Sunday, January 10, 2016

နှစ်သစ်ကူးတဲ့မနက် ..



အုန်းသီး ဖြူဖြူ ဖြူး တဲ့
ကောက်ညင်းပေါင်း ပူပူ
ရေနွေးလည်း ဆူ
လာ တူတူ စားကြပါစို့
နှစ်ကူးရဲ့ အလှူ .. ။

နေမထွက်ခင်ဖြင့်
ဆုံရပ်ကို သွားကြစို့ရဲ့
တိုင်ထက်မှာ အလံထူ ..
ညီညီညာ ဦးညွှတ်ကြမယ် ..
တစ်စိတ်တစ်ဝမ်းတည်းတူ .. ။

သင်တိုင်းရယ် ဆင်တူ
အေးတယ်ကွဲ့ ဖိုးခွားရယ်
ပုဝါလည်း ယူ .. ။
ဖားစည်က တဒူဒူ
သွေးပူအောင် ကလိုက်ကြစို့
တို့ မောင်နှမ အတူတူ .. ။

သံစဉ်ဖြူဖြူ
 10.1.2016
၁၃၇၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်
ကရင်နှစ်သစ်ကူးနေ့

Monday, January 4, 2016

အရွယ်လွန်သစ်သီးတစ်လုံး သို့ ချင်ခြင်း






 “မအူပင်စက်မှုလက်မှုသိပ္ပံ ကျောင်းသား ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲ ဖိတ်ကြားလွှာ”
သြော် .. ဘာလိုလိုနဲ့ ဆရာကန်တော့ပွဲ ကျင်းပချိန် ပြန်ရောက်လာပါပေါ့လား။
လူမှုကွန်ယက်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ သတင်းကို ဖတ်ရင်း လွန်ခဲ့တဲ့ (၁၅) နှစ်ခန့်ကို ပြန်သတိရ။
နှစ်တွေ ကြာသွားခဲ့ပေမယ့် ငါ့အတွက်တော့ မနေ့ တစ်နေ့ကလိုဖြစ်နေဆဲပါ ဇော်။
အချိန်တွေ ပြောင်းလဲသွားပေမယ့်လည်း အတိတ်ရက်စွဲအချို့က ငါ့အတွက်တော့ လတ်ဆတ်နေဆဲ၊ ပြန်တွေးမိတိုင်း နှလုံးတွေ တဆတ်ဆတ် ခုန်လာဆဲပါလေ။ အမှတ်တရ ဆိုမှတော့ မေ့လို့ ရ ပါ့မလားနော်။
အထူးသဖြင့် တိုးမြစ်ကမ်းနံဘေးက မအူပင်မြို့လေးရဲ့ စက်မှုလက်မှုသိပ္ပံမှာ ငါတို့ အတူတူရှိခဲ့တဲ့အမှတ်တရတွေကို မေ့ဖို့ဘယ်လွယ်မှာတဲ့လဲ။
************
ဆရာက သင်္ချာသင်မှာ။ ဆရာသင်မယ့်ထဲက စက်ဝိုင်း၊ အီလစ် နဲ့ ပါရာဘလာ အကြောင်း ပြောပြမယ်။ သိကြလားဟေ့။”
“မသိပါဘူးဆရာ”
ဒီလိုကွာ။ မင်းတို့ကို ဆရာက စာသင်ခန်းထဲမှာ စာတွေသင်တယ်။ အဲဒီအချိန်မှာ မင်းတို့က အာရုံမစိုက်ဘဲ လုပ်ချင်ရာလုပ်နေမယ်။ ဒါမှမဟုတ် အတန်းလစ်မယ်။ ကျောင်းပြေးမယ်။ ဟော အချိန်ကျလို့ စာမေးပွဲခန်းထဲလည်းရောက်ရော စာကမရဘူး။ မေးခွန်းထဲမှာ မေးထားသမျှ ဘာမှ မဖြေနိုင်ဘူး။ အဲဒါနဲ့ ဘေးက သူငယ်ချင်းဆီ ခိုးကြည့်၊ အခန်းစောင့်ဆရာက အလွတ်မပေးတော့ ကူးလို့မရ။ ဟိုကြည့် ဒီကြည့်နဲ့ အချိန်တွေက ပိုလာတော့ အီလည်လည် ဖြစ်လာတယ်။ မထူးပါဘူး လစ်တော့မယ်ကွာ ဆိုပြီး အဖြေလွှာလေး ဆရာ့ဆီအပ်ပြီး ထွက်လာတယ် မဟုတ်လား။ အဲဒါပေါ့ အီလစ် ဆိုတာ။
