မိန်းမတွေများ
တော်တော်အပြောင်းအလဲနိုင်တယ်။ တကယ်ပါဗျာ။ မုန်းတုန်းကလည်း သူပဲ ခါးခါးသီးသီး။
ချစ်ပြန်တော့လည်း
သူ့အပြင်မရှိဘူး။ သူ ကျွန်တော့်ကို မုန်းတယ်ပြောတော့ အတော်ဒေါသထွက်တာ။ နောက်တော့လည်း
သူ မချစ်လည်း ကျွန်တော့်ကို ချစ်တဲ့သူတွေ တစ်ပုံကြီးရယ် လို့ တွေးပြီး စိတ်ကိုဖြေလိုက်တယ်။
အဟုတ်ဗျ။
ကျွန်တော့်ကို လူအတော်များများချစ်ကြတယ်။ ရွာမှာဆို အလှူပဲလုပ်လုပ်၊ မင်္ဂလာပဲ ဆောင်ဆောင်
ကျွန်တော်ပါမှ။
အဲဒီမိန်းကလေးလည်း
ကျွန်တော့်ကို ချစ်ခဲ့တာပဲ။ နောက်မှသာ အချိုးပြောင်းတာ။
ဒီလိုဗျ။
သူတို့ မိသားစုက ခရီးသွားတာ ဝါသနာပါတယ်။ သူတို့ ခရီးထွက်တိုင်း အမေကြီးက ကျွန်တော့်ကို
ခေါ်တယ်။ သူ့ အမေကြီးကတော့ ကျွန်တော့်ကို သိပ် ချစ်တာလေ။ သူ နဲ့ ဆုံရတာလည်း သူ့အမေကြောင့်ပဲပေါ့။
စောစောကပြောသလိုပဲ
တွေ့ကာစကတော့ သူလည်း ကျွန်တော့်ကို သဘောကျပုံရပါတယ်။ ခရီးသွားတိုင်း သူ့အမေ ကျွန်တော့်ကို
အမြဲခေါ်တာကို သူ ဘာမှ မပြောဘူး။ ကျွန်တော်တို့တွေ ခရီးအတော်များများ အတူသွားဖြစ်ကြတယ်။
အထက်ဘက်ဆို ပုဂံ၊ ပုပ္ပါး၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊
မုံရွာ။ အောက်ဘက်ဆို ပဲခူး၊ မော်လမြိုင်၊ ကျိုက္ခမီ က စလို့ ထားဝယ်ထိ ရောက်တယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးဆိုတာကတော့
မသွားတဲ့နှစ်ကို မရှိဘူး။ ပင်လယ်ခရီးလည်း ပါသေးတာပေါ့ဗျာ။
အဲဒါလည်း
ထားပါလေ။ ပြောချင်တာက အဲဒီမှာစတာ။
မြင်ပါများရင်
ရိုးအီတတ်ကြတယ် ဆိုတာ ကျွန်တော် အရင်က ကြားဖူးခဲ့ပေမယ့် ဒီမိန်းကလေးနဲ့တွေ့မှ လက်တွေ့လက်ခံလိုက်ရတာ။
ခရီးသွားတိုင်း
ကျွန်တော့်ကို အမြဲ တွေ့မြင်နေရတော့ ကျွန်တော့်ကို သူ ရင်မခုန်တော့ဘူး ထင်ပါရဲ့။ ပထမပိုင်းမှာ
သူ ခပ်ရှောင်ရှောင်လုပ်လာတယ်။ နောက်ပိုင်းကျတော့ ကျွန်တော် သူတို့အိမ်ကို လာတာကိုတောင်
မကြိုက်တော့ဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ရှေ့မှာတင် သူ့အမေ ကို သူ တရားဝင်ဖွင့်ပြောတယ်။
ကျွန်တော့်ကို သူတို့အိမ်ကို မလာပါစေနဲ့တော့။ မမြင်ချင်တော့ပါဘူးတဲ့ဗျာ။
ကျွန်တော့်ကို
နာမည်အသစ်တစ်ခုပါ ပေးလိုက်သေးတယ်။
“…………. ”
“ထပ်မမြင်ချင်တော့ဘူး”
တဲ့လေ။
ကျွန်တော်လည်း
စိတ်မကောင်းဖြစ်ပေမယ့် ခဏပါပဲ။ ဟိုး အစပိုင်းမှာ ကျွန်တော်ပြောခဲ့သားပဲ။
ကျွန်တော့်ကို
ချစ်တဲ့သူ ပေါပါတယ်ဆို။ ခရီးဆိုတာကလည်း သူ ခေါ်မှ သွားရတာမဟုတ်ပါဘူး။ ခေါ်မယ့်သူတွေ ဝိုင်းဝိုင်းကိုလည်နေတာ။
သူတို့လို
