Tuesday, December 31, 2013

Review

►► အသက် ၃၂ ပြည့်ဖို့
၃၂ ရက်မက လိုသေးပေမယ့်
ဇရာရဲ့ အလံ မျှင်မျှင်ကတော့
၃၂ ပင် မက
အမြင့်ဆုံးအရပ် မှာ စိုက်ထူ
တလူလူလွင့်လို့ ။

►► ၃၂ နှစ် အရွယ် မတိုင်ခင်
လူအချို့က ကမ္ဘာကို ကိုင်လှုပ်

ဒီအသက်အရွယ်မှာပါပဲ
ကိုယ်ကတော့ အဝိဇ္ဇာနွံမှာ မြုပ်တုန်း။

►► ဘာတွေ လုပ်ခဲ့သလဲ
ဘာတွေ လုပ်နိုင်ခဲ့သလဲ
ဘာတွေ လုပ်နေသလဲ
ဘာတွေ ဆက်လုပ်မှာလဲ
တွေးရင်း ငေးရင်း (တစ်ခါတလေလည်း ဆွေးရင်းပေါ့)
ကိုယ့်ဂရပ်တွေဟာ တဖြည်းဖြည်းနိမ့်ဆင်းလာလို့
ကိုယ့်ကို ကိုယ်စားပြုတဲ့ အမှတ်တွေဟာ
ရေပြင်ညီမျဉ်းအောက် ရောက်ရောက်သွားရဲ့ ... ။

►► ရှေ့ကို တရွေ့ရွေ့ စီးမြောရင်း
ဖြတ်သန်းလာသမျှ လည်ပြန်ကြည့်မောတော့

"စိတ်ထားကောင်းဖို့ ပထမ" လို့ ကြွေးကြော်
တော်ချင်ယောင်ဆောင်ခဲ့တာတွေ၊

မျက်နှာထားချိုချို နဲ့ စကားအပိုတွေပြောခဲ့တာတွေ၊

ဘုရား ဘုရား အကြိမ်ကြိမ်သွားရင်း
လူက ကို့ရို့ကားယား လုပ်ခဲ့တာတွေ၊

လုပ်ခဲ့သမျှ အမှား
မင်နီသာ တားရမယ်ဆိုရင်လေ
အား .. ကနဲ အော်ရမလား
တဟားဟား နဲ့ အရှက်ပြေ ရယ်ရမလား ။

လုပ်ခဲ့သမျှ အပြစ်
တောင်းပန်လို့ ကျေအေးကြမယ်ဆိုရင်လေ
ကိုယ် တောင်းပန်ချင်ပါရဲ့။

တောင်းပန်ပါရဲ့
ကိုယ် လွန်ခဲ့သမျှ။

တောင်းပန်ပါရဲ့
ကိုယ် ဆိုးခဲ့သမျှ။

တောင်းပန်ပါရဲ့
ကိုယ် မိုက်ခဲ့သမျှ။

နှစ်သစ်ကို ကြိုဖို့ရယ်မဟုတ်ပါဘူး ..
ကျန်ရှိနေသေးတဲ့ ကိုယ့်နေ့ရက်တွေကို ကြိုဖို့အတွက်
နှစ်တွေကြာလာလို့ ကွာနေတဲ့ စာရွက်ကလေးကို နံရံမှာ ပြန်ကပ်
ကိုယ့် နှလုံးသားထဲထိ စွဲအောင် အခါခါ အထပ်ထပ် ရွတ်မယ်။

►► ကိုယ့်ကြောင့် သူတစ်ပါး စိတ်မထိခိုက်အောင် နေမယ် ◄◄
►► သူတစ်ပါးကြောင့် ကိုယ့်စိတ်မထိခိုက်အောင် နေမယ် ◄◄

ဒီလောက်လေးပါပဲ
ကိုယ့်စိတ်လေးကို ပုံသွင်းချင်မိတာ။
သံစဉ်ဖြူဖြူ
၃၁.၁၂.၁၃
ညနေ ၅း၃၆ နာရီ

၁၃ ရဲ့ ၃၁

Happy New Year!!
Happy New Year!!
မပြောကြပါနဲ့ဦးကွယ် ~~

 
သက္ကရာဇ် အသစ် ပြောင်းတိုင်း
ကိုယ်က ပိုပိုဟောင်းသွားတာမို့
နှစ်သစ် မပြောင်းခင်လေးမှာ
နောက်ဆုံးစက္ကန့်ထိ
နှစ်ဟောင်းကို ဖက်တွယ်ထားချင်ပါသေးရဲ့ ~~

၂၀၁၄ ရယ်
မနက်ဖြန်မှ တွေ့ကြစို့နော် ~~
 
သံစဉ်ဖြူဖြူ
13 Dec 31

Wednesday, December 18, 2013

မီးမီးတံဂျင် အတင်းပြောမယ် (၄)

မီးမီးတံဂျင် က ညနက်တဲ့အထိ ဆိုင်ဖွင့်ရတော့ အိမ်ကို ပြန်မအိပ်ဘဲ
ဆိုင်မှာ ကြီးတော် မိသားစုနဲ့ အတူတူ အိပ်ပါတယ်။

ညကတော့ အိပ်ကာနီး ပြဿနာတစ်ခုပေါ်တယ်။
ဆိုင်ရဲ့ အခန်းဖွဲ့စည်းပုံအရ မီးမီးတံဂျင်ရဲ့ အိပ်ခန်းကို အမြဲသော့ခတ်ထားပြီး
ညဘက်အိပ်ကာနီးမှ သော့ဖွင့်ပြီး ဝင်အိပ်တာပါ။

မနေ့က လပြည့်နေ့မို့ လပြည့်ညကို ခံစားရင်း ပွဲဈေးလျှောက်မိတယ်။
ဟိုမုန့်ဝယ် ဒီမုန့်ဝယ်နဲ့ ပိုက်ဆံအသွင်းအထုတ်လုပ်ရင်းနဲ့
အိပ်ခန်းသော့က ကျကျန်ခဲ့သလား မသိပါဘူး။

အတူတူအိပ်တဲ့ ကြီးတော် သမီး၊ မီးမီးတံဂျင်ရဲ့ ညီမတော် သော့လာယူတော့မှ
သော့က မရှိတော့ဘူး။
နေရာအနှံ့ရှာတာလည်း မတွေ့။
သော့အပိုကလည်း မရှိ။
ဒါနဲ့ပဲ သော့ဖျက်ရတော့မယ်လို့ တွေးတော့ ကျန်တဲ့သူတွေအားလုံးက အိပ်နေပြီ။

သော့အခြေအနေကို ကြည့်တော့ သော့ကွင်းက အုတ်နံရံဘက်က သစ်သားကျည်းဘောင်မှာ၊ ပတ္တာက ငါးထပ်သားနဲ့လုပ်ထားတဲ့ အခန်းတံခါးမှာ။
ဒါနဲ့ သော့ဖျက်ဖို့ထက် ပတ္တာကို ဖြုတ်တာက ပိုလွယ်မယ်ဆိုတာ တွေးမိလို့
ဝက်အူလှည့်ယူပြီး ပတ္တာက မူလီ ၄ လုံးကို ဖြုတ်လိုက်တော့ ..