အဲဒီ အီလစ်ကြီးရဲ့ အဖြေလွှာက စာစစ်တဲ့ ဆရာမဆီ ရောက်သွားရော။ ဆရာမလည်း ကိုယ့်တပည့်တွေဆိုတော့ အောင်စေချင်တဲ့စိတ်နဲ့ အမှတ်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အဖြေလွှာထဲတွေ့တာက ပါရာဘလာ တွေချည်းပဲ တဲ့။ အဲဒီဆရာမ အမှတ် ဘယ်လောက်ပေးလိုက်သလဲ သိလား။ ပါလာတာ ဗလာတွေချည်း ဆိုမှတော့ အမှတ်တစ်မှတ်မှ ပေးလို့မရဘူးပေါ့ကွာ။
ဒါနဲ့ပဲ အဖြေလွှာပေါ်မှာ ဒီလိုလေး ရေးလိုက်ရတယ်။
 ပြောရင်းဆိုရင်းနဲ့ ဆရာက ကျောက်သင်ပုန်းပေါ် သုညအကြီးကြီး ရေးပြလိုက်တယ်။
အဲဒါဘာလဲ သိလားကွ။
သုညပါ ဆရာ
အဲဒါ ဒီနေ့ သင်မယ့် စက်ဝိုင်းပဲကွ။ ကဲ စာအုပ်ထုတ်။ စက်ဝိုင်းတွေ ဆွဲကြရအောင်
သင်္ချာက မိုင်နာဘာသာမို့ အတန်းလစ်ဖို့ စိတ်ကူးထားကြပေမယ့် အချိန်ကုန်တဲ့အထိ ထိုင်သွားကြတာ တစ်ခန်းလုံး။
ဆရာ စာသင်တာ သိပ်တော်တာပဲနော် … ဇော်
**********
ရွှတ် ရွှတ်”
“ဟဲ့ ဘယ်သူမှန်း မသိဘဲ နင် စပြန်ပြီ မေသူ”
“ဘယ်သူမှန်းမသိလို့ စတာပေါ့ဟဲ့ .. ဒီကောင်လေး ငါ တစ်ခါမှ မမြင်ဖူးဘူး”
အဲဒီ မေသူက အစအနောက်က တအားသန်။ ယောက်ျားလေး တစ်ယောက်တည်း ဖြစ်နေလို့ကတော့ ဘယ်တော့မှ အလွတ်မပေး။ သူကချည်း အရင် စ တာ။ တစ်ခါက သူ စမိတဲ့ ကောင်လေးက ဆရာမ ဆီ သွားတိုင်လို့ အဆူခံရသေး။ ဒါလည်း မမှတ်။
ခုလည်း ရှေ့က တစ်ယောက်က ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ လျှောက်လိုက်တာ ကိုယ်တွေတောင် မမီတော့။
 “ဟဲ့ မေသူရေ .. ခုနက နင် စလိုက်တဲ့ တစ်ယောက်က ဆရာထင်တယ်။ မဉ္ဇူဆောင်ထဲ ဝင်သွားတယ်။”
“သေပြီ သေပြီ။ တို့မေဂျာကို ဆရာအသစ်တစ်ယောက် ရောက်မယ် ပြောထားတာ မေ့နေတယ်။”
စတုန်းကလည်း သူပဲ။ ကြောက်တော့လည်း သူပဲ။ ကိုယ်တို့တွေက အဆူခံရမည်အထင်နဲ့ အသာလေး အနောက်က ခိုးဝင်ပေမယ့် ဆရာက ကိုယ်တို့တင်မက ဘယ်သူ့မှ ဂရုမထားသည့်ပုံ။ အခန်းထဲ ရောက်သည်နှင့် စကားတစ်ခွန်းမှ မပြောသေးဘဲ ကျောင်းသားတွေကို ကျောပေးပြီး ကျောက်သင်ပုန်း ပေါ် စာလုံး () လုံးရေးသည်။ ဘာအဓိပ္ပါယ်မှန်းတော့ မသိ။ ဖတ်ကြည့်တော့
ချို ချစ် ခြင်း
အရှေ့နားက အသံထွက်လာသည်။ “အဲဒါ ချိုချို့ ရဲ့ ချစ်ခြင်း ကို သင်ရမှာလား ဆရာ
