တန်ငွေဖြည့်ကဒ်ပါဆိုမှ ငါးထောင်ပေါ့။ အဲဒီငွေဖြည့်ကဒ် တစ်ကဒ် ရောင်းရမှ တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်လောက် မြတ်တာကို တစ်ရာပြန်မအမ်းဘူးလား မေးတော့ ကိုယ်က ငါးထောင်ရင်းပြီးမှ နှစ်ဆယ် သုံးဆယ်လောက်ပဲ အမြတ်ယူရမလိုလို။ ဒီကြားထဲ တစ်ခါတည်း ရိုက်ထည့်ပေးပါဆိုလို့ ထည့်ပေးရသေး။ အရှေ့ကငွေဖြည့်မယ့် ကုဒ်ရယ်၊ ကဒ်မှာပါတဲ့ လျှို့ဝှက်နံပါတ်ရယ် ပေါင်းလိုက်ရင် အနည်းဆုံး အချက်နှစ်ဆယ်ကျော်နှိပ်ပေးရတာ။ တစ်ကြိမ်တည်းနဲ့ အောင်အောင်မြင်မြင် ငွေဝင်သွားရင်တော်သေး။ မြန်မာပြည်ဆက်သွယ်ရေးရဲ့ ထုံးစံအတိုင်း ငွေဖြည့်တာက တစ်ကြိမ်နဲ့မရတာတွေက မကြာခဏလေ။ တကယ်မလုပ်တတ်တဲ့သူတွေဆိုလည်း ထားပါတော့။ တော်တော်များများက ခဲခြစ်တာက ခဲဆိပ်သင့်တယ်ဆိုတဲ့ ကျန်းမာရေးသုတတွေကြောင့် ဆိုင်ကလူတွေကို တမင်ခိုင်းကြတာ။ အခုနောက်ပိုင်းတော့ ဖုန်းထဲကို ငွေဖြည့်ကဒ် တစ်ခါတည်း ဖြည့်ခိုင်းရင် “အားတော့နာပါရဲ့၊ ကျွန်မမျက်လုံးအားနည်းလို့ အဲဒီဂဏန်းတွေ သေချာမမြင်ရလို့ပါ” လို့ ပြောလိုက်ရတယ်။ မတတ်နိုင်ဘူး။ အလိမ္မာသုံးပြီးပြောရတာပဲ။ ကြိုက်မှဝယ်။ မရောင်းရလည်း နေပလေ့စေ။

အဲလိုပြောလို့ မိဖြူကို ကိုယ့်စီးပွားရေးမှ မဟုတ်တာ။ ဂရုမစိုက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဆိုင်ပိုင်ရှင် ဘကြီးအောင် က မိဖြူအမေရဲ့ အစ်ကိုအကြီးဆုံးမို့ ဆွေမျိုးအရင်းကြီး။ သူ့ သမီးတွေ သားတွေက အိမ်ထောင်ကိုယ်စီနဲ့မို့ သူ့ဆိုင်ကို လာထိုင်ပေးနေတဲ့ မိဖြူကို သမီးအရင်းလို ချစ်ရှာသူပါ။ အဲဒါကြောင့် ဘကြီးရဲ့ အကျိုးစီးပွားက မိဖြူရဲ့ အကျိုးစီးပွားလို့ပဲ သဘောထားပါတယ်။ ဒါကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးတွေရှိရင်တောင် အပြုံးမပျက်ပါဘူး။ ခုလို ရေးချင်တာရေးလို့ရတဲ့ စိတ်ဖြေစရာ ဖေ့စ်ဘွတ်ခ်လေး ရှိနေတာလည်း ပါတာပေါ့လေ။

