Thursday, May 7, 2015

ချစ်သူ့ ကဗျာ

နွေ ဦး ကို ကြို
နှင်း ကြွင်း တွေ ပြိုတော့
ချစ်သူ့ မျက်တောင်ညို မှာ
နှင်း ပွင့် တွေ ခို လို့၊

လာပါ ကိုကို
မြက်ခင်း စို ပေါ် ဖွဖွလျှောက်
 ဟို ရှေ့က အပင်အောက်မှာ
ဆိပ်ဖလူး ကောက်ကြစို့ .. ။
16.2.2015

ကြွေရွက်များသို့

ကြွေ ရွက် များ သို့ ...
~~~~~~~~~~~
## မျက် ဝန်း တွေ ကို ကာ ကွယ် ဖို့
မျက် တောင် တွေ ရှိ နေ သ လို မျိုး ...
## ခေါင်း ခွံ ကို ကာ ကွယ် ဖို့
ဆံ ပင် တွေ ရှိ နေ သ လို မျိုး ..

~~ မောင် လေး ရေ ..
မင်း တို့ ဟာ လေ
ခန္ဓာကိုယ် ရဲ့  ဆဲလ် အ သေ တွေ မ ဟုတ် ဘူး .. ။
## မောင် လေး ရေ
အချို့ က လေ
မင်း တို့ ကို မျက် တောင် တွေ ဆံ ပင် တွေ လို သ ဘော ထား ကြ ..
တောက် ပ လာ အောင် အ ရောင် တင် ပေး ကြ ..
ကော့ ညွှတ် လာ အောင် ပြင် ဆင် ပေး ကြ ..
အများ အမြင် သပ် ရပ် လှ ပ နေ ပေ မယ့် ..
တစ် ပင် လျော့ လည်း အ လေး မ ထား ..
နှစ် ပင် လျော့ လည်း အ လေး မ ထား ..
အဖျားက တိတိ
အရင်းထိ ညှပ်ညှပ်
အမြစ်က ကျွတ်ထွက်ရင် တောင်
ဂရုမစိုက် တတ် သူ .. ။
## မောင် လေး ရေ
ငါ တို့ က လေ
မင်း တို့ ကို အ ရေ ပြား လို သ ဘော ပိုက် ..
ဂ ရု စိုက် ဖို့ မေ့ နေ တတ် သူ ..
နေ ရောင် ထိုး ထိုး
မိုး ပဲ စို စို
ညို ရင် တောင် သ နပ် ခါး မ လူး ဖြစ် ပေ မယ့် ..
ဆူး စူး ရင် တောင် မ နေ တတ်
ရှ ပြတ် ခဲ့ ရင် နာ ကျင် တဲ့ သူ .. ။
## မောင် လေး ရေ
ကိုယ့် သ မိုင်း ကိုယ် ရေး ..
ကိုယ့် ဘ ဝ ကိုယ် ရွေး ရ တာ မှန် ပေ မယ့် ..
အ ဖိုး တန် တဲ့ မင်း တို့ ဘ ဝ တွေ က ...
ညှပ် ပြီး ပစ် ရ တဲ့ လက် သည်း တွေ မ ဖြစ် သင့် ဘူး ..
ရစ် ထွေး ကျွတ် ထွက် သွား တဲ့
ဆံ ပင် တွေ မ ဖြစ် သင့် ဘူး .. ။
## သစ် ရွက် တွေ ကြွေ တိုင်း
ငို ကြွေး မိ တဲ့ သစ် ပင် လို မျိုး ...
## တကယ်ပါ ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း မှာ
ငါ တို့ ... နာ ကျင် နေ ရ တာ .. ။
(၁၂.၂.၂၀၁၅)

ညီမလေး .... သို့

ညီမလေး ရေ ..
ချစ် သူ ရ နေ ပြီ ဆို တော့ ပျော် နေ မှာ ပဲ လို့ ထင် နေ ခဲ့ တာ ..။
ခု တော့ ငို နေ ရ သတဲ့လား .. ။
ကြိတ် ပြီး ငို နေတဲ့ ညီမလေး ရဲ့ မျက် ရည် တွေကို မြင်ရတော့ နည်း နည်း မေး စရာ ပေါ် လာတယ်လေ .. ။

သူ့ကြောင့် ညီမလေး ပျော်ခဲ့ဖူးတာ ဘာတွေ ရှိသလဲ ..