ကျောင်းသားတွေဘက်လှည့်ရင်း လက်ဝါးကာပြသည်။ ခဏနေဦး ဆိုသည့် သဘော။ ပြီးတော့ ပြန်လှည့်ပြီး စာလုံး () လုံးထပ်ရေးသည်။
ရှို ရှစ် ရှင်း
ကျွန်တော်က တောင်ငူသားပါ။ ရှ ဆိုတဲ့ စကားလုံးကို မပီပါဘူး။ ရှို လို့ ပြောရင် ရှိုလို့ အသံထွက်ပါတယ်။ ရှင်းလို့ ပြောရင် ရှင်းလို့ အသံထွက်ပါတယ်။ အဲဒါကြောင့် သည်းခံပေးဖို့ ပထမဦးဆုံး ပြောရှင်တာပါ။
အားလုံး ပြုံးစိစိ ဖြစ်ကုန်သည်။ အလယ်တန်းက မိန်းကလေးတွေနားမှာတော့ ခိကနဲ ခွိကနဲ။
ဒီလိုနဲ့ ခိုးခိုးခစ်ခစ် ရယ်ရင်း တိုးတိုးတိတ်တိတ် ပြုံးရင်း စာသင်ချိန် ဆုံးကာနီးတော့ ဆရာက Roll Call ခေါ်ဖို့ ပြင်တယ်။
ခုံနံပါတ် တစ်
ရှိပါတယ်ဆရာ
နှစ်
ရှိပါတယ်ဆရာ
သုံး
လေး
ငါး
ရှောက်
ရယ်သံများ တစ်ဖန် ထွက်လာပြန်တယ်။
“ကဲကဲ တော်ပြီ။ ကျန်တဲ့သူတွေကို နာမည်နဲ့ပဲ ခေါ်တော့မယ်။ ပြန်စမယ်။”
မျိုးနိုင်ထွန်း
ရှိပါတယ် ဆရာ
နွယ်ဇင်လင်း
ရှိပါတယ် ဆရာ
ရှမ်းမြေ့အောင်
ရယ်သံများ ထိန်းမရတော့။ ချမ်းမြေ့အောင် လည်း ထိုနေ့ကစပြီး ရှမ်း မြင့်အောင် ဖြစ်သွားတော့သည်။ အဲဒီနှစ်က ကျောင်းမှာ ပွဲလုပ်တော့ စင်ပေါ်တက်ပြီး ဆရာ က သီချင်းဆိုသေးတယ်။ တစ်ပုဒ်လုံးကို အရှစ်ရှင်း ထပ်လို့။ အဲလေ အချစ်ချင်း ထပ်လို့။
ဇော်ရေ .. အဲဒီတုန်းက ရယ်မောခြင်းတွေမှာ ဖြူစင်ခြင်းတွေ ပါခဲ့တယ်နော်
***********
ရှို
….
ရှို
....
“ရှိုရေ .. ဟန်နီရှို .. ငါခေါ်နေတာ မထူးဘူးလား”
“ဇော် နော်။ နင်တော့ သေတော့မယ်။ ငါ့ကို နာမည် မဖျက်နဲ့။”
“ရှိုကလည်း .. ဆရာခေါ်တာကျတော့ ထူးပြီးတော့”
ဟဲ့ .. ဆရာက ဆရာလေ။ နင်က နင်။ လာမခေါ်နဲ့”
အေးပါ အေးပါ။ နောက်ကို ရှို့ကို ရှို လို့ မခေါ်တော့ပါဘူး
နင်နော်
အေးပါ။ ငါ နင့်ကို စတာပါ။ နောက်ကို ဟန်နီ လို့ပဲ ခေါ်တော့မယ်နော်။”
“အေး အဲလိုလုပ်စမ်းပါ”
ဟန်နီရေ ဟန်နီ
ဘာတုန်း
ငါက ဟန်နီ လို့ ခေါ်ရင် နင်က ဒါလင် လို့ ပြန်ထူးလေ
သေ သေ သေ။ နင် အဲဒီနားမှာ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီးတော့သာ သေ
ဟား ဟား
သိပ်ကြမ်းတဲ့ ကျောင်းအဝင်လမ်းမှာ စက်ဘီးကို မနည်းကြိုးစားနင်းနေရတာကို မညှာတာဘဲ ကယ်ရီယာပေါ်အငြိမ့်သားထိုင်ရင်း
နင့် ကျောကုန်းတွေကို ငါ ထုခဲ့တာတောင် နင် ရယ်နိုင်ခဲ့သေးတယ်နော်။ အဲဒီတုန်းက ရယ်မောခြင်းတွေ နုပျိုခြင်းတွေကို လွမ်းဆွတ်မိပါရဲ့ ဇော် ..