************************
“ဖြူလေး ဘာတွေ ရေးနေပြန်ပြီလဲ”

ဟော သူ လိုင်းတက်လာပြီ။ မိဖြူက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သလောက် သူက သိပ်သိပ်သည်းသည်း နေတတ်သူ။ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူချင်းအတူတူ ပို့စ်တွေ ဘယ်တော့မှ ရေးမတင်ဘဲ သူများရေးတဲ့စာတွေ၊ သတင်းတွေသာ ဖတ်တတ်သူ။ မိဖြူ ကတော့ ခုနလိုပဲ တစ်နေ့တာ ကြုံတွေ့ရသမျှကို စိတ်ကူးရသလို ရေးနေတာပါပဲ။ အလွန်ဆုံး သူများစာမျက်နှာပေါ် အမှိုက်ပွသလိုဖြစ်ရုံကလွဲလို့ အဆိပ်အတောက်ဖြစ်မယ်လို့ မထင်တာကြောင့် သူဘယ်လောက်ဆူဆူ ပြောပြော ရေးမြဲပါပဲ။ သူ ဂရုစိုက်ပြီး ဆူတာလေးကို လိုချင်တာလည်းပါမယ်ထင်ပါရဲ့။ သူဂရုစိုက်တာ ဘာလို့လိုချင်သလဲဆိုတော့ သူက မိဖြူရဲ့ ချစ်လှစွာသောချစ်သူကိုး။ အပြင်မှာ တစ်ခါမှ မဆုံဖူးသေးတဲ့ချစ်သူတွေဆိုပေမယ့် မိဖြူတို့နှစ်ယောက်က လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြတာပါ။ ရွာက အဖေတို့ အမေတို့ကို ပြန်ပြောရင်တော့ အံ့သြကြမှာ အသေအချာပဲ။ ဒါပေမယ့် မိဖြူတို့ လူငယ်တွေကြားမှာတော့ ဒါက သိပ်မဆန်းတော့တဲ့ကိစ္စ။ အထူးသဖြင့် အင်တာနက်မှာ မျက်နှာစာအုပ်လို့ အဓိပ္ပာယ်ရတဲ့ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူတွေရဲ့ အသိုင်းအဝိုင်းမှာပေါ့။

တကယ်တော့ မိဖြူလည်း ဒီအသိုင်းအဝိုင်းထဲ ရောက်တာ မကြာသေးပါဘူး။ ဘွဲ့ရပြီး ရွာမှာ ဘာမှမယ်မယ်ရရ လုပ်စရာမရှိလို့ ရန်ကုန်မှာ သင်တန်းလေးဘာလေးတက်မယ်စိတ်ကူးနဲ့ ဘကြီးဆီ ရောက်လာတာ။ ဘကြီးဆိုင်မှာကူထိုင်ရင်း အင်တာနက်သုံးရင်း ဖေ့စ်ဘွတ်ခ်ကိုလည်း စွဲသွားရော ရွာတောင် မပြန်နိုင်ဖြစ်ရော။ စွဲလည်းစွဲချင်စရာပဲလေ။ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုရှိရုံနဲ့ ဆိုင်ထဲကနေဆိုင်ပြင်ထွက်စရာမလိုဘဲ သူငယ်ချင်း တွေအများကြီးရတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲ အကုန်သိရတယ်။ ကျောက်သင်ပုန်းကြီးလိုပဲ ရေးချင်တာရေးလို့ရတယ်။ အကြိုက်ဆုံးကတော့ ဓာတ်ပုံလှလှလေးတွေ တင်လို့ရတာကိုပဲ။ မိဖြူကတော့ မနက်စောစော အိပ်ရာမထခင်လည်း ရိုက်တယ်။ မနက် ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းစားရင်လည်း စားနေတဲ့ပုံ ရိုက်တယ်။ လူတင်မကဘူး၊ စားတဲ့အစားအသောက်ပါ ဓာတ်ပုံရိုက်တာကလည်း အကျင့်ကိုပါလို့။