အိုကေ။ တံခါးပွင့်သွားပြီး ညီအစ်မ ၂ ယောက် ဝင်အိပ်လိုက်ကြတယ်။
ဆိုင်မှာ အတူနေတဲ့ ကြီးတော်ရော၊ အခြားသူတွေရော မသိလိုက်ကြဘူးပေါ့။

...........................

မနက်မှာတော့ အိပ်ရာထ အမြဲနောက်ကျတဲ့ မီးမီးတံဂျင်ကို ကြီးတော်က လာနှိုးရင်း

ကြီးတော် ► "သမီး အခန်းတံခါးက ဘယ်လိုဖြစ်လို့ ပတ္တာ ပြုတ်နေရတာလဲ"

မီးမီးတံဂျင် ◄ "ညက သော့ပျောက်လို့ ကြီးကြီးရေ။ ပတ္တာကို ဖြုတ်လိုက်ရတယ်"

ကြီးတော် ► "ဘယ်မှာ ပျောက်လို့လဲ။ သော့က ဒီမှာရှိတယ်လေ သမီးရဲ့။"

ပြောရင်းနဲ့ တစ်ခုခုကို ကိုင်ပြီး ပြတယ်။

ဒါနဲ့ပဲ မျက်လုံးကို ပွတ်ပြီး ကြည့်မိတော့
ခတ်လျက်သားရှိနေသေးတဲ့ သော့ခလောက်ဖြစ်နေတယ်။

စောစောစီးစီး အူထဲက ယားလာပြီး ရယ်ချင်စိတ်က မထိန်းနိုင်တော့ဘူး

အားရအောင် ရယ်ပြီးမှ

မီးမီးတံဂျင် ►"ဟုတ်ဘူးလေ ကြီးကြီးရဲ့။ အဲဒါ သော့ခလောက်ကြီး။
ပျောက်တာက သော့တံလေ။ သော့တံရှိမှ ဖွင့်လို့ရမှာပေါ့"

ကြီးတော် ► "အေး အေး ဟုတ်သားပဲ။ ကြီးကြီး မေ့လို့။ သော့တံရှိမှ ဖွင့်လို့ရမှာ"

အဲလိုပြောရင်းနဲ့ ဆက်ပြောတဲ့စကားကြောင့် မီးမီးတံဂျင်လည်း အူယားရုံတင်မဟုတ်ဘဲ
အူပါနာလာတဲ့အထိ ရယ်မိပါတော့တယ်။

ကြီးတော် ► "ဒါဆို ဒီနေ့ ဈေးဆိုင်သွားပြီး ဒီသော့အတွက် သော့တံ ဝယ်လိုက်ပေါ့" တဲ့

(မီးမီးတံဂျင် အမျိုးတွေက အဲ့လို ချစ်စရာကောင်းပါတယ်ဆို)

သံစဉ်ဖြူဖြူ
၁၈.၁၂.၂၀၁၃
၁၁း၄၃ အေအမ်

မီးမီးတံဂျင် အတင်းပြောမယ် (၃)


အမျိုးတွေအကြောင်း အတင်းပြောရင်းနဲ့ ကြားဖြတ်ပြီး သူငယ်ချင်းတစ်ယောက်အကြောင်း ပြောချင်ပါသေးတယ်။
အစ်မအရင်းလို ခင်ရတဲ့ သူငယ်ချင်းဆိုတော့ သူလည်း အမျိုးပဲပေါ့နော်။

အဲဒီအစ်မက ဆက်သွယ်ရေးမှာ လုပ်ပါတယ်။
သူ့အလုပ်နဲ့ သူရှုပ်နေတာမို့ အရင်ကတော့ အင်တာနက် သိပ်မသုံးပါဘူး။

ခုနောက်ပိုင်း မီးမီးတံဂျင်တို့ မြို့မှာ ဖုန်းနဲ့ အင်တာနက် သုံးလို့ရလာတော့
သူလည်း သူ့ဖုန်းလေးကို အင်တာနက် လျှောက်ပါတယ်။

အင်တာနက် ချိတ်ပြီး နောက်တစ်နေ့မှာပဲ

"လုပ်ကြပါဦး .. ငါ့ဖုန်းမနေ့ကမှ ငွေဖြည့်ထားတာ
ဒီမနက် ၁၅ ကျပ်ပဲ ကျန်တော့တယ်" တဲ့

အဲဒါနဲ့ အင်တာနက်ကို မသုံးတဲ့အချိန်မှာ ပိတ်ထားဖို့ပြောရင်း
E ပုံလေး ပေါ်နေရင် အင်တာနက် ရတယ်။
ပျောက်သွားရင် အင်တာနက် မရကြောင်း
E စာလုံးလေးကို သတိထားကြည့်ဖို့ ပြောပြရတယ်။

နောက်တော့ ဂျီတော့အကောင့်ဖွင့် ဖေ့ဘွတ်အကောင့်ဖွင့်နဲ့
အင်တာနက် စသုံးပါတော့တယ်။

သိချင်တာရှိရင် ဖုန်းဆက်ပြီး လှမ်းမေးတာတစ်မျိုး၊
လူကိုယ်တိုင် သွားမေးတာတစ်မျိုးနဲ့
တစ်ပါတ်လောက်မှာ သူ အတော်သုံးတတ်သွားတယ်။
ဓာတ်ပုံတွေလည်း တင်တတ်လာတယ်။

ဒါပေမယ့် ဖုန်းမှာ တစ်ခုခု ထူးခြားတိုင်း သူငယ်ချင်းတွေကို
လှမ်းမေးမြဲပါပဲ။

"လုပ်ကြပါဦး .. ငါ့ ဖုန်းက ကလုံ ကလုံနဲ့ မြည်နေတယ်"
"လုပ်ကြပါဦး .. ငါ့ ဖုန်းက မြန်မာစာရိုက်မရတော့ဘူး"
"လုပ်ကြပါဦး .. ငါ့ ဖုန်းက ပူလာပြန်ပြီ။ ပေါက်ကွဲတော့မလား မသိဘူး"

အဲလိုနဲ့ သုံးနေရင်းကနေ
တစ်ရက်မှာတော့ သူ့တူမလေး ထူးချွန်စာမေးပွဲဖြေဖို့အတွက်
မီးမီးတံဂျင်တို့နေတဲ့ ခရိုင်မြို့ကလေးကနေ တိုင်းမြို့တော်ကြီးကို
အုပ်ထိန်းသူအနေနဲ့ လိုက်သွားရတယ်။