********
“ဟားဟားဟား”
“သူက အဲဒီအချိန်ကတည်းက နင့်ကို ချစ်နေတာပေါ့လေ။”
“ဟုတ်မှာပေါ့ သဉ္ဇာရယ်။ ငါက သူ့ကို ယောက်ျားလေးလို့ကို မသတ်မှတ်တာ။ အလယ်တန်းကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေ။ (၁၀) တန်းအောင်လို့ ဂျီတီအိုင်လျှောက်ကြတော့လည်း ငါတို့ တစ်ဖွဲ့လုံးထဲက သူနဲ့ငါပဲ တက်ဖြစ်တာမို့ ပိုပြီးရင်းနှီးနေကြတာ။ နောက်ပိုင်း သူ တရားဝင်ဖွင့်ပြောလာတော့လည်း ငါ လက်မခံခဲ့ဘူး။ ရွှေမင်းသမီး ပုံပြင်တွေ အဖတ်များခဲ့လို့ ထင်ပါရဲ့ဟာ။ အနားမှာရှိနေတဲ့ အချစ်ကို တန်ဖိုးမထားမိဘဲ မိုးကျရွှေကိုယ်လို ပေါ်လာမယ့် ရွှေမင်းသားလေးကို ငါက မျှော်နေမိခဲ့တာ။ တကယ်တမ်း ငါ သူ့ကို သိပ်ချစ်နေမှန်း သိတဲ့အချိန်မှာ သူ က ငါ့နားမရှိတော့ဘူးလေ။ ငါတို့အလယ်တန်း အထက်တန်းတက်ခဲ့တဲ့ မြို့ကနေ သူတို့မိသားစု ပြောင်းသွားတယ်။ နောက်ပိုင်း ငါတို့ မိသားစုလည်း အဖေ တာဝန်ကျတဲ့ မြို့တွေကို လိုက်ပြောင်းတော့ အဆက်အသွယ်က လုံးဝ ပျက်သွားတာပါပဲဟာ။ ခုခေတ်လိုလည်း ဖုန်းတွေက မပေါသေးဘူးမဟုတ်လား”
“သြော .. ဂလိုကိုး။ ငါ ဖတ်ဖူးတာ တစ်ခု လို ဖြစ်နေပြီ ထင်တယ်”
“ငါဖတ်ဖူးတာ ရှိတယ်ဟ။ သေချာတော့ မမှတ်မိတော့ပါဘူး။ ပြောတတ်သလောက် ပြောရရင်တော့ တစ်ခါက တပည့်တစ်ယောက်က ဆရာ့ကို မေးတယ်။ ကျွန်တော်တို့အတွက် ဖူးစာဖက်ကို ဘယ်လို ရှာရမလဲ တဲ့။
ဆရာက ဘာမှပြန်မဖြေဘဲနဲ့ တပည့်ကို ခြံထဲဆင်းပြီး လိမ္မော်သီး ခူးခိုင်းတယ်။ လိမ္မော်ပင်တွေ တန်းစီပြီး စိုက်ထားတယ်တဲ့။ အဲဒီထဲက အကြိုက်ဆုံး တစ်လုံးရွေးပြီး ခူးလို့ရတယ်။ မကြိုက်မချင်း ရွေးခွင့်ရှိတယ်၊ ဒါပေမယ့် မကြိုက်လို့ ချန်ထားခဲ့တဲ့ အပင်က အသီးကို ပြန်ခူးခွင့်မရှိဘူး တဲ့။ ကြိုက်တာတွေ့ရင် ခူးလာခဲ့။ မကြိုက်ရင်တော့ ဒီတိုင်းပဲ ပြန်လာခဲ့ လို့ ပြောသတဲ့။
ဒါနဲ့ပဲ တပည့်က ခြံထဲကို သွားတယ်။ အလုံးသေးလေးတွေ၊ မမှည့်သေးတဲ့အလုံးတွေကြားမှာ သိပ်လှတဲ့ အလုံးကြီးတစ်လုံး တွေ့တယ်။ ခူးချင်စိတ်ဖြစ်သွားပေမယ့် ဒီထက် ပိုပြီးလှတဲ့ အသီးတွေ ရှိဦးမှာပဲ ဆိုတဲ့ အတွေးနဲ့ မခူးသေးဘဲ ဆက်လျှောက်တယ်။ အသီးကောင်းကောင်းတွေ ထပ်တွေ့ပေမယ့် ပထမတွေ့ခဲ့တဲ့အပင်က အသီးကြီးလောက် လှတာ ထပ်မတွေ့တော့ဘူးတဲ့။
အဲဒါနဲ့ လက်ဗလာနဲ့ ပြန်လာခဲ့တယ် တဲ့။