ထားပါတော့လေ။ ပြောချင်တာက မိဖြူ နဲ့ သူ့ အကြောင်း။ ဘယ်လိုတွေ ချစ်သူဖြစ်သွားကြသလဲဆိုတာပေါ့။ သိပ်တော့လည်း မထူးဆန်းပါဘူး။ သူက နိုင်ငံခြားက စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့သူဆိုတော့ အလုပ်ကနေပြန်ရောက်တာနဲ့ အင်တာနက်ကို အချိန်ပြည့်ဖွင့်ထားပြီး သုံးတတ်သူ။ မိဖြူကလည်း အင်တာနက်ချိတ်ထားတဲ့ ဖုန်းဆိုင်မှာထိုင်နေရသူမို့ အင်တာနက်ကို တစ်နေကုန် စိတ်ကြိုက်သုံးနေရသူ။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်အလွန်သုံးသူ။ ဓာတ်ပုံကို မလှလှအောင် ရိုက်ပြီး နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ပုံတင်သူ။ သြော် မလှ လှအောင် ဘယ်လိုရိုက်သလဲ ဟုတ်လား။ ကင်မရာ ၃၆၀ ဆိုတဲ့ ဆော့ဖ်ဝဲလေး ရှိတယ်လေ။ အဲဒါလေးနဲ့ ရိုက်လိုက်ရင် ဝက်ခြံလည်း မပေါ်ဘူး။ အရေးအကြောင်းတွေလည်း ဖျောက်ပေးတယ်။ လျော့ရဲရဲအသားအရေက တင်းရင်းသွားတာမျိုး။ အသားညိုလည်း လာခဲ့၊ ရွှေဘိုသနပ်ခါးမလိုဘူး။ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်တွေ မလိုဘူး။ ကင်မရာ ၃၆၀ နဲ့သာရိုက်၊ ဖြူဝင်းသွားစေရမယ်။ အဲလိုနဲ့ မိဖြူဓာတ်ပုံတွေ မြင်ပြီး သူက လာမိတ်ဆက်ရင်း မြင်ရာကခင်၊ ခင်ရာကနေ ကြင်သွားတယ်ဆိုပါတော့။

နောက်ပိုင်း မိဖြူ နဲ့ သူ ချစ်သူဖြစ်သွားတဲ့အခါမှာတော့ သူက အဲဒါကို ပဉ္စလက်ကင်မရာအဖြစ် ကင်ပွန်းတပ်တယ်။ ဗီဒီယိုချက်တင်မှာ မိဖြူရဲ့ ပင်ကိုယ်ရုပ်ကို သူက မြင်ရတာကိုးနော်။ သူပြောတာလည်း မလွန်ပါဘူး။ မိဖြူက နာမည်သာ မိဖြူ၊ လူက ညိုပြာပြာလေ။ အဲဒီကင်မရာဆော့ဖ်ဝဲသုံးထားလို့သာ ဖြူဖြူလှလှလေး ဖြစ်နေတာဆိုတော့ သူ ဘယ်လိုပဲပြောပြော လက်မလွှတ်နိုင်ဘူး။ ကိုယ့်ရုပ်ကလေး လှနေတာ မြင်ရတာ ဘယ်လောက် ကျေနပ်စရာကောင်းလဲနော်။

“ဖြူလေးက မျက်လှည့်ပညာရှင်လေးပဲကွ။ ဓာတ်ပုံတွေထဲမှာတော့ မင်းသမီးရှုံးအောင်လှလို့။ ဗီဒီယိုချက်တင်မှာ ကြည့်မှ ရုပ်ဆိုးလေးမှန်းသိရတယ်။”

“ဒါဆို ကိုကိုက ဖြူ့ ကို လှမယ်ထင်လို့ ချစ်တာပေါ့လေ။ ဟုတ်လား”

“ဟားဟား၊ မဟုတ်ရပါဘူးကွာ၊ ဖြူလေး ဘယ်လိုပုံဖြစ်ဖြစ် ကိုကိုက ချစ်ပြီးသားပါ။ တစ်ခုပဲ ရှိတယ်။ စိတ်ထဲရှိသမျှ ဖေ့စ်ဘွတ်ခ်ပေါ်တင်တာကိုတော့ ကိုကိုသိပ်မကြိုက်ချင်ဘူး။ ဖြူလေးက မင်းသမီးလည်း မဟုတ်၊ မော်ဒယ်လည်းမဟုတ်ဘူးလေ၊ အဆိုတော်လည်းမဟုတ်ဘူး၊ စာရေးဆရာလည်းမဟုတ်ဘူး။ လူသိများဖို့ မလိုဘူးလို့ ကိုကို တွေးမိတာပဲ။ နောက်ပြီး စာတွေ ရေးတင်မယ်ဆိုလည်း အကျိုးရှိတဲ့ ကမ္ဘာကျော်အဆိုအမိန့်တွေ၊ စိတ်ခွန်အားဖြစ်စေမယ့်စာတွေ ကူးပြီးတင်တာမျိုး ဖြစ်စေချင်တာ။”

