Monday, July 20, 2015

အန်ဖတ်များကို ပွေ့ပိုက်ခြင်း

အန်ဖတ်များကို ပွေ့ပိုက်ခြင်း
_______________________
ဒီနေ့ စာဖတ်ဝိုင်းရှိတယ်တဲ့ .. ။
တစ်ချိန်က ရန်ကုန်ထိ တကူးတက သွားပြီး နားထောင်ခဲ့ရတာမို့
ကိုယ့်မြို့မှာ လာလုပ်တာကို ဝမ်းသာကြည်နူးတဲ့ စိတ်နဲ့
အရင်ရက်တွေကတည်းက အလုပ်တွေကို ဖြတ်ထားခဲ့တယ် .. ။

ကြော်ငြာတာ သိပ်မတွေ့မိတာကြောင့်ရယ်၊ စနေမိုးက မနက်ကတည်းက စွေနေတာကြောင့်ရယ်
နားထောင်မယ့်သူ ရှိပါ့မလား လို့ တွေးမိခဲ့ပေမယ့်
ပျိုးခင်းသစ် ရုံးခန်းရှေ့ကို ရောက်တဲ့အချိန်မှာတော့ ကျွန်မ စိုးရိမ်စိတ်များသွားကြောင်း သိလိုက်ရတယ်။
ဖော်ရွေတဲ့ အပြုံးနဲ့ လာသမျှလူတွေကို ခရီးဦးကြိုပြုရင်း တာဝန်ကိုယ်စီနဲ့ အလုပ်များနေကြတဲ့
အပြာနုရောင် ဆင်တူ ဝတ်ထားတဲ့ ပျိုးခင်းသစ် အဖွဲ့သားတွေနဲ့ အတူ
အရောင်စုံ၊ အသွေးစုံ၊ အရွယ်စုံ စာပေကို ချစ်မြတ်နိုးတဲ့သူတွေက
စာဖတ်ဝိုင်းပြုလုပ်မယ့် အခန်းထဲမှာရော၊
လမ်းတစ်ဖက်ကမ်းက ''အမေ'' လက်ဖက်ရည်ဆိုင်ထဲမှာပါ အသီးသီး စောင့်ဆိုင်းလို့ .. ။
ကျွန်မ ရောက်ပြီး သိပ်မကြာခင်မှာပဲ ဆရာ/ဆရာမတွေလည်း ရောက်ရှိလာခဲ့ကြတယ်။
စာပေကို ချစ်တဲ့ စေတနာကြောင့် ထင်ပါရဲ့ .. ။
မနက်စောစောကတည်းက ထွက်လာကြတယ်လို့ သိထားရပေမယ့် ပင်ပန်းပုံ မရဘဲ
လန်းဆန်းနေဆဲ .. ။
အစီအစဉ် စကတည်းက ဆွဲဆောင်သွားလိုက်တာ
စာဖတ်သူတွေနဲ့ အခမ်းအနားမှူး ဆရာမ ရဲ့ စကားလုံးတွေမှာ နစ်မြောပြီး
စီစဉ်သူတွေ တိုက်တဲ့ ကော်ဖီ နဲ့ မုန့်ကိုတောင် စားဖို့ သတိမရခဲ့ဘူး .. ။
စာရေးသူတွေ ကိုယ်တိုင် ဖတ်ပြတာမို့
ကဗျာတစ်ပုဒ်၊ ဝတ္ထု တစ်ပုဒ် ကို စာရွက်ပေါ်မှာ ဖတ်ရတာထက် အရသာ ပိုခဲ့တယ် .. ။
ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ အပိုင်းအစတွေ၊ မျက်နှာပေါ်မှာ ဖြတ်ပြေးနေတဲ့ ခံစားချက် အရိပ်အယောင်တွေ၊ ပြောပြနေတဲ့ အသံအနိမ့်အမြင့်တွေကြောင့်
ထူးခြားတဲ့ ရသတွေ ပေါင်းစပ် ပျော်ဝင်နေခဲ့ပါတယ် .. ။
စာရေးကောင်းရုံတင် မကဘဲ အဆို အတီး ပိုင် နိုင်တဲ့ ဆရာတွေကြောင့်
စာဖတ်ဝိုင်းက ပိုပြီး မြိုင်ဆိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး .. ။