ဆရာ့ဆီပြန်ရောက်တော့ ဆရာက မင်းတို့ ဘဝမှာလည်း ရွေးချယ်စရာတွေ အများကြီးရှိလိမ့်မယ်။ အကောင်းဆုံး ဆိုတာ ဘယ်အချိန်မှာ တွေ့ဖြစ်မယ်ဆိုတာ မင်းတို့ မသိနိုင်ဘူး။ အဲဒီတော့ အကောင်းဆုံးကို မျှော်လင့်ပြီး လောဘမသတ်နိုင်ရင် တကယ်အကောင်းဆုံးကို တွေ့တဲ့အခါမှာတောင် မင်းတို့ လွဲလိမ့်မယ်။ ဆက်ရှာရင်းနဲ့ ထပ်မတွေ့တော့တဲ့အခါမှာ တွေ့ရာ အသီးကိုပဲ ခူးသွားကြတယ်။ အဲဒါ ဖူးစာဖက်ပေါ့ .. တဲ့။
လက်ဗလာ နဲ့ ပြန်လာတဲ့ကောင်ကတော့ ဇီဇာကြောင်တဲ့ လူပျိုကြီး ပေါ့ လို့ ဆက်ပြောတာပေါ့ဟာ။
ပြောရင်းနဲ့ ရယ်နေတဲ့ သဉ္ဇာ့ကို ကြည့်ပြီး ငါပါ လိုက်ရယ်လိုက်ရပေမယ့် အသက်ပါမယ် မထင်ပါဘူး ဇော်။
မချိပြုံးဆိုတာမျိုးဖြစ်မယ်ထင်ပါရဲ့လေ။ ငါလည်း လက်ဗလာ နဲ့ ပြန်ခဲ့တဲ့သူပါ ဇော်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်မှာရော အပြင်လောကမှာပါ ငါ့ကို ချဉ်းကပ်တဲ့သူတွေ မနည်းပေမယ့် ငါ့အပေါ် နင့်လောက်ကောင်းတယ်လို့ ထင်မိတာ တစ်ယောက်မှ မရှိခဲ့ဘူးလေ။
*******
ဟန်နီရေ .. အောက်မှာ ဧည့်သည်ရောက်နေတယ်
အဆောင်မှူး ခေါ်သံကြောင့် ခန်းဆီးကို အသာလှပ်ကြည့်တော့ ထင်တဲ့အတိုင်း ဇော်ဇော်။
မနက်ဖြန် Monthly Test ဖြေမှာကို ဘာလာလုပ်ပြန်ပြီလဲ မသိ။
ဇော် .. ဘာကိတ်
ဒီမှာ နင့်ကို ခဲတံလာပို့တာ။ မနက်ဖြန် Drawing ဖြေရမှာ နင် ခုထိ ခဲတံမချွန်ဘူးမလား။ ခဲတံ အတုံးနဲ့ သွားဖြေနေမှာစိုးလို့ မနေနိုင်တဲ့သူက လုပ်ပေးရတာဟေ့
လက်ထဲမှာကြည့်တော့ 2H,4H,H ပုံဆွဲခံတံ ၆ ချောင်း။ စိတ်ထဲမှာ ကျေနပ်သွားပေမယ့်မလိုပါဘူး၊ ငါ့မှာလည်း လက်ပါသားပဲလို့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ဇော်ဇော် အစစအရာရာ ဂရုစိုက်ပေးတတ်သည်ကို သိပေမယ့် ဟန်နီ့ စိတ်ထဲ သူ့ကို ချစ်သူအဖြစ် တစ်ခါမှ တွေးကြည့်လို့မရ။ စိတ်ကူးထဲက ချစ်သူက အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ အားကစားလည်းတော်သူ။
ဇော် က တော့ အသားမမည်းပေမယ့် မဖြူ၊ အရပ်ကလည်း ဟန်နီ့ထက် အနည်းငယ်စွန်းရုံ။ အားကစားဆိုတာတော့ ဝေလာဝေး။ သွားလေရာ စာအုပ်တစ်အုပ် အနည်းဆုံး ပါတတ်ပြီး အားနေရင် စာဖတ်နေတတ်သူ။ ဒီတော့လည်း မိဟန်နီ တို့ စာရင်းထဲမှာ မောင်ဇော်ဇော် မရှိတာ သိပ်တော့မဆန်း။
ဇော်ရေ .. အဲဒီအချိန်တုန်းကတော့ ငါက ပုံပြင်ထဲက ရွှေမင်းသားလေးနဲ့ ဆုံရဖို့ စိတ်ကူးယဉ်ကောင်းတုန်းလေ။
*****************
နင် ဘာပြောစရာရှိလို့လဲ။ ပြောလေ
မနက်က စာမေးပွဲ မဖြေခင် ညနေ ခဏတွေ့ရအောင်၊ ငါ ပြောစရာရှိလို့ ဆိုတဲ့စကားကြောင့် မင်းဧရာတံတား နားက အကြော်ဆိုင်ကို အတူတူ ရောက်နေပေမယ့် ထိုင်တာ ၁၀ မိနစ်လောက်ရှိတဲ့အထိ ဘာစကားတစ်ခွန်းမှ မပြောသေး။
ဖြတ်သွားဖြတ်လာ ဘာမှ မရှိတဲ့ မြစ်ထဲကို ငေးရင်း သက်ပြင်းလည်း ချရဲ့။ သူ့ကို စိတ်မရှည်တာနဲ့ ကိုယ့်ဘာသာ ပူပူနွေးနွေး တို့ဟူးကြော် တစ်ခုကို ကောက်ယူဝါးရင်း ကိုယ်ကြိုက်တဲ့ အကြော်တွေကိုပဲ ရွေးမှာထားပေးတာကို စိတ်ထဲ အသိအမှတ်မပြုဘဲ မနေနိုင်။
ဟဲ့ .. ပြောလေ။ နင် ဘာပြော မလို့လဲ
ဟန်နီ .. နင် ငါ့ကို တကယ်မချစ်နိုင်ဘူးလား
ပွင့်ပွင့်လင်းလင်း ပြောရရင် ချစ်တယ် ဆိုတာကို ငါ မသိဘူး ဇော်။ ငါ နင့်ကို သံယောဇဉ်တော့ ရှိတယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှာ နင့်ကို ရည်းစားတစ်ယောက်လို ခံစားလို့ မရဘူး။
အင်း .. ငါ သိပါပြီ။ ပထမနှစ်ကနေ ဒီနေ့ နောက်ဆုံးနှစ်စာမေးပွဲပြီးတဲ့အထိ နင့်အနားမှာ နေခဲ့ရတာကို ငါ အမြဲ သတိရနေမှာပါ။ ငါ့ကြောင့် နင် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ဆောရီးနော် ဟန်နီ။”
ငါတို့ ပြန်ရအောင်လေ။ နင် အဆောင်ပြန်ဝင်တာ နောက်ကျနေမယ်