ကလေးက စာမေးပွဲဖြေနေတော့ သူက အပြင်မှာ ဟိုလျှောက် ဒီလျှောက် လုပ်လိုက်
မိုးတိုးမတ်တပ်ရပ်လိုက် ဖြေမှ ဖြေနိုင်ပါ့မလားတွေးရတာ စိတ်ပင်ပန်းလာတယ်။
ဒါနဲ့ပဲ အနားမှာရှိတဲ့ ခုံတန်းရှည်လေးမှာထိုင် အင်တာနက်သုံးဖို့ ဖုန်းကိုဖွင့်လိုက်ပါတော့တယ်။

ဖွင့်ဖွင့်ချင်းမှာပဲ သူ လန့်သွားပြီး ဖုန်းဆိုင်ဖွင့်ထားတဲ့ မောင်ငယ်ဆီ လှမ်းဆက်ပါတော့တယ်။

"လုပ်ကြပါဦး .. ငါ ဘာတွေ နှိပ်မိတယ်မသိဘူး။
ဖုန်းမှာ E လည်း မပေါ်ဘူး။
H ဆိုတဲ့ စာလုံးကြီးပေါ်လာတယ်" တဲ့။

မီးမီးတံဂျင်တို့ရဲ့ မြို့မှာက ဘယ်တုန်းကမှ H တွေ 3G တွေ မမိဘူးတော့
သူ့ခမြာ အတော်လေး လန့်သွားရှာပါတယ်။

(ဟုတ်ကဲ့ .. မီးမီးတံဂျင် ရဲ့ အစ်မက ဆက်သွယ်ရေးဝန်ထမ်းပါ။)

(မီးမီးတံဂျင်ရဲ့ အမျိုးတွေက အဲ့လို ရိုးသားကြပါတယ်။)

သံစဉ်ဖြူဖြူ
၁၆.၁၂.၂၀၁၃
၇း၃၁ ပီအမ်

မောင့်အတွက် (၁၀)



 ►► လွမ်းတယ်လို့ ပြောဖို့တောင်
အင်အားမရှိ
မောင် မှ မသိနိုင်ပဲကွယ် ~~

►► ဆောင်းက
တစ်ရက်ထက် တစ်ရက် ပိုလို့ အေးစက်
ကိုယ့်လက်တွေ
ဘယ်မှာဖွက်ရမလဲ ~~

►► အကြိမ်ကြိမ် လဲပြိုခဲ့တာတောင်
ကိုယ်ကတော့
နှင်းတောထဲမှာ နွေးမယ် ထင်တုန်း ~~

သံစဉ်ဖြူဖြူ
၁၇.၁၂.၁၃
၁၁း၃၅ ပီအမ်

Saturday, December 14, 2013

ကြီးကြီး နဲ့ ဦးထုပ်ဖမ်းခြင်း

ဒီတစ်ခေါက်တော့ ကြီးတော် နောက်တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

ဒီကြီးတော်ကလည်း အရင်ကတော့ တောမှာနေတာပါ။
နောက်ပိုင်းတော့ ယောက်ျားကလည်း ဆုံး၊ သားသမီးတွေလည်း အိမ်ထောင်ကျတဲ့သူကျနေပြီမို့
ကျန်နေသေးတဲ့ သမီး အပျို ၂ ယောက်နဲ့အတူ မီးမီးတံဂျင်တို့ရဲ့ မြို့လေးကို တက်လာတာ။

မီးမီးတို့ရဲ့ မြို့လေးက မြို့ကြီးမဟုတ်ပေမယ့် အထိုက်အလျောက်တော့ မြို့လေးတစ်မြို့မှာ ရှိသင့်တာတွေ ရှိရဲ့။
တက္ကသိုလ်ကျောင်းတွေရှိတယ်။
တစ်လမ်းမောင်းစနစ်ရှိတယ်။
ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား မီးပွိုင့်ပါ ရှိလာတယ်။
အွန်း .. ဘဲဥပဲ ခေါ်ခေါ် မော်တော်ပီကယ်ပဲ ခေါ်ခေါ်
ယာဉ်ထိန်းရဲသားကြီးတွေလည်း ရှိတာပေါ့လေ။

မီးမီးတို့မြို့လေးက ခုနောက်ပိုင်းမှာ ကားအရေအတွက်လည်း များလာပေမယ့်
ဆိုင်ကယ်စီးတဲ့သူက ပိုများနေသေးတာပါပဲ။
ထုံးစံအတိုင်း ယာဉ်ထိန်းရဲတွေက လမ်းဆုံလမ်းခွတွေမှာ ယာဉ်စည်းကမ်းမညီတဲ့ ဆိုင်ကယ်တွေကို ဖမ်းတယ်။
စစ်ဆေးစရာတွေများပေမယ့်လည်း ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကိုပဲ အဓိကထားပြီး ဖမ်းပါတယ်။
ဦးထုပ်အပြည့်အစုံဆောင်းလာတဲ့ ဆိုင်ကယ်တွေဆိုရင် မတားဘဲ လွှတ်ပေးလိုက်တာ များတယ်ပေါ့။
အဲဒီတော့ အဲဒီလုပ်ငန်းစဉ်ကို အလွယ်တကူ ဦးထုပ်ဖမ်းတယ်လို့ ပြောကြတယ်။

အဖမ်းအဆီးရှိတဲ့နေ့များဆိုရင် ဆိုင်ကယ်အချင်းချင်းလည်း သတိပေးကြတယ်။
ဟိုနားမှာ ဦးထုပ်တွေ ဖမ်းနေတယ်။ ဒီနားမှာ ဦးထုပ်တွေ ဖမ်းနေတယ် နဲ့။

ရပ်ကွက်ထဲရောက်တော့လည်း အိမ်မှာ အချင်းချင်း သတိပေးကြပြန်တယ်။
ခဏခဏပြောပါများတော့ အဲဒီစကားလုံးက မီးမီးတံဂျင် ကြီးကြီးရဲ့ နားထဲ ရောက်လာတယ်။

တစ်နေ့မှာတော့ သူတို့ ဘေးအိမ်က ကောင်လေးက သူ့အစ်ကိုကို အဲဒီစကား ပြောတာ သူ ကြားလိုက်ရတယ်။
အဲဒီအချိန်မှာပဲ ထမင်းပြန်လာစားတဲ့ သူ့သမီးအငယ်က အလုပ်ကို ပြန်သွားဖို့ စက်ဘီးတွန်းပြီး ပြန်ထွက်လာပါတယ်။
လျှာထိုးဦးထုပ်လေး ဆောင်းထားတဲ့ သူ့သမီးကိုတွေ့လိုက်ရတော့ ကြီးကြီးလည်း မျက်လုံးပြူးသွားပြီး

