Wednesday, June 22, 2016

နံနက်ခင်း (၁)

► ညီမလေးရေ ထပါတော့
ရှေ့မှာရောင်ခြည် လာလုပေါ့ ။
► ထမင်းအိုးလေး အရင်တယ် (တည်)
အရုဏ်ဆွမ်းဦး ကပ်ဖို့ရွယ် ။
► ရေချမ်းပန်းမန် စုံပါမှ
အေးမြ မွှေးလှ ပနံရ ။
► ပဆစ်တုတ်လို့ ကျုံ့ကျုံ့ထိုင်
ပရိတ် ပဌာန်း ရွတ်သံမြိုင် ။
► ဆုမွန်ခြွေကာ မေတ္တာပို့
ဝဠာတစ်ခွင်လုံး အေးချမ်းဖို့
ကိုယ့် သန္ဌာန်လည်း ငြိမ်းချမ်းဖို့ ။ ။

သံစဉ်ဖြူဖြူ
၂၂.၅.၂၀၁၆
ကဆုန်လပြည့် ဗုဒ္ဓနေ့
မနက် ၃ နာရီ မိနစ် ၄၀

Sunday, June 19, 2016

အန္တိမ


!!! သဘာဝ ကို မလွန်ဆန်နိုင်တော့
သင်္ခါရ ကို လက်ခံလိုက်ရတယ်
အပြန် မရှိတဲ့ လမ်း မို့
လွမ်း လို့ သာ ကျန် .. ။


 !!! ဝေ နေတာကို မြင်ချင်မိပေမယ့်
ကြွေ လွင့်တာ ဘယ် သူ တား လို့ ရမှာလဲ
သွားရ မယ့် လမ်း
အေးချမ်းဖို့ သာ ကူ .. ။

!!! လှုပ်ရှားမှုတွေ မမြင်နိုင်တော့ဘူး
စကားသံတွေ မကြားရတော့ဘူး ..
နိမ့်ချည် မြင့်ချည် ရင်ဘတ်ကြီးနဲ့
တိုးဖွဖွ ကြားနေရတဲံ အသက်ရှူသံလေးတောင် ငြိမ်သက်သွားခဲ့ပြီ ..

!!! သွယ်လျလျ လက်ချောင်းလေးတွေက ပေါင်ပေါ်ကို တင်လို့
မှိတ်ထားတဲ့ မျက်ခွံတွေရဲ့ အောက်မှာတော့ ဘာကိုမှ မကြည့်နိုင်တော့တဲ့ မျက်ဝန်းအစုံ ရှိတယ်။
ပြုံးယောင်ယောင် နှုတ်ခမ်းပါး က ဝေဒနာတွေက လွတ်မြောက်သွားခဲ့တဲ့ပုံ
ခြုံကြည့်လိုက်တော့ အိပ်နေသလိုလို ထင်ရ
ဝမ်းနည်းစရာကောင်းတာက
ဘယ်တော့မှ ပြန်မထနိုင်တော့ဘူး .. ။

!!! ဆီ ထပ် ဖြည့် ချင် ပါ သေး ရဲ့ ..
မီး စာ က ကုန် နေ တော့ လည်း
လေ ပြည် တ သုတ် နဲ့ တင်
မီး ပွင့်လေး က ဟုတ် က နဲ .. ။

သံစဉ်ဖြူဖြူ
(18.6.2015)

Monday, June 13, 2016

ပြည်သူ့ဘက်က ... သူ



►► ဟိုး အဝေးက
အေးမြတဲ့ မိုးစက်တွေကြား
လူ့ပြည်မှာ နတ်သမီးတစ်ပါး မွေးဖွားခဲ့

ကယ်မယ့် ကူမယ့်သူ မို့
သူ့အတွက် ဘာကိုမှ မယူ
ဆွတ်ဆွတ်ဖြူတဲ့ နှလုံးသားနဲ့
စွန့်လွှတ်ခြင်းများစွာနဲ့ သူ ။

►► ရင်ကဖြစ်တဲ့သားထက်
ပြည်သူ ကို ပိုအလေးထား
အလက်ဇန္ဒား .. တစ်နေရာ
ကင်မ် .. က တစ်နေရာ
ကိုယ်သာဆို
ဖြေစရာ ရှာနိုင်မယ် မထင်ခဲ့
မိုက်ကယ်သာ ရှိခဲ့ရင်လည်းလေ
ဦးထီးရဲ့ နေရာတိုင်းမှာသီချင်းကို ညည်းနေလိမ့်မယ်ထင်ရဲ့ ။

►► သူ့ စွန့်လွှတ် အနစ်နာခံခြင်းတွေကို
ကြုံဖူးသူတွေ သိကြ
မီတဲ့သူတွေ နားလည်ကြ
မှိုင်းဝနေတဲ့ နောက်ပေါက်ကလေးတွေတောင်
သူ့ စေတနာစကားတွေ စားသုံးအပြီး
တဖြည်းဖြည်းပြုံးလို့
တကယ်အရေးကြုံတော့
လက်သန်းတွေ အမှန်တရားဘက် သုံးခဲ့ကြတယ် ။

►► တကယ်ပါ
သူ့နှုတ်ဖျားက
စေတနာစကားတွေ ဖွင့်တိုင်း
တိုင်းပြည်ရဲ့ ရေချိန်က တဖြည်းဖြည်း မြင့်
ဟော အခုဆို အနီရောင်ပတ်စ်ပို့လေးတွေ
အရင်ထက် ပိုပြီး ရဲရင့်
သွားလေရာ မျက်နှာပွင့်ခဲ့ရပြီ ။

မမီပါဘူး သူ့ မေတ္တာကို ကဗျာသီဖို့ ။
မမီပါဘူး သူ့ အရည်အချင်းကို သီချင်းရေးဖို့ ။
မမီပါဘူး သူ့ အပြုံးကို ပန်းချီမှုန်းဖို့ ။

►► မျက်လုံး ခွဲရပေမယ့်
သူ့ အမြင်တွေ စူးရှဆဲ
ဆံပင်တချို့ ငွေရောင်သန်းလာပေမယ့်
အတွေးတွေက ဆန်းသစ်နေဆဲ
ဇရာဟာ သူ ပန်ထားတဲ့ ပန်းတစ်ပွင့်ကို အတွေ့
အလိုလို ပြန်ကွေ့သွားတယ် ။            

►► လုပ်ငန်းခွင်အများစုမှာ
အသက် (၆၀) ပြည့်ရင် အနားယူကြသတဲ့
သူလား
၆၀ ကျော် ၆၁
၇၀ ကျော် လို့ ၇၁ ပြည့်တာတောင်
နိုင်ငံကို ထူဖို့
ပြည်သူကို ကူဖို့
ကိုယ်တို့နဲ့ အတူနေတုန်း ။        

(ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင်၏ မွေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏)

သံစဉ်ဖြူဖြူ
(၁၃..၂၀၁၆)