“ကိုကိုကလည်း၊ ဖြူ ခုလို ပျော်ပျော်ရွှင်ရွှင်နေတာ ဘယ်သူ့ကိုထိခိုက်လို့လဲ။ ကိုယ်ကိုယ်တိုင် မလိုက်နာနိုင်တဲ့ လမ်းညွှန်ချက်တွေကို သူများတွေဖတ်ရအောင် ကူးတင်တာမျိုး၊ ကိုယ်ကိုယ်တိုင် ဘာမှအဖြစ်ရှိအောင် မလုပ်နိုင်ဘဲ လေကြီးလေကျယ်တွေ ပြောနေတာထက်စာရင် ခုလို စလိုက် နောက်လိုက် နေရတာကို ဖြူ သဘောကျတယ် ကိုကို။”

တစ်ခါတလေတော့လည်း ကိုကို နဲ့ မိဖြူ ဖြစ်ပါ့မလား စိုးရိမ်စိတ်ဝင်မိသေးသည်။ မိဖြူက ပေါ့ပေါ့ပါးပါး နေတတ်သလောက် သူက အလေးအနက်ထားလွန်းသည်လေ။ အရာရာနှံ့စပ်သူမို့ ကိုယ်သိချင်တာမှန်သမျှ ဖြေပေးနိုင်တာကိုတော့ အလွန်သဘောကျသည်။ ကိုကို အနားမှာရှိရင် ဖြူ့အတွက် အဘိဓာန် မလိုတော့ဘူးလို့ ပြောမိတော့ ကိုယ်တိုင် အဘိဓာန်ဖြစ်အောင် ကြိုးစားမယ်တော့ မရှိဘူးလို့ ပြန်ပြောခံရချိန်မှာ မခံချင်စိတ်ဖြစ်မိပေမယ့် ချစ်တဲ့စိတ်ကတော့ လျော့ပါးမသွားခဲ့။

************************
“ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့လေသံမျိုး ပြောပြီး ကိုယ့်အမေ ပန်းကန်ဆေးနေချိန်မှာ ကူရကောင်းမှန်း မသိတဲ့သူတွေကို သမီး သိပ်မုန်းတာပဲ မေမေ”  Feeling “စိတ်ချဉ်ပေါက်”

 Everybody wants to save the earth; nobody wants to help Mom do the dishes.” ဆိုတဲ့ P.J.O’Rourke ရဲ့ နာမည်ကျော် အဆိုအမိန့်လေးလည်း ကိုယ့်စာမျက်နှာမှာ အမြီးအမောက်မတည့်စွာနဲ့ အမေ့ကို တိုင်တည်တဲ့ စာကြောင်းအဖြစ် ပြောင်းလဲသွားရရှာပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ ထုံးစံအတိုင်း အမေနဲ့ ပတ်သက်ပြီးရေးတိုင်း လူကြိုက်များတာပဲမို့ ရေးပြီး တစ်မိနစ်မပြည့်ခင်မှာ နှစ်သက်ကြောင်း Like ခလုပ်ကို နှိပ်သူက (၁၀) ယောက်မက။ ကမ္ဘာကျော်စာသားတွေ တင်စေချင်တဲ့ ကိုကို့ ကို ရွဲ့ချင်တာမို့သာ။ တကယ်တမ်း အမေ့ကျေးဇူးသိတတ်တဲ့ပုံစံမျိုးတွေ ရေးရတာ မိဖြူက ရှက်သား။ ရွာမှာအတူနေတုန်းက အမေနဲ့ တစ်ခါမှ မတည့်တဲ့သူလေ။ ဒီမှာနေတာတောင် ဖုန်းဆက်ရင်း ငြင်းရခုန်ရသေးတာ။ လူအများမြင်တဲ့နေရာ ဆိုတော့လည်း မိဘကျေးဇူးသိတတ်ချင်ယောင်ဆောင်ရတာပေါ့လေ။ ဒါလည်း ဖေ့စ်ဘွတ်ခ်ယဉ်ကျေးမှုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ပြန်ရင်တော့ အမေနဲ့ တည့်အောင် နေဦးမှပါ။ ဒီဇင်ဘာမှာ ကိုကို ပြန်လာတဲ့အခါ လာမြန်းရင်းနဲ့ သူ မပြန်ခင် လက်ထပ်သွားဖို့ စီစဉ်ထားတာမို့ အမေ သဘောတူအောင် ခုကတည်းက စည်းရုံးထားရမှာ မဟုတ်လား။