"သမီးရေ၊ ဦးထုပ်ကို ချွတ်ထားခဲ့ဦး။ ဒီနေ့ ဦးထုပ်တွေ ဖမ်းနေတယ်တဲ့။" လို့ ပြောလိုက်ပါတော့တယ်။

(မီးမီးတံဂျင်တို့ အမျိုးက အဲ့လို ရိုးအပြီး ချစ်ချာကောင်းပါတယ်)

သံစဉ်ဖြူဖြူ
၁၃.၁၂.၁၃
၁၁း၂၂ ပီအမ်

(ဖျားဖျား ~~ အမျိုးတွေ မဖတ်မိပါစေနဲ့
အထူးသဖြင့် ကြီးကြီး သမီး မဖတ်မိပါစေနဲ့ .. )

ဈေးရောင်းကောင်းတဲ့ ကြီးတော်

အမျိုးတွေအကြောင်းကို  ရေးတတ်တဲ့ မောင်ငယ်လေးရဲထွေး ကို အားကျလို့
မီးမီးတံဂျင်လည်း ကိုယ့် အမျိုးတွေအကြောင်း အတင်းပြောချင်စိတ် ပေါက်လာပါတယ်။

အရင်ဆုံး သတိရမိတာက အမေ့ရဲ့ အစ်မ
မီးမီးတံဂျင်ဖူဖူရဲ့ ကြီးတော်ကြီး

သူနေတဲ့ရွာက လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း
လယ်ယာစိုက်ပျိုးရေးပဲ အဓိကအားထားလုပ်ကိုင်ရတဲ့ရွာမို့
ပြေလည်တဲ့သူထက် မပြေလည်တဲ့သူက များတဲ့ ရွာလေး။

ကြီးတော်ကြီးက မြို့ကိုတက်ပြီး
အပေါင်ဆိုင်တွေက ပြန်ရောင်းတဲ့ အထည်တွေကို ဝယ်ပြီး
ရွာမှာ ပြန်ရောင်းတဲ့အလုပ် လုပ်တယ်။
အဝတ်အစားအသစ်ဝယ်ဖို့ဆိုလည်း မြို့တက်ပြီးမှ ဝယ်ကြရတာမျိုးဆိုတော့
ဈေးလည်းသက်သာပြီး အဝတ်တွေကလည်း ကောင်းတဲ့
အထည်ဟောင်းလေးတွေကို ဝယ်ချင်သူက မရှားပါဘူး။

ဒီလိုနဲ့ တစ်နေ့မှာတော့
အဝတ်ထုပ်တွေကို လှေပေါ်တင်
ချောင်းရိုးတစ်လျှောက် လှေလေးလှော်ပြီး ထွက်သွားတဲ့ ကြီးတော်ကြီးဟာ
အိမ်ကိုပြန်လာတော့ အင်္ကျီ ပါမလာတော့ပါဘူး။
လှေပေါ်မှာလည်း ဘဲဥတွေရော၊ ငါးပိရေကျိုတွေရော
ငါးတွဲတွေရော ပြည့်လို့။
ကြီးတော်ကြီးကတော့ ထဘီရင်လျားလေးနဲ့။

အားလုံးက စိုးရိမ်တကြီးနဲ့ ဝိုင်းမေးကြပေမယ့်
ကြီးတော်ကြီးက ခပ်ပြုံးပြုံးပဲ။

နောက်မှ သိရတာက သူဝတ်သွားတဲ့ အင်္ကျီကိုပါ
ကြိုက်တယ်ဆိုလို့ ရောင်းခဲ့ပါသတဲ့ .. လေ။

(မီးမီးတံဂျင်တို့ အမျိုးက အဲ့လိုပဲ ဈေးရောင်းတာ သိပ်တော်ပါတယ်။)

သံစဉ်ဖြူဖြူ
၁၃.၁၂.၁၃
၁၀း၄၃ ပီအမ်

Saturday, December 7, 2013

လောင်ကျွမ်းခြင်း

►► တိတ်တဆိတ် ညလယ်ယံမှာ
အတွေးတွေ မှောင်မိုက်
ကိုယ့် ရင်တဝိုက်ဟာ
မီးမမြှိုက်ဘဲ လောင်တယ် ~~

►► နှလုံးသွေးတို့ စိမ့်စို
မျက်ရည်ဟာ မငိုဘဲ ပြိုတယ် ~~

►► သက်တမ်းလွန်သွားတဲ့ချစ်ခြင်းဟာ
ကိုယ့်အတွက် အပင်း ဖြစ်ခဲ့
မျိုချထားမိတဲ့ ခါးသည်းမှုတွေက
မထွေးနိုင် မအန်နိုင် ~~

►► ဝဋ်ကြွေးရှိခဲ့တာလား
အချစ်ဟာ ဘေး ဖြစ်စေခဲ့
ချစ်ခဲ့သမျှ အရာရာ
ကိုယ့်အပြစ်သာ ဖြစ်ပါစေတော့ကွယ် ~~

သံစဉ်ဖြူဖြူ
(၁၆.၁၁.၁၃)

ကံဆိုးမ

►► မျက်ဝန်းတာအကျိုးမှာ
နောင်တတွေ တနင့်တပိုးနဲ့
အလွမ်းတွေ တိုးသထက်တိုးလာခဲ့ ~~

►► သတိမထားဘဲ ရှိုက်လာခဲ့တဲ့ အသက်ရှူခြင်းဟာ
ခက်ခဲချိန်ရှိမှန်း
မွန်းကြပ်လာတော့မှ သိရ ~~

►► စဲပါတော့ စဲပါတော့
စဲပါတော့ကွယ်
ရွှဲရွှဲစိုနေခဲ့ပြီပဲ

ကိုယ်သွားရာပါ
တစ်ကိုယ်စာသာရွှဲတဲ့
ပေါက္ခရဝဿမိုးသည်းသည်း
အခုပဲ စဲလို့ ရပ်တန့်ပေးပါတော့
ကံဆိုးမ အဖြစ်က ကိုယ်လွတ်မြောက်ချင်လို့ပါ ~~

သံစဉ်ဖြူဖြူ
(၂၁.၁၁.၂၀၁၃)
၈း၀၄ ပီအမ်

မှတ်ချက်။ ။ ( "စဲ" အား "ဆဲ" ဟု မဖတ်ရ။ )

မောင့် အတွက် (၉)

►► စကားလုံးတွေ ပြည့်သိပ်လာတဲ့အခါ
ကိုယ်ရေးနေတဲ့ စာဟာ ဗလာ ဖြစ်သွားခဲ့ ~~

►► ပြောစရာတွေ ရင်နဲ့ မဆံ့တဲ့အခါ
ပွင့်ကျမလာဖို့
နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားရ ~~

►► ကိုယ့်ရဲ့ တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်
ကိုယ့်ရဲ့ ငြိမ်သက်ခြင်းမှာ လှုပ်ရှားမှု ရှိတယ်
ကိုယ့်ရဲ့ မျိုသိပ်ခြင်းမှာ ဆန္ဒတွေ ရှိတယ် ~~

►► နှုတ်ဆက်ကြစို့ကွယ်
ဝမ်းစာမပြည့်တဲ့ ချစ်ခြင်းတရားနဲ့တော့
ကိုယ့် နှလုံးသားကို ဖတ်ဖို့ အဆင်မပြေနိုင်ဘူး ~~

သံစဉ်ဖြူဖြူ
(၂၁.၁၁.၂၀၁၃)
၁၁း၁၃ ပီအမ်

Thursday, December 5, 2013

ကလေးလေး ... သို့ (၁)





►► ကလေးလေး ဟာ
ကိုယ် ဖွဖွလေး ခေါက်ထားတဲ့ စာမျက်နှာ ..