သူ့ကြောင့် ညီမလေး စိတ်ညစ်ခဲ့ရတာ ဘာတွေ ရှိသလဲ .. ဆိုတာမျိုးပေါ့ ။
ပြီးတော့ ..
သူ့အတွက် ဖြည့်ဆည်းဖို့ ညီမလေး ဘယ်လောက် ကြိုးစားခဲ့သလဲ .. ။
ညီမလေး အတွက် ဖြည့်ဆည်းဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ဖူးသလဲ .. ။
အချစ်မှာ တွက်ချက်မှုတွေ နှိုင်းယှဉ်မှုတွေ ပါလာတာ မကောင်းဘူးဆိုပေမယ့်
သုံးသပ်ဖို့တော့ လိုအပ်တယ် မဟုတ်လား .. ။
သူ့ဘက်က ကြိုးစားမှုတွေကို မသိရပေမယ့်
ညီမလေး သူ့အပေါ် အလေးထားတဲ့ စိတ်တွေ၊ အရာရာ ဖြည့်ဆည်းပေးချင်တဲ့ စိတ်တွေ၊
မျှဝေခံစားပေးချင်တဲ့ စိတ်တွေ ရှိနေတာကို မမ မြင်နေရတယ်လေ .. ။
ဘဝ ခရီး ကို အတူ လျှောက်ဖို့ ရည်ရွယ်ထားပြီ ဆိုမှတော့
ခရီးဆုံးအထိ အတူလျှောက်နိုင်ပါ့မလား ဆိုတာ ကြိုတွေးထားရမှာ ..
လမ်းတစ်လျှောက်လုံး တစ်ဖက်တည်းက ပဲ သည်းခံ ဖြည့်ဆည်းပေးသွားဖို့ဆိုတာ ခက်ခဲလွန်းတယ် မလား .. ။
ဘယ်လိုလဲ ညီမလေး ..
လက်တွဲပြီး သွားချင်လား .. ။
ကုန်းပိုးပြီး ခေါ်သွားချင်လား .. ။
ကိုယ် သွားချင်တဲ့ နည်းလမ်း ဟုတ်မဟုတ်
အချိန်မနှောင်းမီ သိရအောင်
တွက်ချက်မှု မဆန်တဲ့ သုံးသပ်မှုလေးတော့ လုပ်ရအောင်နော် .. ။
တစ်ခါလောက် ချရေးကြည့်ပါလား ..
တစ်ဖက်မှာ သူ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ အချက်တွေ
နောက်တစ်ဖက်မှာ ကိုယ် သူ့အပေါ် ကောင်းခဲ့တဲ့ အချက်တွေ .. ။
(တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ရွယ်၍ ခပ်တည်တည် ဖြင့် ဆရာ လုပ်သည်။)

(၁.၂.၂၀၁၅)

တိမ်ကလေးတွေရဲ့ ပုံပြင်

တစ်ခါတုန်းကပေါ့ကွယ် ..
ကောင်းကင်မှာ မိုးတိမ်စိုင် နဲ့ တိမ်စိုင်နီ ဆိုတဲ့
တိမ်စိုင် မောင်နှမ ၂ ဦး ရှိခဲ့ဖူးတယ် ...
..
တိမ်တွေရဲ့ သဘာဝ အရ တစ်နေရာတည်းမှာ နေဖို့ မဖြစ်နိုင်ပေမယ့်
အစ်မ ဖြစ်တဲ့ မိုးတိမ်စိုင်က တည်တည်ငြိမ်ငြိမ်လေး နေချင်ခဲ့တယ် ..
ကြည့်လိုက်တဲ့ အခါတိုင်း အိနြေ္ဒတစ်ခွဲသားနဲ့ပေါ့ .. ။
ငယ်ရွယ်တဲ့ မောင်လေး တိမ်စိုင်နီ ကတော့ ပြေးလွှား ကစားရတာကို ကြိုက်တယ် ..