************************

“ဘာပြောတယ် ကေသွယ်၊ သူ့မှာ မိန်းမ ရှိတယ် ဟုတ်လား”

“ဟုတ်တယ် ဖြူလေး၊ ကိုသက်ဦး မှာ မိန်းမ ရှိတယ်။ မိန်းမတင် မဟုတ်ဘူးဟာ ကလေးပါ ရှိတာ။ ကိုသက်ဦး သမီးလေးက (၆) တန်းတောင် ရောက်နေပြီတဲ့။ သူ့မိန်းမက အတော်အေးတယ်။ ကိုသက်ဦးကိုလည်း တအားယုံပြီး ကလေးကိုပဲ ဂရုစိုက်နေတာ။ နောက်ပိုင်း ငွေပုံမှန်မပို့တာကို စုံစမ်း ရင်းနဲ့ သူ့ယောက်ျား မူပျက်နေတာကို သိသွားတာဟ။ အခုတော့ သူတို့ လင်မယားချင်း အကြီးအကျယ် စကားများကြတယ်။ ကိုသက်ဦးကတော့ ကွာရှင်းဖို့ ကြိုးစားနေပုံပဲ။”

ဘုရားရေ ဘာတွေဖြစ်ကုန်ပါလိမ့်။ မိဖြူ ချစ်ရတဲ့ ကိုကို က အိမ်ထောင်ရှိသတဲ့။ သမီးလေးလည်း ရှိသတဲ့။ မိဖြူကို ဘာသာရေးအသိတွေ သင်ပေး၊ အမြင်ကြည်လင်အောင် သွန်သင်ပေးခဲ့တဲ့ ကိုကိုက ကြီးမားတဲ့ မုသာဝါဒကို သုံးခဲ့တာပါလား။ မိဖြူ သိပ်လေးစားခဲ့ရတဲ့ ကိုကိုက အိမ်ထောင်ရေးဖောက်ပြန်သူတဲ့လား။ မိဖြူကိုပါ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်စေဖို့ မြူဆွယ်ခဲ့သူတဲ့လား။
ဘုရား ဘုရား။ မိဖြူ အမှားကြီး မှားတော့မလို့ပါလား။

************************
ပူလိုက်တာ ပူလိုက်တာ။
မှောင်မိုက်နေတဲ့ ဝန်းကျင်မှာ အလျှံငြီးငြီးတောက်နေတဲ့ မီးဖိုကြီးမှ အလင်းရောင်သာ ရှိသည်။ မီးဖိုပေါ်မှာက ကြီးမားကျယ်ပြန့်သော မိုးဗြဲဒယ်ကြီးတစ်လုံး။ ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေကြားက ရုတ်တရက် ခေါင်းတစ်လုံးပေါ်လာပြီး တစ်စုံတစ်ရာကို အော်ဟစ်လိုက်သံ။ အော်ပြီးသည်နှင့် တပြိုင်နက် ချက်ခြင်း ပြန်မြုပ်သွား။ နောက်တစ်ယောက်ရဲ့ ခေါင်းထပ်ပေါ်လာ။ သူလည်း ပါးစပ်ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားနေတုန်း ပြန်မြုပ်သွားပြန်သည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေဆဲမှာပဲ

“ကဲ ဟိုကောင်မလေး ခေါ်ခဲ့တော့”

ဟင်  ကိုယ့်ကို ပြောနေတာပါလား။ ဒီ သံရည်ပူဒယ်အိုးထဲ မိဖြူလည်း ဝင်ရမယ်တဲ့။ ဟင့်အင်း ဟင့်အင်း ဘာလို့ ဝင်ရမှာလဲ။ မဝင်ဘူး။ မိဖြူ ကြောက်တယ်

“မဝင်ချင်ဘူး မဝင်ချင်ဘူး မိဖြူ ကြောက်တယ်”