အဲဒီမှာ
အလှပဆုံး စာသားတွေ ရေးဖူးရဲ့ ~~

► ပြုံးယောင်ယောင် အကြည့်မှာ
ကိုယ် ကြည်မွေ့ဖူးရဲ့ ~~

► နွေးထွေးတဲ့ စကားတစ်ခွန်းမှာ
ကိုယ် ပျော်ဝင်ဖူးရဲ့ ~~

► ကြင်နာတဲ့ ဂရုစိုက်မှုမှာ
ကိုယ် ရူးမိုက်ဖူးလေရဲ့ ~~

►► ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့မယ်ဆိုရင်
ကိုယ့်ကို ဘယ်သန်တစ်ယောက် အဖြစ် ပြောင်းလဲခွင့်ပေးပါ ~~

►► ခုတော့
လူကြီးဖြစ်သွားတဲ့ ကလေးလေးဟာ
ကိုယ် လက်လှမ်းမမီတဲ့ စာမျက်နှာ
ကိုယ့်ရဲ့ ဟိုး အဝေးမှာ ~~

သံစဉ်ဖြူဖြူ
(၁၂.၃.၁၃)
၁၀း၄၀ ပီအမ်

ထွက်ပေါက်

►► ထွက်ပေါက်ဆိုတာ
တစ်ခါတလေမှာ
ဖောက်ထွက်မှ တွေ့နိုင်တဲ့အရာ ~~

►► အခက်အခဲဆိုတာ
မလျှော်ရသေးတဲ့ အဝတ်ထုပ်
မလုပ်ဖြစ်သေးတဲ့ အိမ်စာ
ကဲ .. ဘယ်လောက်ကြာမှာမို့လဲ ~~

►► အနီးဆုံးနေရာက စ ရှင်း
ဒီကြိုးတွေ တစ်ချိန်မှာ ကင်းရမှာပေါ့ ~~

►► ပင့်ကူမျှင်လား
ပိုက်ကွန်လား
ကိုယ်တို့ ရုန်းကြည့်မှ သိမယ်လေ ~~

သံစဉ်ဖြူဖြူ
(၁.၁၂.၁၃)
၁း၁၅ ပီအမ်

ငုံအဖူးရယ်မို့



"နှာဗူးကြီး ... နှာဗူးကြီး"

ညည်းစီစီဖြစ်လာလို့ မှိတ်ထားမိတဲ့ မျက်လုံးကြောင့် ဘယ်နားရောက်နေမှန်းမသိ။
နားထဲကို ရုတ်တရက် ဝင်လာတဲ့ အသံကြောင့် မျက်လုံးလည်းပွင့် ခါးက အလိုလိုမတ်ပြီး အသံကြားရာကို ရှာဖွေမိတော့သည်။
အသံလေးက နုနယ်လွန်းသည် မဟုတ်လား။

ကျွန်မစီးလာတဲ့ အငှားကားရောက်နေတဲ့ နေရာက မီးပွိုင့် ၂ ဆင့် မိတတ်တဲ့ လမ်းပေါ်မှာ။
မီးပွိုင့်ရောက်ဖို့ အတော်လိုသေးပေမယ့် ပွိုင့်မိသွားပုံပါပဲ။
ကိုယ့်ကားက ခုမှရပ်လိုက်တော့ တန်းစီနေတဲ့ ကားတန်းထဲမှာ နောက်ဆုံး။

ဟော တွေ့ပါပြီ။
စောစောက ကြားလိုက်ရတဲ့အသံက ကိုယ့်ဘေးကပ်လျက် ယာဉ်ကြောမှာ ကိုယ့်လိုပဲ နောက်ဆုံးမှာ တန်းစီထားတဲ့ကားဆီက ထွက်လာတာ။
အဖြူအစိမ်းဝတ် ကလေးငယ်လေးတွေက ဟိုဘက်ဒီဘက်မျှထိုင်လို့။
ကြည့်မိတဲ့အချိန်မှာပဲ ကားပေါ်ကနေ အသက် ၂၀ ကျော်ခန့်ရှိမယ့် လူရွယ်တစ်ယောက် နောက်ပြန် ခုန်ဆင်းလိုက်ပြီး
ကားနောက်ဘက် လမ်းပေါ်မှာ ပုဆိုးကို လက်နှစ်ဖက်နဲ့ ဖြန့်ဖြန့်ခါရင်း

"ကြည့်မလို့လား .. ကြည့်မလို့လား .. တကယ်ချွတ်ပြလိုက်မှာ"

ဆိုပြီး ရယ်ကျဲကျဲ နဲ့ ပြောနေတာကို တွေ့လိုက်ရရဲ့။
ကျောင်းဖယ်ရီရဲ့ နောက်လိုက်ဖြစ်ဟန်တူရဲ့။ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုထားပုံမရပါဘူး။

ကျွန်မစိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိအောင်ကို ထူပူသွားတယ်။
ကလေးတွေ ဝိုင်းပြီး အော်ဟစ်နေကြတာက အသံစုံ။
ယောက်ျားလေးတွေက ကိုယ့်ဘက်ကို ကျောပေးတဲ့အခြမ်းမှာ ထိုင်ကြတာမို့ ကိုယ် မြင်ရတဲ့ မိန်းကလေးတန်းဘက်က
နောက်ဆုံးတန်းမှာထိုင်နေတဲ့ ကျောင်းသူလေးရဲ့ ရင်ဘတ်ကို ကြည့်လိုက်တော့ Grade 4C တဲ့။
ဒါဆို တတိယတန်းကျောင်းသူ ကျောင်းသားလေးတွေပေါ့။
မြို့ပြရဲ့ ကလေးပီပီ အိုဗာတင်းသောက်လို့ အရပ်ရှည်နေလေသလား။ ဒူးမက်စ် သောက်လို့ ထွားကြိုင်းနေသလား။
အက်ပီတမ် ဝိတ်ဂိမ်းကြောင့်ပဲ ဆူဖြိုးနေကြသလား။
ဘယ်လိုပဲဖြစ်ဖြစ် တတိယတန်းဆိုတဲ့အသက်ထက် ပိုပြီး ဖွံ့ဖြိုးနေတဲ့ ကလေးကျောင်းသူလှလှလေးတွေပါ။