နားထောင်ကောင်းကောင်းနဲ့ နားထောင်လာလိုက်တာ
အချိန်တွေ ကုန်လို့ ကုန်မှန်းတောင် မသိတဲ့အထိပါပဲ ..။
စာဖတ်ဝိုင်း ပြီးသွားပြီး ဆရာ/ဆရာမတွေ ပြန်သွားကြတဲ့အထိလည်း
သူတို့ရဲ့ စကားလုံးတွေက လေပြည်နဲ့အတူ မွှေးမြ ကျန်ခဲ့ပါတယ် .. ။
ကျွန်မ တွေးမိတယ် ..
စာရေးသူတိုင်းဟာ စာဖတ်သူတွေ ဖြစ်ကြပေမယ့်
စာဖတ်သူတိုင်းကတော့ စာရေးသူတွေ မဖြစ်ခဲ့ကြဘူး ။
စာဖတ်ရုံပဲ ဖတ်တဲ့ သူတွေက အစာကောင်းကောင်း တွေ့တဲ့အခါ မြိန်မြိန်ယှက်ယှက် စားသုံးတတ်တဲ့ ငှက်ကလေးတွေနဲ့ တူပြီး
စာဖတ်ရုံတင်မက စာပြန်ရေးနိုင်တဲ့သူတွေကျတော့ အစာကောင်းတွေ့တဲ့အခါ
ကိုယ်တိုင် စားသုံးရုံတင်မကဘဲ အသိုက်ထဲမှာ ကျန်ခဲ့တဲ့ အခြားသော ငှက်ကလေးတွေကို
ဝေမျှ ချင်တဲ့ စိတ်နဲ့ ပြန်အန်ပြီး ကျွေးတတ်တဲ့ ငှက်ကလေးတွေနဲ့ တူတာပဲ .. လို့ .. ။
ဒီနေ့လည်း ကျွန်မတို့ မြို့ကလေးကို အန်ကျွေးတတ်တဲ့ ငှက်ကလေးတွေ
အများကြီး ရောက်လာကြတယ်။
သူတို့တွေ အန်ကျွေးသွားတဲ့ အန်ဖတ်တွေလည်း အများကြီးပါပဲ .. ။
ကျွန်မရဲ့ ယူနိုင်စွမ်းအားနဲ့ အကုန်အစင် မကောက်ယူနိုင်ပေမယ့်
လက်လှမ်းမီသမျှ သိမ်းကျုံးယူခဲ့တယ်။
စာပေ ဝမ်းစာပြည့်ဝတဲ့သူတွေရဲ့ အန်ဖတ်တွေမို့ ရတနာထက် တန်ဖိုးထားရင်းပေါ့ .. ။
ကြည့်လေ ... ။
ကျွန်မ ပွေ့ပိုက်ထားတဲ့ အန်ဖတ်တွေ တလက်လက်တောက်နေတယ် မဟုတ်လား .. ။
၂၇.၆.၂၀၁၅ (စနေနေ့)
(စာဖတ်ဝိုင်း စီစဉ်ပေးခဲ့တဲ့ ပျိုးခင်းသစ် အဖွဲ့သားအားလုံးနဲ့
လာရောက်ပေးခဲ့တဲ့ ဆရာ/ ဆရာမ အားလုံးကို ဂါရဝပြုလျက်)

ပြောင်းလဲခြင်း

♡♡ ချစ်စ ခင် စ
ချစ်သူဘဝမှာတော့
သူပေးတဲ့ ချောကလက်၊ မွေးပွရုပ်နဲ့
ပန်းစည်းတွေဟာ
အချစ် ရဲ့ သ င်္ကေတ အဖြစ်နဲ့
ကိုယ့် အခန်းထဲမှာ လှလှပပ နေရာယူ လို့ ... ။


 ♡♡ အချစ် အ ပေါင်း အချစ်
အိမ်ထောင်သည် ဖြစ်လာတော့
မွေးပွရုပ်တွေလား ..
အိပ်ခန်းထဲက ကုတင်ပေါ်ထက်
ဆိုင်ခန်းထဲက စင်ပေါ်တင်
အမြတ်တွေ မြင် ချင် လာတယ် ... ။

 ♡♡ တကယ်ပါ ..
နှစ်ယောက်ပေါင်း တစ်လမ်းတည်း လျှောက်ချိန်မှာတော့ ..
ပန်းစည်း ထက် မန်းနီး က ပို ရင် ခုန် စေ တာ အမှန် ... ။

(စတာပါ စတာပါ)

5.7.2015