“ကာမပိုင်ရှိတဲ့ ယောက်ျားကိုတော့ လက်ထပ်ချင်တယ်။ သံရည်ပူအိုးထဲဝင်ရမှာတော့ ကြောက်သတဲ့လား။ လာစမ်း”

ပြောပြောဆိုဆိုနဲ့ မိဖြူကို ချုပ်ပြီး အတင်းဆွဲခေါ်ကြတော့

“မလိုက်ဘူး မလိုက်ဘူး မိဖြူ မလိုက်နိုင်ဘူး”

ရုန်းကန်ရင်း အော်ဟစ်ရင်းနဲ့ အိပ်မက်က လန့်နိုးလာတော့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လို့။ ညနေက ဆိုင်ကိုမသွားဘဲ အိပ်ရာထဲမှာ ငိုရင်း အိပ်ပျော်သွားခဲ့တာ ဘယ်အချိန်တောင်ရှိနေပါလိမ့်။ စားပွဲပေါ် တင်ထားတဲ့ဖုန်းကို ယူကြည့်တော့ ခေါ်ထားတဲ့ဖုန်းတွေက (၁၀) ကြိမ်နီးပါး။ ဒီချိန်ဆို သူ စောင့်နေရော့မယ်။

“ဟုတ်တယ် ဖြူလေး။ ဖြူလေးကြားတဲ့ သတင်းက အမှန်ပါပဲ။ ကိုယ့်မှာ မိန်းမနဲ့ ကလေးရှိပါတယ်။ ဒါပေမယ့် ကိုကို ဖြူလေးကိုပဲ ချစ်တယ်။ ဖြူလေးနဲ့ပဲ နေချင်တယ်။”

နားကြပ်ကတဆင့်ကြားနေရတဲ့အသံက ဝေးသွားလိုက် နီးသွားလိုက်၊ ဗီဒီယိုကင်မရာကနေ မြင်ရတဲ့ ကိုကို့ မျက်နှာကို ကြည့်နေရင်းနဲ့ အမြင်အာရုံထဲမှာ ဖျောက်မရသေးသော ငရဲပြည်မြင်ကွင်းက ပေါ်လာပြန်သည်။ သံရည်ပူအိုးထဲမှာ ရုတ်တရက်ပေါ်လာတဲ့ ခေါင်းက ကိုကို့ မျက်နှာလိုလို။ အို မဖြစ်စေရဘူး မဖြစ်ရဘူး မျက်စိစုံမှိတ်ပြီး ခေါင်းကို ယမ်းမိတော့သည်။

“ဘာတွေ ခေါင်းယမ်းနေတာလဲ ဖြူလေးရယ်။ မဖြစ်သင့်မှန်း ကိုကိုလည်း သိပါတယ်။ ဒါပေမယ့် ကိုကို ဖြူလေးကို တကယ်ချစ်သွားခဲ့တယ်။ ကိုကိုလည်း အမှန်အတိုင်းဖွင့်ပြောဖို့ ကြိုးစားလိုက်တိုင်း ဖြူလေးကို ဆုံးရှုံးရမှာကို တွေးပြီး မပြောနိုင်ခဲ့ဘူး။ ကိုကို့ ကို ခွင့်လွှတ်ပါကွာ။”
“ငိုနေတာလား ဖြူလေး။ မငိုပါနဲ့ကွာ။ ကိုကိုတို့ လက်ထပ်ပြီးရင် ဖြူလေးလည်း ကိုကို့နောက်လိုက်လာမှာပဲ။ ကျန်တဲ့ကိစ္စတွေ အားလုံး ကိုကိုရှင်းမှာပါ။”