စပယ်ယာလူငယ်ကတော့ သူ့ အရှိန်နဲ့သူ ဆက်ရွေ့နေဆဲ။
ပုဆိုးကို ပြန်ဝတ်ပြီး ကားနောက်က ခြေနင်းခုံပေါ်မှာ ခြေထောက်တစ်ဖက်တင်လို့ ကျောင်းသူလေးတွေနား ရောက်နေပြန်ပါတယ်။
စောစောက ကျွန်မ ကြည့်မိတဲ့ နောက်ဆုံးတန်းက ကျောင်းသူလေးရဲ့ လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်ထားပြီး
"နဖူးကို ကပ်မယ်၊ ပါးကိုကပ်မယ်" လို့ပြောတော့ ငတိက ကလေးမလေးရဲ့ ရှေ့မှာ မျက်နှာကို မော့ပေးထားပါတယ်။

ကလေးမလေးရဲ့ လက်ထဲမှာတော့ စတစ်ကာလေးတွေ။
စပယ်ယာကောင်လေးရဲ့ နဖူး၊ ပါးပြင်သာမက လက်မောင်းတွေကိုပါ တစ်ခုပြီး တစ်ခု ကပ်ပေးရင်း ပိုပြီး ကပ်သွားအောင် လက်ဖဝါးပြင်လေးနဲ့ ဖိပေးလို့။

ကျွန်မ ဆက်မကြည့်ချင်တော့ဘူး။
ဒါမျိုးတွေ ကျွန်မ မမြင်ချင်ပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်မတို့ ယာဉ်ကြောက ရှင်းသွားတာမို့ ရှေ့ကို ဆက်ထွက်ခဲ့ရပါတယ်။
မမြင်ချင်ပေမယ့်လည်း ကျွန်မအာရုံထဲမှာ ရှင်းရှင်းလင်းလင်း ထင်ကျန်နေဆဲ။
မကြားချင်ပေမယ့်လည်း ကျွန်မနားထဲ ပီပီသသ ကြားယောင်နေဆဲ။

ဒီကလေးသာ ကျွန်မသမီးလေးဖြစ်ခဲ့ရင် ...
ဒီကလေးသာ ကျွန်မတူမလေးဖြစ်ခဲ့ရင် ...

စပယ်ယာကောင်လေးဟာ အစ်ကိုတစ်ယောက်လို ဦးလေးတစ်ယောက်လို စိတ်ထားနဲ့ ကလေးတွေကို အလိုလိုက်နေတာလားလို့ ဖြေတွေးမိတော့
စိတ်ထဲ သက်သာသလို ဖြစ်ရပေမယ့် ..
ပထမဦးဆုံး ကြားလိုက်ရတဲ့ အသံလေးတွေရယ် ..
ပုဆိုးကို ဖြန့်ဖြန့်ပြီး ခါပြနေတဲ့ မြင်ကွင်းရယ်က .. ကျွန်မ ခေါင်းကို ရမ်းစေမိပြန်ပါတယ်။

နယ်မြို့လေးမှာနေတဲ့ ကျွန်မအတွက် မြို့ပြက လူနေမှုစနစ်နဲ့ မရင်းနှီးတာ အမှန်ပါပဲ။
ဖြတ်သွားဖြတ်လာမှာ ကျောင်းဖယ်ရီတွေကို မြင်ဖူး တွေ့ဖူးနေပေမယ့် စနစ်တွေကို သေသေချာချာ မသိတာလည်း ဝန်ခံပါရဲ့။

ကလေးတွေအတွက် ကျောင်းကားစီးချိန်ဟာ ဘယ်လောက်ကြာမြင့်ပါသလဲ။
လမ်းမှာ မီးပွိုင့်မိချိန်တွေ ဘယ်လောက်များပါသလဲ။
ကျောင်းကားမှာ လိုက်တဲ့ ယာဉ်နောက်လိုက်တွေထဲမှာ တည်ကြည်သိမ်မွေ့သူ ဘယ်လောက်ပါပါသလဲ။
ကျွန်မ ကြုံလိုက်ရတဲ့ မိနစ်ပိုင်းလောက် မြင်ကွင်းလေးကတော့ အရာအားလုံးကို ကိုယ်စားမပြုတာ သေချာပါတယ်။
ဒါပေမယ့်လည်း နုနယ်တဲ့ ကလေးတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်လာမိတာတော့ ထိန်းမရပါဘူး။
ဒီလိုမြင်ကွင်းမျိုးတွေ ထပ်မမြင်ရစေဖို့ မြင်သမျှကို လက်လှမ်းမီသရွေ့ပြောပြဖို့ ကိုယ့်မှာလည်း တာဝန်ရှိသလို ခံစားမိပါတယ်။

ကလေးတွေဟာ ပန်းဖူးလေးတွေလိုပါပဲ။
နုနယ်လွန်းတာမို့ နူးညံ့စွာ ကိုင်တွယ်မှ အပြစ်အနာအဆာကင်းတဲ့ ပန်းပွင့်ကလေးတွေ ဖြစ်လာမှာပါ။
အရွယ်ရောက်တဲ့ ပန်းပွင့်ကလေးတွေ မဖြစ်လာခင်မှာ
ဥယျာဉ်မှူးနဲ့တူတဲ့ မိဘ ဆရာသမားတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ပေးမှုနဲ့တင် မလုံလောက်ပါဘူး။
ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူအားလုံးကပါ နူးညံ့တဲ့ လက်ပိုင်ရှင်တွေပဲ ဖြစ်သင့်ပါတယ်။
ဥယျာဉ်မှူးတွေရဲ့ မျက်ကွယ်မှာ လက်ကြမ်းတွေနဲ့သာ တွေ့ခဲ့မယ်ဆိုရင် ..
ကျွန်မတွေးရင်း တွေးရင်းနဲ့ ရင်မောလာမိပါတော့တယ်။


သံစဉ်ဖြူဖြူ
(၅.၁၂.၂၀၁၃)
မနက် ၁၀း၅၀ နာရီ

Thursday, November 28, 2013

မောင့် အတွက် (၈)




♥♥ ချွဲသတဲ့လား မောင်
ကိုယ်ကတော့ နည်းတယ် ထင်မိ ~~

♥♥ တကယ်ပါ အဟုတ်
ကိုယ် သည်းသည်းလှုပ် ချစ်ပြချင်ရဲ့ ~~

၂၈.၁၁.၁၃
၃း၀၀ ပီအမ်

Tuesday, November 26, 2013

စက်ဝိုင်း



ကိုယ့်ကိုယ်ကို ဗဟိုပြုလွန်းတော့

အရွယ်အစားကို သတိမထားမိ

ဆွဲမိတဲ့ စက်ဝိုင်းတွေက

အရေးသင်စ ကလေးတစ်ယောက်ရဲ့ ဝလုံးလို ~~



Try Again!!