ပြည်တွင်း ခရီးမပြောနဲ့။ ပြည်ပခရီးပါ မကြာခဏ ထွက်ရသေး။ ဟင်းဟင်း .. ခေတ်စကားနဲ့ပြောရရင်
ဒီကောင်ကလည်း “ခပ်ချေချေပဲ”လေ။
……
အဲဒီလိုနဲ့
ကျွန်တော်လည်း အဲဒီမိန်းကလေးကို မေ့ထားလိုက်ပြီး ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့ပဲ
နေဖြစ်တော့တယ်။
အဲဒီလိုနဲ့
နေလာရင် တစ်နေ့မှာ သူ့အမေကြီးက ကျွန်တော့်ကို ခေါ်ပြီး ပြောရှာတယ်။
“သမီးလေးက
မင်းကို သိပ်တွေ့ချင်နေရှာတယ်။ မင်း မရောက်ရောက်အောင် သွားပေးပါကွယ်” တဲ့။
ကျွန်တော်ဖြင့်
ကိုယ့်နားကို ကိုယ် မယုံနိုင်အောင်ပါပဲ။
ဒါပေမယ့်လည်း
သူ့အမေကြီးမျက်နှာလည်းရှိ၊ တစ်ချိန်က သံယောဇဉ်လက်ကျန်လေးကလည်း ခေါင်းထောင်လာတာနဲ့ အသေအချာပြင်ဆင်ပြီး
သူ့ဆီ ကျွန်တော် ရောက်အောင် သွားရပါတော့တယ်။
သွားမယ့်
သွားရတော့လည်း အဝေးကြီးမှာဗျာ။
ပြည်ပခရီး
သွားဖူးတဲ့ အတွေ့အကြုံရှိလို့သာ တော်တော့တယ်။
………………………………………………
လာသာ လာခဲ့ရတယ်။
ကျွန်တော့် စိတ်ထဲမှာ သိပ် အစာကြေသေးတာမဟုတ်ဘူး။
ကျွန်တော့်ကို
ခါးခါးသီးသီး ငြင်းလွှတ်ခဲ့တာကို ကျွန်တော် အခဲမကျေဖြစ်နေတုန်း။
ဒါပေမယ့်
သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့် ဒေါသရေချိန် နည်းနည်း လျော့သွားတာတော့အမှန်ပဲ။
သူ့မျက်နှာမှာ
တကယ်ပဲ ကျွန်တော့်ကို မျှော်နေခဲ့တဲ့အရိပ်အယောင်တွေ ပြည့်နှက်နေတယ်။
ကျွန်တော့်ကို
မမြင်ချင်ဘူးလို့ ပြောခဲ့သူက သူမှ ဟုတ်ပါလေစ လို့ တွေးမိတဲ့အထိပါပဲ။
နူးညံ့တဲ့
သူ့လက်ကလေးတွေနဲ့ ကျွန်တော့်ကို ဖွဖွလေးထိတယ်။
“ခုမှ လာတယ်နော် နင့် ကို ငါ သိပ်လွမ်းနေခဲ့တာ” တဲ့။
သူ ပြောခဲ့တဲ့စကားတွေအတွက်
နောင်တရကြောင်း၊ ရေခြားမြေခြားရောက်သွားတဲ့အချိန်မှာ ကျွန်တော့်ကို ဘယ်လောက်ထိ လိုအပ်မှန်း
သိလာကြောင်း၊ ဘယ်လို သတိရကြောင်း တဖွဖွ ပြောရင်း ကျွန်တော်နေရမယ့်နေရာကို ခေါ်သွားတယ်။
“အပေါ်ထပ်မှာ
နေနော်” တဲ့။
ကြည့်လိုက်တော့
တစ်နယ်တည်းသား သရက်သီးသနပ်၊ လက်ဖက်နဲ့ ငါးရံ့ခြောက်ဖုတ်တွေကို တွေ့တယ်။
အောက်ထပ်မှာကြည့်တော့
ချိစ်၊ ဆော့ဗူးတွေနဲ့ အသီးအရွက်အချို့ကို တွေ့တယ်။
သူ့ကို တစ်ချက်မော့ကြည့်မိတော့
“မကြည့်ပါနဲ့
အမေ့လက်ရာငံပြာရည်ချက်လေးရယ်။ ခုချိန်မှာ နင့်ကိုပဲ ငါ အချစ်ဆုံးပါ” တဲ့
ကျွန်တော့်ခံပြင်းမှုတွေ၊
ဒေါသတွေအားလုံး ပြိုဆင်းသွားတယ်။
အဲဒီနောက်
… ရေခဲသေတ္တာထဲ ကျေကျေနပ်နပ်ပဲ ခုန်ဝင်လိုက်ပါတော့တယ်။
သူ နာမည်ပေးခဲ့ဖူးတဲ့
“ခရီးသွားဟင်းကြီး” အဖြစ်နဲ့ပေါ့။
……
သံစဉ်ဖြူဖြူ
(၃၁.၁၂.၂၀၁၆)
No comments:
Post a Comment