အလို မိဖြူ ငိုနေသတဲ့လား။ ငိုစရာလိုလို့လား။ တကယ်ငိုရမယ့်သူက ဘာမှအပြစ်မရှိဘဲ ကွာရှင်းခွင့် အတောင်းခံရတဲ့ အမျိုးသမီးမဟုတ်လား။ တကယ်နာကျင်ရမယ့်သူက တစ်မြေခြားမှာနေတဲ့ခင်ပွန်းသည်ကို ယုံကြည်စွာနဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေတဲ့သူမဟုတ်လား။ ဘယ်လောက်တောင် ငိုကြွေးနေလိမ့်မလဲ။ မမြင်ဖူးသေးတဲ့ အမျိုးသမီးတစ်ဦးရဲ့ နာကျင်မှုကို စာနာခံစားမိတာဟာ မိန်းမသားချင်းဆိုတဲ့ အသိစိတ်ကြောင့်ထင့်။
မော်နီတာကို ကြည့်ရင်းနဲ့ တဖြည်းဖြည်း စိတ်ပျက်လာသည်။ တတွတ်တွတ်ရွတ်နေသည့် နှုတ်ခမ်းလွှာက ချိုသာသောစကားတွေကိုလည်း မသာယာနိုင်တော့။ ဒု သ န သော ဟူသည့် ဆီပူအိုးထဲက အသံများသာ နားထဲ ရောက်ရောက်လာသည်။ အကြားအာရုံနဲ့ အမြင်အာရုံက လက်မခံချင်တော့သည်ကို သတိပြုမိသည်နှင့် တပြိုင်နက် ဗီဒီယိုချက်တင်ကို ပိတ်မိပြီး ဖြစ်နေသည်။
ခွင့်ပြုပါကိုကို။ မိဖြူ ဆက်ပြောဖို့ အင်အားမရှိတော့ပါဘူး။ ကိုကို ညာမယ်လို့ နည်းနည်းလေးမှ မတွေးမိခဲ့လို့ စကားလုံးတိုင်းကို ယုံကြည်၊ ဘဝတစ်ခုလုံးပုံအပ်ဖို့ ဆုံးဖြတ်ခဲ့မိတယ်။ ကိုကိုသာ မိဖြူဘဝ၊ ကိုကိုသာ မိဖြူရဲ့ အရင်းနှီးဆုံးသူစိမ်း၊ ကိုကို့နှလုံးသားရဲ့ အနီးကပ်ဆုံးနေရာမှာ မိဖြူရှိနေတယ်လို တွေးခဲ့မိပါတယ်။ ကိုကို့မှာ အိမ်ထောင်ရှိမှန်းသိလိုက်ရတဲ့အချိန်မှာတော့ မိဖြူကို ဟိုးအဝေးကြီးကို ဆွဲလွှင့်ပစ်လိုက်သလိုပါပဲ။
မိဖြူ ကိုကို့ကို သိပ်ချစ်ခဲ့သလို သိပ်လည်း လေးစားခဲ့ပါတယ်။ အထင်ကြီး လေးစားမှုကို အခြေခံတဲ့ အချစ်မို့ ထင်ပါရဲ့။ လေးစားမှုတွေ ပျောက်ကွယ်သွားချိန်မှာတော့ ကိုကို့ကို ချစ်ခဲ့မိတဲ့အချစ်တွေဟာ တစ်စစီပေါက်ကွဲလွင့်စင်သွားပါပြီ။ ဘယ်လိုမှ ပြန်ပြီး တည်ဆောက်ဖို့ မဖြစ်နိုင်တော့တာမို့ အဆုံးသတ်လိုက်ကြတာ အကောင်းဆုံးပဲ မဟုတ်လား။ ကိုယ်လျှောက်နေတဲ့လမ်းဟာ မှားနေမှန်း မသိလို့ လျှောက်ခဲ့ပေမယ့် မှားနေတယ်ဆိုတာ သိသိချင်းမှာ ချက်ခြင်းပြန်လှည့်မှ လမ်းမှန်ကို ရောက်နိုင်မှာလေ။ အဝေးကြီးမရောက်ခင်မှာ သိခွင့်ရတာကိုပဲ ကံကြမ္မာကို ကျေးဇူးတင်မိပါရဲ့။