အပေါင်းအသင်းကလည်း များတော့ တစ်နေရာတည်းမှာ နေတယ်ဆိုတာ မရှိဘူးတဲ့ .. ။
##(တစ်မြို့လုံးက ဂိမ်းဆိုင်တွေ အရက်ဆိုင်တွေ..စုံလို့ပေါ့)

တိမ်စိုင်နီလေး လျှောက်သွားနေတာ များတော့
မိုးတိမ်စိုင် က ပျင်းပြီး ကျန်ခဲ့သတဲ့ .. ။
ဒီလိုနဲ့ တစ်နေ့မှာ သာယာတဲ့ တေးသံကို ကြားလိုက်ရတယ် .. ။
မိုးတိမ်စိုင်လေး ရဲ့ ဘဝမှာ ကြားဖူးသမျှထဲ အချိုဆုံးတေးသံပဲ တဲ့ .. ။
တေးသံလာရာကို ရှာလိုက်တဲ့အခါမှာ သူ့ကို ငေးကြည့်ရင်း သီချင်းဆိုနေတဲ့ မြစ်ကလေးတစ်စင်းကို တွေ့လိုက်ရတယ် ... ။
မြင်မြင်ချင်း ချစ်မိသွားတဲ့ မိုးတိမ်စိုင် နဲ့ မြစ်ကလေးဟာ
နေ့စဉ်နေ့တိုင်း မျက်လုံးချင်းဆုံ ရင်ခုန်သံတွေ ဖလှယ်ကြတာပေါ့ .. ။
မြစ်ကလေးက တေးဆို တဲ့ အခါ မိုးတိမ်စိုင်လေးက ယိမ်းနွဲ့ပြီး က သတဲ့ .. ။
ဒီလိုနဲ့ နေလာရင်း အချိန်ကြာလာတဲ့အခါမှာ
တစ်ယောက်နဲ့ တစ်ယောက် မြင်ရုံလေး မြင်ရပြီး အတူမရှိရတာကို မုန်းတီးလာကြသတဲ့ .. ။
အနီးအနားက လေပြည်လေးတွေက ကျီစယ်တဲ့အခါတိုင်း လွင့်ပါသွားရတာကိုလည်း သူတို့ ခံနိုင်ရည် မရှိကြတော့ဘူး .. ။
တစ်စက္ကန့်လောက် ဝေးရရင်တောင် အလွမ်းတွေ ပြိုလို့ မြစ်ကလေးက ငို သတဲ့ .. ။
##(နည်းနည်း အိုဗာဖြစ်သွားရင် ခွင့်လွှတ် ... tongue emoticon ;D )
ဒါနဲ့ပဲ မြစ်တစ်စင်းကို ချစ်ခြင်းတွေ ပေးလိုက်တဲ့ မိုးတိမ်စိုင်လေးကဟာ သူ့လက်ရှိဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် .. ။
ကောင်းကင်မှာ ရွေ့လျားနေရတဲ့ မိုးတိမ် ဘဝကနေ
ရေစက်ရေမှုန်လေးတွေ အဖြစ်နဲ့ မြစ်ကလေးရဲ့ ရင်ခွင်မှာ ခိုနားဖို့ ပေါ့ ... ။
ဒီလိုနဲ့ ဖြူလွလွ မိုးတိမ်စိုင်လေးဟာ ချစ်ခြင်းတွေ ငွေ့ရည်ဖွဲ့ပြီး
မြစ်ငယ်လေးဆီ မိုးရေစက်တွေအဖြစ်တဲ့ သက်ဆင်းလာသတဲ့ .. ။
..........
ချစ်ခြင်းမှာ ပျော်ဝင် စီးဆင်းရင်း
ပျော်မြူးနေတဲ့ မိုးတိမ်စိုင်လေးဟာ
မြစ်ကလေးကို သိပ်ချစ်ပြီး လက်ရှိဘဝမှာ ပျော်မွေ့နေပေမယ့်
ရွေ့လျားခဲ့ဖူးတဲ့ တိမ်ကလေးဘဝကိုလည်း မမေ့ ..
မောင်ငယ် ဖြစ်တဲ့ တိမ်စိုင်နီလေး ကိုလည်း သတိရနေတုန်းပါပဲတဲ့ကွယ် .. ။
ပေါ့ပါးလွန်းတဲ့ တိမ်စိုင်နီလေးကတော့
ကောင်းကင်တခွင် လှည့်လည်လို့ မဝသေးဘူး တဲ့ ကွယ် .. ။
နေရာအနှံ့ လျှောက်သွားရင်း .. အစ်မ ဖြစ်တဲ့ မိုးတိမ်စိုင်ကိုလည်း သတိမရတော့ဘူး တဲ့ .. ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ ..
သူတို့က မောင်နှမတွေဆိုတော့ တစ်ချိန်ချိန်မှာတော့ ပြန် သတိရမယ် လို့ ယုံကြည်နေပါသတဲ့ .. ။
သူငယ်ချင်းတို့ရေ ..