တကယ်ပါ ဇော် ရယ်။ အဲဒီအချိန်တုန်းက ငါ့နှလုံးသားကို ငါ မဖတ်တတ်ခဲ့တာပါ။
ငါ နင့်ကို ချစ်နေမှန်းသိတဲ့အချိန်ကျတော့ နင် က ဟိုး အဝေး ငါ့ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပ မှာ။
ငါ့မှာတော့ ဦးအောင်ရင် သီချင်းနားထောင်မိတိုင်း မျက်ရည်ဝိုင်းရတာပါပဲ။
*******
♪ ♫ အကြင်နာစကားတွေ အမြဲတမ်းပဲ အိပ်မက်မှာ .. တစ်ရေးနိုးတဲ့ညတွေ ပြန်အိပ်မရပါ .. သူရောပဲ ကိုယ့်လိုများ ယောင်ရမ်းတမ်းတနေမလား။ ကိုယ်တွေးရင်း တွေးရင်း ဝမ်းနည်းနေသလိုပါ ♪ ♫
“ဟေး .. ဟန်နီ .. ဆွေးနေပြန်ပြီလား။ ဒီသီချင်း ခဏခဏ ကြားနေရတာ ငါပါ ငိုမိတော့မယ်နော်။”
“ငိုနေလည်း ဘာထူးမှာလဲ သဉ္ဇာရယ်။ နင် ပြောသလိုပဲ လိမ္မော်သီးက တစ်ခါပဲ ရွေးခွင့် ရှိတယ်မဟုတ်လား။ ငြင်းပြီးသား အသီးကို ပြန်လှည့်ပြီး ခူးခွင့်မရှိဘူးလေ။ နောက်လူ လက်ထဲ ရောက်ရောပေါ့။”
“ဟဟ .. ဘယ်ပြောလို့ရမလဲ ဟန်နီရဲ့။ ရွက်ပုန်းသီးသာ ဖြစ်နေရင် အခြားသူက ဘယ်မြင်မလဲ။ အပြန်လမ်းမှာ ရှာကြည့်ပေါ့။ ပြန်တွေ့ရင် ခူးဖို့ အခွင့်အရေးရှိတာပဲလေ။”
စကားတတ်တဲ့ သဉ္ဇာ့ကြောင့် ငါ့မှာ ပြုံးရ။ ပျော်မိတဲ့ အခါလည်း ရှိတာပေါ့ ဇော်ရယ်။
***********
►► ပထမဆုံးတွေ့တဲ့ခြံထဲက
ငါ မခူးဖြစ်ခဲ့တဲ့
လိမ္မော်သီးလေးတစ်လုံးဟာ နင်ပေါ့ ..
►► နှိုင်းယှဉ်စရာ မရှိတော့လည်း
အကောင်းဆုံးမှန်း ငါ မသိခဲ့ ..
 ►► အပြန်လမ်းလား
တဝါးဝါးစမ်းမနေတော့ဘူး
အမြန်ဆုံး လှမ်းလို့ လာမယ်
►► ကဲ .. ငယ်ကျွမ်း
(အခြားသူမလှမ်းအောင်)
အရွက်တွေလွှမ်းကာ ဖုံးလို့
နင် အသာ ပုန်းနေပေး ~~
အလွမ်းတွေ ပြည့်သိပ်လာတဲ့အခါ လူတိုင်းက ကဗျာဆရာဖြစ်လာနိုင်သတဲ့။ ဒီလိုပါပဲ ဇော်ရယ်။ ဟန်နီလည်း ဇော့်ကို လွမ်းမိတိုင်း ကဗျာမပီ စာမပီ တဲ့ ခံစားချက်တွေ စိမ့်ထွက်လာတော့တာပါပဲ။ စာတွေရေးလိုက်။ အွန်လိုင်းမှာတင်လိုက်။ အလွယ်တကူ အလွမ်းဖြေနည်းတစ်မျိုးပေါ့ ဇော်။ မဖြစ်နိုင်ဘူးလို့ သိနေပေမယ့် မသိစိတ်က မျှော်လင့်နေမိတုန်းပါပဲလေ။ ခုချိန်မှာ နင်သာ ငါ့အနားရောက်လာခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ ဇော်။
*********
Happy New Year
အိပ်ပျော်မယ်ကြံတုန်း သံပြိုင်အော်လိုက်ကြတဲ့ အသံတွေကြောင့် မျက်လုံးပြန်ကျယ်သွားသည်။ ကုတင်ခြေရင်းက နာရီကို ကြည့်မိတော့ ၁၂ နာရီတိတိ။ သြော် .. ဘာလိုလိုနဲ့ ၂၀၁၆ ကို ရောက်လာပါပေါ့လား။ အသက်တွေရလာတော့လည်း နှစ်သစ်ကူးချိန်တွေက ကိုယ်နဲ့ မဆိုင်တော့သလိုလို ..
♫ ♪ အို .. သူငယ်ချင်းရယ် .. အရမ်းလွမ်းတာပဲကွယ် ♪ ♫
တိုးတိုးလေး မြည်လာတဲ့ မက်ဆေ့ဝင်တဲ့ အသံကြောင့် ဖုန်းကို ကြည့်မိတော့ မသိတဲ့ နံပါတ်တစ်ခု။