************************
“သရက်စုဆင်းမယ့်အစ်မ .. ဘယ်နားမှာရပ်ပေးရမလဲ”
တွေးတောရင်း ငေးမောရင်းနဲ့ ကိုယ့်ရွာနားရောက်တာတောင် သတိမထားမိ။ စပယ်ယာ ကောင်လေး မေးတာကို “အရိပ်စစ်လက်ဖက်ရည်ဆိုင်မှာ ဆင်းမယ် မောင်လေး” လို့ ဖြေရင်း အပြင်ကို ကြည့်တော့ နေက ခြစ်ခြစ်တောက်ပူတုန်းမို့ အချိန်စောသေးတာ သတိပြုမိသည်။ မပြန်ဖြစ်တဲ့ တစ်နှစ်အတွင်းမှာ ကားလမ်းတွေကောင်းလာတာကြောင့် ကားစီးချိန်က ကိုယ်ထင်တာထက် ပိုမြန်နေသည်ပဲ။ ဒီတိုင်းဆို လာကြိုမယ့်သူတောင် ရောက်ဦးမယ်မထင်။ နာရီကြည့်ဖို့ ဖုန်းမျက်နှာပြင်ကို အသာပွတ်အဆွဲ၊ ရိုးရိုးကင်မရာနဲ့ ရိုက်ထားတဲ့ ကိုယ့်ပုံကို ကိုယ်ပြန်မြင်ရချိန်မှာ ပဉ္စလက်ကင်မရာ မသုံးဖြစ်တော့တာကို သတိရပြီး တစ်ချက်ပြုံးမိသည်။
အထူးပြုလုပ်ချက်တွေပါတဲ့ ကင်မရာဆော့ဖ်ဝဲကိုသုံး၊ မျက်နှာက အပြစ်အနာအဆာတွေကို ဖျောက်ပြီး ဓာတ်ပုံလှလှလေးတွေနဲ့ ပြုစားတတ်တဲ့ ကဝေမလေးတစ်ယောက်ဟာ မိန်းမနဲ့ကလေးကိုတောင် ဖျောက်ပြနိုင်ခဲ့တဲ့ မှော်ဆရာတစ်ယောက်နဲ့ ရေစက်ဆုံပြီးတဲ့နောက်မှာတော့ လှည့်စားခြင်းအတတ်ပညာတွေကို သုံးချင်စိတ် မရှိတော့ပြီပဲလေ။
ဘာပဲဖြစ်ဖြစ် အိမ်ကို ပြန်ရောက်တဲ့အခါ အမေ့ ခါးကိုဖက်ပြီး “လှည့်ကွက်များတဲ့ ဖေ့စ်ဘွတ်ခ်ကြီးကို သမီး သိပ်မုန်းတာပဲ မေမေ” လို့ ဖေ့စ်ဘွတ်ခ်စတိုင်နဲ့ ပြောရပေဦးမည်။ လူကိုယ်တိုင်ပြောမှာဆိုတော့ ခံစားချက်ကို စာနဲ့ရေးပြစရာ မလိုတော့ဘူးထင်ပါရဲ့။
ကားလမ်းဘေးရိုးပြတ်တောတွေ အဆုံးမှာ လှမ်းမြင်နေရပြီဖြစ်တဲ့ ရွာလေးက စိမ်းညို့ညို့။
အမေ ကိုယ့်ကို မျှော်နေရော့မယ်။

သံစဉ်ဖြူဖြူ

Sunday, January 26, 2014

ဖောက်ခွဲခြင်း

►► ဖောက်
ဖောက် ဖောက်
အဲဒါ "ဗြောက်"
ကလေးချင်း နောက် ~~

►► ဝုန်း
ဝုန်း ဝုန်း
အဲဒါ "ဗုံး"
လူကြီးတွေ သုံး ~~

(ခက်ဆစ်အဖွင့်)
လူကြီး - အသက်အားဖြင့် အရွယ်ရောက်သူ

သံစဉ်ဖြူဖြူ
၁၅.၁၀.၂၀၁၃

Monday, January 6, 2014

တာဝန်ကျေခြင်း






►► အခြေမမြင့်ပေမယ့်

အပင်ရယ်ဖြစ်လာမှတော့

မြေပေါ်မှာတင် ပွင့်ပစ်လိုက်တယ် ~~



►► မျိုးကြောင့် ဖြစ်လာတဲ့အပင်

အပင်အတွက် မျိုး ဖြစ်နိုင်ဖို့

မြေဘယ်လိုပဲ ကြမ်းကြမ်း

နေရောင်အောက်မှာ တင့်ဆန်း

ကြိုးပမ်း ပွင့်လန်းလို့ ~~



သံစဉ်ဖြူဖြူ
၅.၁.၂၀၁၄
မွန်းလွဲ (၃း၂၉) မိနစ်