Try Again!!

ကိုယ့်ကိုယ်ကို အားပေးရင်း

ထပ်ကာ ထပ်ကာ ကြိုးစားပေမယ့်

အချင်းမျဉ်းက ရှည်မလာ

အဝန်းလည်း မညီမညာ ဖြစ်ဆဲ ~~



အချိန်ရမယ်ဆိုရင်

ကိုယ် သင်ယူချင်ပါသေးတယ်

တစ်သက်မှာ တစ်ခါလောက်တော့

စက်ဝိုင်းလှလှဆွဲဖြစ်ချင်ခဲ့လို့ ~~




သံစဉ်ဖြူဖြူ

(၂၆.၁၁.၂၀၁၃)

ည ၈း၃၅

သို့ ... ချစ်သူ (၁)

မင်း အကြည့်တစ်ချက်အဝင့်
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်တယ် ~~

မင်း အပြုံးတစ်ချက် အပွင့်
ကိုယ့် ရင်ခွင်မှာ အလွမ်းတွေဝင့်ထည် ~~

ချစ်သူရယ်
မင်း အရိပ်အယောင် တွေ့တွေ့
မင်း အငွေ့အသက် ထင်ထင်
ကြင်ခွင့်မရှိတဲ့ဘဝမို့
မြင်ရုံလေးနဲ့တင် ကိုယ် ကျေနပ်နေခဲ့ ~~

သံစဉ်ဖြူဖြူ
(၁၄.၇.၂၀၁၃)

ဂျူလိုင်မလေး .. သို့ မွေးနေ့မှတ်စု

မျက်ရည်မိုး တရှုံ့ရှုံ့နဲ့
မှိုင်းအုံ့အုံ့ ဂျူလိုင်ဟာ
နင့်ရဲ့ မွေးနေ့ကို ပိုင်ဆိုင်ခဲ့လို့
(ငါ့အတွက်တော့)
လင်းလက်တောက်ပလာခဲ့ ~~

♫ ♪ Happy Birthday ♪ ♫

ကံဇာတ်ဆရာရေ
ဂျူလိုင်မလေးအတွက်
ပျော်ရွှင်မှုတွေ ဖိတ်ခေါ်ပေးလှည့်
အေးချမ်းမှုတွေ သယ်ယူပေးလှည့်
အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးပါလှည့် ~~

ဂျူလိုင်မလေးရေ ~~
နင်က ငါ့ရဲ့ တိုးတိုးဖော် ဖြစ်ရဲ့
ခံစားချက်တွေ သွန်ချ
ယုံကြည်စွာ ဖွင့်ဟသမျှ
မကျိုးမပေါက်အောင် သိမ်းဆည်းပေးခဲ့ ~~

နင်က ငါ့ရဲ့ မှတ်စုစာအုပ် လည်း ဖြစ်ရဲ့
မေ့တတ်တဲ့ ငါ့မှတ်ဥာဏ်အတွက်
ထူးခြားဖြစ်စဉ်နဲ့ ရက်စွဲမှန်သမျှ
လိုချိန်ရအောင် မှတ်သားပေးခဲ့ ~~

နင်က ငါ့ရဲ့ အားသွင်းစက် လည်း ဖြစ်ရဲ့
လောကဓံနဲ့ကြုံ
ငါ အားတွေကုန်တိုင်း
စိတ်ဓာတ်အင်အား မြှင့်တင်ပေးခဲ့ ~~

နင်က ငါ့ရဲ့ ပဒေသာပင် လည်း ဖြစ်ရဲ့
ငါ လိုရာမှန်သမျှ တောင့်တစရာမလို
အလိုလို သိမြင်မှုတွေနဲ့
ပင်လုံးညွှတ် သီးပွင့်ပေးခဲ့ ~~

ကျေးဇူးပါ
ငါ့ဘဝထဲ နင် ရောက်လာခဲ့တာ ~~

ကျေးဇူးပါ
ငါ့ကို ပျော်ရွှင်စေခဲ့တာ ~~

ကျေးဇူးပါ
ငါ့ဘဝထဲမှာ နင် ရှိနေသေးတာ ~~

ကျေးဇူးပါ
ကျေးဇူးပါ
အရာအားလုံးအတွက် ကျေးဇူးပါကွယ် ~~

နေတတ်အောင် ကြိုးစားရင်း
ကျေနပ်နေတဲ့ ငါ့ဘဝထဲမှာ
နင်နဲ့ သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာ
ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ ~~

နင် ပျော်အောင် နေပါ ~~

အများစုကြိုက်တဲ့ ဟာသပြက်လုံးတွေကို
ရယ်နိုင်အောင် ကြိုးစားပါ ~~

၁၆ နှစ်သမီးတစ်ယောက်ရဲ့ ပျိုမြစ်မှုမျိုးနဲ့
ခိုးခိုးခစ်ခစ် ရယ်လိုက်စမ်းပါ ~~

ချစ်ခင်ရင်းနှီးတဲ့သူတွေက
နင့်ကို စိတ်ဒဏ်ရာတွေ ပေးတဲ့အခါ
စိတ်ဆိုးပါ
စိတ်မကွက်ပါနဲ့
စိတ်ထဲမှာ ဘာမှ မကျန်တော့တဲ့အထိ
ပွင့်ပွင့်လင်းလင်းသာ ရန်ဖြစ်လိုက်စမ်းပါ ~~

သက်တမ်းတိုတိုလေးအတွင်းမှာ
ပိုင်ဆိုင်နေဆဲ အရာတွေကို
တန်ဘိုးထားပါ ~~

ဘာပဲဖြစ်ဖြစ်ပေါ့
နင် ပျော်ပါစေ
အေးချမ်းပါစေ
ကောင်းသောလိုရာဆန္ဒတွေ ပြည့်ဝပါစေ ~~

သံစဉ်ဖြူဖြူ
၁၅.၇.၂၀၁၃ (တနင်္လာနေ့)

Facebook ပြိုင်ပွဲ

► Like မလား Share မလား

Facebook မှာ ပြိုင်ပွဲရှိတယ် ~~



► အချို့က လူအတွက် ဆုကို အကြောင်းပြ

အချို့က ဆု အတွက် လူကို ရောင်းချ

မက်ဇူကာဘတ်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ

ဟန်ရေးအမျိုးမျိုး ပြကြတယ် ~~



► ပစ္စည်းအတွက်လား

လူအတွက်လား

လှလှပပ ဝေဝေဆာဆာနဲ့

ကြော်ငြာထဲ ကြော်ငြာဝင်

လူသိများဖို့ အလျင်လိုတယ် ~~



► ပွဲစဉ်အချို့က ခေါင်းစဉ်တပ်

ဘာအတွက် ညာအတွက်

ဘာအကြောင်း ညာအကြောင်း

ထွေလာသောင်းပြောင်း

အဖေ အကြောင်း

အမေ အကြောင်း

ကမ္ဘာကြီးရဲ့ စိမ်းလန်းသာယာမှုအကြောင်း

အို ..