-“ပျော်စရာနှစ်သစ် ဖြစ်ပါစေ ဟန်နီ
အလွမ်းတွေ ကင်းလို့ ချစ်ရနံ့တွေ သင်းပါစေ”
“ဟန်နီ့ ရဲ့ ရွက်ပုန်းသီးလေး”

အို .. ဇော် ။ နင် လားဟင်။ ငါ့ကို ခုချိန်ထိ စောင့်နေဆဲပဲလား ..။ ဖုန်းပြန်ခေါ်ရင်း တစ်ဖက်က ကိုင်တဲ့အချိန်လေးကို စောင့်ရတဲ့ အချိန်လေးအတွင်းမှာ တထိတ်ထိတ်ခုန်လာတဲ့ရင်ကို တားရခက်လိုက်တာ ဇော် ရယ်။
တထိတ်ထိတ်ခုန်လာတဲ့ ရင်ကို အနိုင်နိုင်ထိန်းရင်း ဖုန်းပြန်ခေါ်မိတဲ့အချိန်လေးအတွင်းမှာ
“ဟယ်လို .. ဟန်နီလား”
“ဟန်နီ .. ဟန်နီ”
“ဇော် .. ဇော် လားဟင်။ ငါ့ ဖုန်းနံပါတ် ဘယ်က ရတာလဲ”
“ကဗျာဆရာမကြီးရဲ့ ဖုန်းနံပါတ်ကို ရှာရတာမခက်ပါဘူး ဟန်နီရဲ့။”
 “အခုလို အဆက်အသွယ်ပြန်ရတာ ဝမ်းသာလိုက်တာဇော်ရယ်။ နင်တို့ မိသားစုတွေရော နေကောင်းကြရဲ့လား။
ဘယ်မှာနေကြလဲ။ ကလေးတွေရော ဘယ်လောက်ရနေပြီလဲ ဇော်”
“ရွက်ပုန်းသီးပါဆိုမှ .. ဘယ်က ကလေးက ရမှာလဲ ကဗျာဆရာမကြီး ဒေါ်ဟန်နီရှိုရယ် .. ငါလည်း ပထမဆုံး ချစ်မိတဲ့အချစ်နဲ့တင် ခံစားရတာ ကြောက်သွားလို့ ဘယ်သူ့ကိုမှ မချစ်ရဲသလိုဖြစ်ပြီး ဒီတိုင်းပဲ အေးအေးဆေးဆေး နေဖြစ်နေတာ။
နင်နဲ့ ငါ ဖူးစာမှန်လို့ ဖြစ်မှာပေါ့လေ”
“ဘာဖူးစာမှန်တာလဲ .. ဘယ်သူက နင့်ကို ချစ်တယ် ပြောလို့လဲ”
“မညာပါနဲ့တော့ ဟန်နီရယ်။ အသက်တွေလည်း အရွယ်လွန်ကုန်ပါပြီ။ သူများတွေ ကလေး ၉ တန်း ၁၀ တန်း ရောက်ကုန်ပြီလေ။
ငါတို့ အမြန်လိုက်မှ ဖြစ်မယ် ဆရာမကြီးရဲ့”
ဖုန်းထဲမှာမို့ပေါ့ ဇော်ရယ် .. အနားမှာသာ နင်ရှိရင် .. နင့် ကျောကုန်း စုတ်သွားအောင် ငါ ထုမိဦးမှာ။ ရှက်တာရော။ ပျော်တာရော ရောပြွန်းနေတဲ့ ငါ့မျက်နှာကို ဖွက်ထားရလို့ တော်ပါသေးရဲ့လေ။
“ဆရာကန်တော့ပွဲ အတူတူသွားရအောင်နော် ဟန်နီ။ အဲဒီရက်မတိုင်ခင် ငါက လက်ထပ်ချင်တာ။ ဒါမှ ဒီနှစ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေးက ထုတ်တဲ့ မဂ္ဂဇင်းကို ငါတို့ စုံတွဲပုံ ပို့လို့ရမှာလေ။
နော် ဟန်နီ။ ငါတို့ အဲလိုလုပ်ကြရင် မကောင်းဘူးလား။ ဒါမှမဟုတ် …….”
မတွေ့ရတဲ့ နှစ်တွေအတွက် အတိုးချပြီး ပြောဖို့ ကြံရွယ်ထားသလား မသိ။ မရပ်မနား ပြောနေတဲ့ ဇော့် အသံကို နားထောင်ရင်း
ဟန်နီလည်း နှုတ်ခမ်းတွေ စေ့မရ။
ငါ ပျော်လိုက်တာ ဇော်ရယ်။ ဒီတစ်ခါတော့ ငါတို့ မလွဲတော့ဘူး ထင်ပါရဲ့နော်။

