Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, April 30, 2012

အလုပ်သမားနေ့



အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။ မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။ မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။ ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။ ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။ ၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်းများစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။ ၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။ ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။ ♦ ♦ ♦ ♦ ♦ ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်ကို နေပြည်တော်မှာ ပထမဆုံး အကြိမ် အနေနဲ့ ကျင်းပ သွားဖို့ ရှိတယ်လို့ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အထိမ်းအမှတ် နေ့မှာ ကျွမ်းကျင် လုပ်သား များကို ဆုတံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနား ကိုပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျွမ်းကျင် လုပ်သားများကို ဆုများ ချီးမြှင့်မှု ကိုတော့ အဆိုပါ အလုပ်သမားနေ့ မတိုင်ခင် ကတည်းက ပိုက်ဆက်ခြင်း၊ စက်ချုပ်၊ မုန့်ဖုတ် အစရှိတဲ့ ပြိုင်ပွဲ ၁၉ မျိုးကို ယှဉ်ပြိုင် ထားစေပြီး ဆုရရှိသူ ၂၂ ယောက်ကို နေပြည်တော်မှာ ဆုများ ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်း ထားပြီး အသိအမှတ်ပြု လက်မှတ် ပေးအပ်ခြင်း ခံထားရတဲ့ အလုပ်သမား အဖွဲ့ ၈ ဖွဲ့မှ တာဝန်ရှိသူတွေ ကိုလည်း အဆိုပါ နေ့မှာ ပြောရေး ဆိုခွင့်ရှိသူ ပုဂ်္ဂိုလ် တစ်ဦး အနေနဲ့ ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ် တင်မြှောက် ခံရတဲ့ ပုဂ်္ဂိုလ်ဟာ အလုပ်သမားများ ဘက်ကနေပြီး လိုအပ်ချက် များကို ဖြည့်တင်း ပေးနိုင်ဖို့ ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သံစဉ်ဖြူဖြူ

ထိုင်းနိုင်ငံမှ မြေအောက်မီးတောက်များ

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ မြေအောက်မီးလောင်မှုတစ်ခု ထိုင်းနိုင်ငံ နာခွန်ထိုင်း (Nakhonthai) ခရိုင် ဖစ်ဆနျုလုတ်ခ် (Phitsanulok) ဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေရာမှာ ၁၉၈၂ ခုနှစ်မှာ သစ်ခွဲစက်တည်ရှိခဲ့ဖူးပြီး ဒေသခံတွေ မီးသွေးဖုတ်တဲ့နေရာအဖြစ် အသုံးပြုလေ့ ရှိပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် လူ ၃ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန် အများအပြား သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် Nakhonthai-Dan Sai လမ်းမကြီးလည်း ၄၀၀ စတုရန်းမီတာခန့် ပျက်စီးခဲ့ရပါတယ်။
အခင်းဖြစ်ပွားပြီးချိန်မှာ The Disaster Prevention and Mitigation Department မှ Itsaraporn Sujano  ခေါင်းဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပေမယ့် အကြောင်းရင်းကို သေချာမဆုံးဖြတ်နိုင်သေးပါဘူး။
အခြားသော အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီဖြစ်စဉ်ကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ နေရာပတ်ပတ်လည်မှာ သတိပေးစာတမ်းများ ချိတ်ဆွဲထားပြီး ဒေသခံတွေကိုလည်း မြေကြီးအပူဓာတ်လျှော့ချဖို့အတွက် ရေများ ဖြန်းထားဖို့ အကြံပြုထားပါတယ်။
မကြာခင်က ထိုင်းနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်မယ်လို့ ဒေသခံအချို့က ယူဆကြပါတယ်။
သူတို့အနေနဲ့ တာဝန်ရှိအဖွဲ့အစည်းများမှ အကြောင်းရင်းကို အမြန်ဆုံးထုတ်ပြန်ပေးစေလိုပြီး အဲဒီပတ်ဝန်းကျင်ကို ကလေးနဲ့ တိရစ္ဆာန်တွေ မ၀င်နိုင်အောင် ကာရံပေးစေချင်ကြပါတယ်။