တစ်ခါတရံ ကောင်းကင်ကို မော့ကြည့်မိလို့ တိမ်စိုင်နီလေးနဲ့များ တွေ့ခဲ့ရင် ပြောပေးလိုက်ကြပါ .. ။
သူ့ အစ်မ မိုးတိမ်စိုင် က မြစ်ကလေးရဲ့ ရင်ခွင်ထဲမှာ ပျော်ရွှင်နေကြောင်း နဲ့
သူ့ကိုလည်း သတိရနေကြောင်းကိုပေါ့ .. ။

(၉.၂.၂၀၁၅)
(Feb 21 မှာ ကျရောက်မယ့် အစ်မ ရဲ့ မွေးနေ့ နဲ့
Feb 23 မှာ ကျရောက်မယ့် မောင်လေးရဲ့ မွေးနေ့ အတွက် အမှတ်တရ ... )

အရိပ်ထဲက ပန်းတစ်ပွင့်


►► သား .. မလိုက်ရဘူးနော် ..
မင်း အဖေက ဝန်ထမ်း .. ။
ခြေလှမ်း ဟန် ပြင်နေဆဲ
မေ မေ က ဆွဲ .. ။

►► မ သွား ပါ နဲ့ မောင် လေး ရယ်
သွေးထွက်မှာ မကြည့်ရက်
အားပေးရုံ နဲ့ နင် ကျေ နပ် ။
မမ က ဖျက် .. ။
►► ငါ တို့ လည်း အား ပေး ပါ တယ် ..
ပညာရေး မြင့်စေချင်တယ်
အား လုံး ရှေ့ ဦး ဆောင် ချင် ရက်
တစ်နှစ်စာ ကျောင်းစရိတ်ကို
ကိုကို က တွက် .. ။
►► ကြွေးကြော်သံ မြည်
စစ်ကြောင်းရယ် ချီလာတော့
နံရံကွယ် အနောက်ဘက်မှာ
သွေးကြောင်သူ နာမည်ပျက်နဲ့
ကျွန်တော် က ရှက် ... ။

 ကွန်ပျူတာတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦး
(၉.၂.၂၀၁၅)

အဝတ်စုတ်ကြီး

ဖာ ရာ တွေ အ ထပ် ထပ် နဲ့
ပျက် သ ထက် ပျက် လာ ခဲ့ .. ။
ဘယ် လောက် ပဲ ချုပ် ချုပ်
စုတ် သ ထက် စုတ် လာ ခဲ့ .. ။
ဒီ လောက် ရွဲ နေ မှ တော့
ဒီ လောက် ပြဲ နေ မှ တော့
ဒီ အ ဝတ် လဲ ဖို့ တန် ပြီ လေ .. ။
(၅.၃.၂၀၁၅)

ပြိုလဲခြင်း အမှတ် ၃/၂၀၁၅

တစ်စက်ချင်း ကျရင်း ဖြည့်လာခဲ့တဲ့
မိုးရေ အိုး လို ...
တစ်မျှင်ချင်း ယက်ခဲ့တဲ့
စာဗူးတောင်း သိုက်လို ..
စက္ကန့်တွေ မိနစ်တွေ နာရီတွေ
စုဖွဲ့ ..
တစ်ရက် ပြီး တစ်ရက်
မျှော်လင့်ချက် အပြည့်နဲ့
လျှောက်လှမ်းနေတဲ့ မှတ်တိုင်တစ်ခု ရှိခဲ့တယ် ..
မှတ်တိုင်လေးကို ရောက်ဖို့ ..
ချွေးစက်ပေါင်းများစွာ .. မြှုပ်နှံ
မျက်ရည် တွေ လိမ်းကျံ လို့ ...
ခုတော့ ..
မိုးရေအိုးလေး ကွဲ
စာဗူးတောင်း သိုက် လေးလည်း မီး စွဲ ...
မှတ်တိုင်လေးလည်း .. .. ...

 ( ဖြစ်တည်လာဖို့ ကြာမြင့်ပေမယ့်
ပျက်စီးဖို့က သိပ်မြန်တဲ့ အ ကြောင်း
ဒိုင်ယာရီ လေး ထဲ ဒီနေ့ ရေး ဖြစ် ခဲ့တယ်)

(၉.၃.၂၀၁၅) တနင်္လာနေ့
 

အိမ်ကြက်ကလေးများ

အိုးမည်း သုတ် ခံ ရ တာ လား ..