ဘယ်ခရီး ဘယ်လိုစီးစီး
နောက်ဆုံးမတော့
ဒီဘူတာနဲ့ နီးချင်မိ ..
ဘားတန်းပါတဲ့ စက်ဘီးလေးတွေ မြင်တိုင်း
ချွေးနံ့သင်းတဲ့ ကျောပြင်လေးကို အမှတ်ရ
နင် မမောခဲ့ဘူးလား ကွယ် ..
ကွန်ပျူတာနဲ့ ပုံတွေဆွဲတိုင်း
ချွန်ပေးတဲ့ ခံတဲလေးတွေ သတိရ
တသသ ဖြစ်စေခဲ့တဲ့ အရာတွေလေ ..
ကဒ်လှလှလေးထဲက အမှတ်တရတွေ
ဆေးမကွက်သေးတဲ့ ဓာတ်ပုံတွေထဲက နွေးထွေးမှုတွေ
တကယ်ပါကွယ် ..
ဘယ်လောက်ဝေးဝေး
နင့် အကြောင်း တွေးမိခဲ့တာ
သြော် .. ငယ်က ချစ်မို့
ဆယ်နှစ် မတွေ့တောင် မမေ့တာ
ဘာများ ဆန်းမှာလဲကွယ်

သံစဉ်ဖြူဖြူ
3.1.2016
2:18 AM

(ချစ်ခင်လေးစားရသော ဆရာ/ဆရာမ များသို့ ရိုသေစွာ ကန်တော့ပန်းဆင်လျက်)

အဝစား ထမင်း တစ်ပွဲ ၄၀၀

 


နေရာက ကျိုက်ထီးရိုး ခြေလျင်တောင်ဆင်းလမ်း ရေမြောင်ကြီး စခန်း၊
ကွီး ခေါင်းဆောင်သော မူဘင်သား တစ်စု
တောင်ပေါ်မှ ဆင်းလာစဉ် ..

"ကွီးတို့ရေ .. ထမင်းလေး စားတွားကြပါလား
အဝစားမှ ၄၀၀
ဟင်းတွေ စုံသယ်လေ ..
ကိုယ်တိုင်လိုက်တဲ့ အမဲတွေ
ဂျီတား၊ ဆတ်တား ချက်သာစားမလား၊ ကင်သာစားမလား ရသယ်လေ။"

နိပ်ဟ .. တန်လိုက်တာ
မူလအစီအစဉ်က ကင်မွန်းစခန်းရောက်မှ နေ့လယ်စာစားရန် တိုင်ပင်ထားပေမယ့် ..

"ဟပ်ရောင်ဒွေ .. ဒမာဘဲ ဆွဲဂျဇို့ ..
အောက်ရောက်ရင် ဒီဈေးမျဘူးကွ"
"ဆွဲကွာ"

"ဒီဝိုင်း ငါရှင်းပျဇေကွာ"
"နေဘာကွာ ငါဘဲ ရှင်းဘာ့မယ်"

"ညီမငေးရေ ကွီးဒို့ဂို မန်နျူးလေး ရွတ်ပါအူး"

ကျိုက်ထီးရိုးဆားဗစ်ရင့်တဲ့ ကွီးကတော့ သတိပေးရှာသား။

"ဟပ်ရောင်ဒွေ ဆတ်မွကင်ဒွေ ဂျီသားဒွေ မှာနက်နော်၊ ပီးမှ မင်းဒို့ နားကားတွားမယ်"

"အင်းဘာ ကွီးရာ၊ ညေးဒို့ ဂလောက်တော့ နပ်ပါဒယ်"

သို့နှင့် မြိုပြီး ဆို့ပြီး သကာလ ..

"ညီမငေးရေ .. ကွီးဒို့ ရှင်းမယ် ..
တျောက် ၄၀၀ ဆယ်ယောက်ဆိုဒေါ့ လေးထောင်
ရော့ ငါးထောင်တန် တစ်ထောင်ပြန်အမ်း"

"ကွီး .. သောင်းနှစ်ထောင်ပါရှန့်"

"ဘီလို ဘီလို
ကွီး က သင်္ချာမေဂျာ ကို ဆယ်နှစ်တိတိ တက်လာတဲ့ကောင်ဘာ ..
လေးရာကို ဆယ်ယောက် နဲ့ မြောက်တာ လေးထောင်မှ လေးထောင် ..
ဘာ တောင်းနထောင်ရဲ ..
ပြန်တွက်ပြဇမ်းဘာ "

"ဟုတ်ပါတယ်ရှန့် ..
အဝစား တျောက် ၄၀၀ က ထမင်းပါရှန့်
အခု ကွီးတို့က ဟင်းဒွေမှာစားတော့
ဟင်း တဘွဲ ၈၀၀ ပါရှနိ့ ..
ဟင်း ၁၀ ဘွဲက ရှစ်ထောင်ပါရှန့်
နှစ်မျိုးပေါင်းဒေါ့ တောင်း နှစ်ထောင်ပါရှန့် .."

သို့နှင့် သို့နှင့် ...
💸💸💸💸💸💸

ဤသည်ကား
ကျိုက်ထီးရိုး ဆားဗစ်ရင့် ကွီး ခေါင်းဆောင်သော
မအူပင်သား တစ်သိုက်
ကျိုက်ထီးရိုး တောင်ဆင်းလမ်းမှ
နေ့လယ်စာ စားခြင်း အတွေ့အကြုံပင် ဖြစ်ပေတော့သည် တမုံ့ .. ။

သံစဉ်ဖြူဖြူ
၃.၁.၂၀၁၆

Photo credit - http://freedesignfile.com/