ဒါလေးကတော့ ဗွီဒီယိုဖိုင်လေးပါ။



 သံစဉ်ဖြူဖြူ

Thursday, March 8, 2012

ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြပါစို့ ♦♦

ဒီနေ့ကတော့ ကမ္ဘာ့အမျိုးသမီးများနေ့ ဖြစ်ပါတယ်

ဒီနေ့အတွက် ဆောင်ပုဒ် ကတော့
Connecting girls, Inspiring futures
ဖြစ်ပါတယ်။

If every International Women's Day event held in 2012 includes girls in some way, then thousands of minds will be inspired globally.
အနာဂတ်ကို လွှမ်းမိုးဖို့ အမျိုးသမီးများ ပေါင်းစည်းစို့
လို့ပဲ ဘာသာပြန်လိုက်ပါရစေ

ဆိုရှယ်လစ် နဲ့ အခြားသော နိုင်ငံရေး လူပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း အမျိုးသမီးများရဲ့ စွမ်းဆောင်မှုက အသိအမှတ်ပြု ယုံကြည်အားထားလာရတဲ့အတွက် ဒီနေ့ကို အမျိုးသမီးများ အတွက် ဂုဏ်ပြု သတ်မှတ်ပေးခဲ့တယ်ပြောပါတယ်။ ဥရောပ အရှေ့နိုင်ငံတွေ နဲ့ ယခင် ဆိုဗီယက် နိုင်ငံတွေမှာတော့ မတ်လ (၈) ရက်နေ့ (Gazetted Holiday) အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပါတယ်။ IWD ကို ကမ္ဘာ့မြောက်ဘက်ခြမ်း နိုင်ငံတွေမှာတော့ မတ်လရဲ့ပထမဆုံး ရက်သတ္တပါတ်၊ ဆောင်းနှောင်းရာသီ (ဆောင်းအကုန်၊ နွေအကူး ကြားကာလ (the season after winter and before summer) မှာ ကျင်းပလေ့ရှိပါတယ်။