မဟုတ်ဘူး
ဆေး ရောင် စုံ ခြယ် ခံ ခဲ့ ရ တာ .. ။
ဒီ လို နဲ့
ခြံထဲက ကြက် လေး တွေ ဟာ
တစ်သားတည်း ပေါက်ခဲ့သူတွေကိုတောင်
မ သိ နိုင် တော့ ... ။

ဟို နား လည်း ခွပ်
ဒီ နား လည်း ခွပ်
သူ တို့ တွေ သံ ပြိုင် ရွတ် တယ်
အောက် အီ အီး အွတ် !!!

(ကြက်ကလေး တွေ ဘေးကင်းပါစေ
ကြက်ကလေး တွေ သွေး ရင်း ပါ စေ
အချင်းချင်း ခွပ်ခြင်းမှ ကင်းဝေးကြပါစေ)

(၁၂.၃.၂၀၁၅)

March

မတ်ခ်ျ ... မတ်ခ်ျ .. မတ်ခ်ျ
ဂူအောင်းကာ နေချင်ပါရဲ့
ပူချက်က ရက်စက်၊

ဖြူလက်စို မောင့်သက်ထားနှယ်
မူ ပျက် ယို ဘ ဝ ပြောင်း တယ်
ညို ပြောက် ကျား ကွက် ။ ။


 ၂၀.၃.၂၀၁၅

တိုတိုထွာထွာ

သုံး ရက် လ ..
ခုံး မျက် စ .. တဲ့ .. ။
နှစ် ရက် ည
ပက် လက် လ က လေး က တော့
ကောင်း ကင် မှာ
လက် သည်း ရှ သလို
ခပ် ပြ ပြ ရယ် ။


(၂၁.၃.၂၀၁၅)
ရန်ကုန်မှ မအူပင်သို့ အပြန် ကားပေါ်မှ မြင်ရသော မြင်ကွင်း

အချစ် အလွမ်း နဲ့ ကဗျာ

►► တကယ်ချစ်လာတဲ့အခါ
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။
►► တကယ်လွမ်းလာတဲ့အခါ
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ
ခင်ဗျား .. ကဗျာတွေ ရွတ်နိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ ရေးနိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ တွေးနိုင်သေးရင် ..
ခင်ဗျားချစ်ခြင်း .. ဗားရှင်းမြှင့်ဖို့ လိုလိမ့်မယ် .. ။

(၁၉.၄.၂၀၁၅)

နွံလယ်က ကြာပွင့်ငယ် .. သို့

► ရေတွေ နောက်နေသလား
မင်း သာ ကျောက်ချဉ်
ကန်ရေပြင် ကြည်စေလိမ့် .. ။

► ဌာန နာမည်ပျက်နေလား ..
မင်း က စလို့ ဖြောင့်မတ်
ဂုဏ်သတင်း တက်စေလိမ့် .. ။


► ကဲ .. သူငယ်ချင်း
ကန်ရေပြင် ပို မနောက်ဖို့
ကျောက်ချဉ် အဖြစ် သုံးမရရင်တောင်
ရွှံ့လုံး မစင်တုံး အဖြစ်နဲ့
မင်း .. လူဖြစ်မရှုံးစေနဲ့ကွာ .. ။

 (ညိုညစ်ညစ် ရေပြင်အလယ်က ကျောက်ချဉ် နဲ့ တူတဲ့ မောင်ငယ်လေး နဲ့
အတူရှိနေတတ်တဲ့ ရွှံ့လုံးလေးများ အတွက် အမှတ်တရ .. )

(၂၀.၄.၂၀၁၅)
ညနေ ၆ နာရီ

ပန်းဝင်တဲ့မိုး


နွေ နွမ်း စဉ် ..
ပန်း ဝင် တဲ့ မိုး..
ပျိုး ပွင့် တွေ ခေါင်း ထောင် ကြော့ တယ်
မော့ လို့ မျှော် ကိုး .. ။

၂၂.၄.၂၀၁၅
ညနေ ၅ နာရီ

စိန်ပန်း


ရဲရဲဝေ လို့
ကြွေလည်း နီပါရဲ့၊
နွေနေမှာ ရွှင်ပြုံးလို့ 
ပင်လုံးကျွတ်ခဲ။

(၆.၅.၁၅)