ရုရှနိုင်ငံမှာတော့ (၁၉၁၇) အောက်တိုဘာ တော်လှန်ရေး အပြီး အမျိုးသမီးများရဲ့ ချီတတ်ဆန္ဒပြမှုတွေအပြီးမှာ IWD ကို သတ်မှတ်ခဲ့ပါတယ်။
(၁၉၁၇) အောက်တိုဘာတော်လှန်ရေးအပြီး ဘော်ရှိဗစ်ပါတီခေါင်းဆောင် အလက်ဇန်ဒရာ ကာလွန်တယ် (Alexander Kollontai) က ရုရှသမ္မတ လီနင်အား ၄င်း ချီတတ်ဆန္ဒပြသောနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ (၁၉၆၅) ခုနှစ်ထိ သတ်မှတ်ခံခဲ့ရခြင်းမရှိခဲ့ဘဲ (၁၉၆၅) ခုနှစ်၊ မေလ (၈) ရက်နေ့မှာတော့ ဆိုဗီယက် အစိုးရအဖွဲ့မှဆိုဗီယက် အမျိုးသမီး များ၏ နိုင်ငံတော် ကာကွယ်လိုမှု၊ ငြိမ်းချမ်းရေးရယူလိုမှု၊ ဆိုဗီယက်နိုင်ငံတော် ပြန်လည်ထူထောင်မှုတွေမှာ အမျိုးသားများကဲ့သို စွမ်းစွမ်းတမံ ထူးခွန်စွာပါဝင်ခဲ့မှု၊ နယ်ပယ်အသီးသီးရှိ အမျိုးသမီးများရဲ့ စွမ်းဆောင်မှုများကြောင့် မတ်လ (၈) ရက်နေ့ကို တရားဝင် အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့အမျိုးသမီးများနေ့ကို ကင်မရွန်း၊ ရူမေးနီးယား၊ ဆာဗီးယား၊ ဘူဂေးရီးယား၊ ချီလီ စတဲ့ နိုင်ငံတွေမှာတော့ တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့မှာ အမျိုးသားတွေက သူတို့ဘ၀ထဲက အရေးကြီးတဲ့ အမျိုးသမီးတွေကို ပန်းနဲ့ လက်ဆောင်လေးတွေကို ပေးကြပါတယ်။ ဘူဂေးရီးယားနဲ့ ရိုမေးနီးယား နိုင်ငံများမှာတော့ မိခင်များနေ့ကဲ့သို့ ကျင်းပခဲ့ကြပြီး ကလေးတွေက သူတို့ရဲ့ မိခင်နဲ့ အဖွားတို့ကို လက်ဆောင်ပေးကြတယ်။
အ၀ါရောင်ရှိတဲ့ Mimosa (Silver Wattle) ဆိုတဲ့ ပန်းက အီတလီ နဲ့ ရုရှားနိုင်ငံ မှာ အမျိုးသမီးများနေ့ သင်္ကေတပန်းပွင့်ဖြစ်ပါသတဲ့။ ရုရှား နဲ့ အယ်လ်ဘေးနီးယား လူမျိုးတွေကတော့ ချောကလက်နဲ့ တွဲပြီးပေးကြပါတယ်။
ဘော့စနီးယား၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ အက်စတိုနီးယား၊ ဟန်ဂေရီ၊ လပ်ဗီးယား၊ လစ်သိုးနီယား၊ ပိုလန်၊ မက်ဆီဒိုးနီးယား၊ မော်ဒိုဗာ၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ရုရှား၊ ဆာဗီးယား၊ စလိုဗက်ကီးယား နဲ့ စလိုဗေးနီးယား နိုင်ငံတွေမှာလည်း အဲဒီအလေ့ ကျင့်သုံးကြပါသေးတယ်။
အဲဒီနေ့မှာ အလုပ်ရှင်တွေကလည်း သူတို့ရဲ့ အလုပ်သမတွေကို၊ တပည့်တွေက ဆရာမတွေကို လက်ဆောင်ပေးကြပါတယ်။
ပေါ်တူဂီ အမျိုးသမီးတွေကတော့ မတ်လ (၈) ရက်မှာ အမျိုးသမီးသီးသန့်ညစာစားပွဲပါတီတွေ ကျင်းပလေ့ရှိကြသတဲ့။
ကုလသမ္မဂ္ဂအဖွဲ့အစည်းကလည်း ၁၉၇၅ ခုနှစ်ကို ကမ္ဘာ့အမျိုးသမီးများနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး အဲဒီအချိန်ကစလို့ ကမ္ဘာ့အမျိုးသမီးများနေ့ကို တရားဝင်ထောက်ပံ့ပေးခဲ့ပါတယ်။
UK မှာတော့ ၂၀၀၅ မှာ လုပ်ခဲ့တဲ့ British Trades Union Congress မှာ
ကမ္ဘာ့အမျိုးသမီးများနေ့ကို တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခွင့်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့အနှံ့အပြားမှာ အရေးတယူကျင်းပနေကြတဲ့ ကမ္ဘာ့အမျိုးသမီးများနေ့မှာ ကျွန်မတို့တွေလည်း မိမိတို့ဘ၀ထဲမှာ ချစ်ခင်လေးစားမြတ်နိုးရတဲ့ အမျိုးသမီးများကို ချစ်ခင်မြတ်နိုးစွာနဲ့ ဂုဏ်ပြုကြပါစို့လားရှင်။

                                                                                                                     သံစဉ်ဖြူဖြူ