ကောင်းဖို့က သာမညောင်ည

ပေါင်းဖို့က အဓိက

တွေ့သမျှ လူ အကုန်သာပေါင်း

ဖေ့ဘွတ်မှာ ဖရန့်ထောင်သောင်းလိုတယ် ~~



((ဒီလိုနဲ့
ကဗျာ ဝတ္ထုဆိုတဲ့
လှပတဲ့ အနုပညာအစိုင်အခဲတွေဟာ
ကြော်ငြာအချို့ရဲ့ Like နဲ့ Share ကြားမှာ
ဗန်းပြခံခဲ့ရ))


►Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် အကုန်လှူမှာ

မိဘမဲ့ကလေးတွေ သနားစရာ

နားခိုစရာ ကျောင်းတွေ လိုလို့ပါ ~~



► Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် ဂုဏ်ယူချင်

Liker တွေကို ခေါင်းပေါ်တင်

တစ်သက်လုံး ကျေးဇူးတင်မှာ ~~



► ဆယ်လီဗျစ်တီ ဟိုအစ်ကိုကြီး

သမီး ကို ကူပေးပါ

အစ်ကိုသာ Like တောင်းပေးရင်

ထောင် နဲ့ သောင်း နဲ့ ရမှာ ~~



► ဟိုပေ့ခ်ျက အက်ဒ်မင်လေး

နင် နဲ့ ငါ သွေးသောက်ဖွဲ့

မောင်နှမ ခဏတော်ကြစို့ရဲ့

နင်ပေ့ခ်ျမှာ ပုံလေး Share

Like နဲ့ Share ဆွယ်ရအောင်ဟာ ~~



► ဒီမယ် ဒီမယ်

ခင်များလည်း ဒီတိုင်းမနေနဲ့

ဒီအထိတောင် စာကို ဖတ်လာပေးပြီမှ

လက်စနဲ့

မူရင်းလင့်ခ်ကိုသွား

ကျုပ် ပြိုင်ထားတဲ့ ဓာတ်ပုံလေးကို

လိုက်ခ်တစ်ချက်တော့ အားနာပါးနာ နှိပ်ပေးပါဗျာ ~~



(၂၆.၈.၂၀၁၃)

သံစဉ်ဖြူဖြူ လက်ဆော့သည်။


(မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ။

အပျော်သဘောရေးခြင်းသာ)

ဖြစ်စဉ်

►  မေတ္တာတစ်ခင်းကိုရွယ်

     ဟဒယလွင်ပြင်ကျယ်မှာ

     သမုဒယတွေ ကြဲဖြန့်မိလေရဲ့  ~~


►  မိုက်မဲ တွေဝေမှု ကာလတွေရဲ့ အလွန်မှာ

      တပ်မက်မှု အခက်အလက်တွေ ဝေဆာလို့

      အလိုမကျမှု ဆူးတွေလည်း ထွက်ပေါ်လာခဲ့တယ် ~~


►  ပျိုးချင်တာ မေတ္တာပါကွယ်

     အဝိဇ္ဇာ ဖုံးလွှမ်းခဲ့တော့

     သမုဒယကို မှားယွင်းစိုက်ပျိုး

     သောကတွေ တိုးသထက်တိုးလို့

     နောက်ဆုံးတော့

     ဒုက္ခ အသီးအပွင့်တွေသာ ဆထက်ထမ်းပိုး ရိတ်သိမ်းရပေါ့ကွယ် ~~


သံစဉ်ဖြူဖြူ
(၂၅.၈.၂၀၁၃)

ငယ်ချစ်ဦး သို့ (၁)




►► ဘယ်ခရီး ဘယ်လိုစီးစီး
နောက်ဆုံးမတော့
ဒီဘူတာနဲ့ နီးဖို့ ကြိုးစားမိ ~~

►► ဘားတန်းပါတဲ့
စက်ဘီးလေးတွေ မြင်တိုင်း
ချွေးနံ့သင်းတဲ့ ကျောပြင်လေးကို
အမှတ်ရ
နင် မောခဲ့ဖူးသလားကွယ် ~~

►► နင် ချွန်ပေးတဲ့ ခဲတံလေးတွေကြောင့်
ငါ ဆွဲတဲ့ပုံတွေဟာ ပိုပြီးသပ်ရပ်ခဲ့ ~~

ဗားရှင်းအသစ်ထွက်တိုင်း မြှင့်
အဆင့်မြင့် နည်းပညာတွေသုံး
ကွန်ပျူတာတစ်လုံးနဲ့ ပုံဆွဲနေတော့
နင် ခဲတံမှ ချွန်တတ်သေးရဲ့လား ~~

►► ကဒ်လှလှလေးတွေမှာ
အမှတ်တရတွေပါတယ် ~~

ဆေးမကွက်သေးတဲ့
ဓာတ်ပုံလေးထဲမှာ
ဖြူစင်မှုတွေ ပါတယ် ~~

တကယ်ပါကွယ်
ဘယ်လောက်ဝေးဝေး
နင့်အကြောင်း တွေးဖြစ်နေဆဲ ~~

►► သြော် ..
ငယ်ချစ်ဆိုတော့လည်း
ဆယ်နှစ် မတွေ့တောင်
မမေ့တာ ဘာဆန်းသလဲကွယ် ~~

သံစဉ်ဖြူဖြူ
(၂၂.၁၁.၂၀၁၃)
ည ၁၁း၅၈ မိနစ်

မောင့် အတွက် (၇)




ချမ်းသလား လွမ်းသလား ကိုယ်မသိ
တုန်ရီ လှိုက်မောမိတာ အမှန် ~~

စိတ်လိုလက်ရ မရှိတဲ့ စကားလုံးအချို့မှာ ကိုယ်က စီးမြော
မောင် ပေးတဲ့ အချိန် အချို့မှာ
မောင် ဘာပဲပြောပြော ကိုယ် ပျော်နေဆဲ ~~

ခဏလေး စောင့်ပါ မောင်
မနွေးထွေးတော့တာ သိနေရက်နဲ့
သွေးအေးသွားပြီလားလို့
ကိုယ် မမေးချင်သေးလို့ပါ ~~

သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၁၀ မိနစ်

မောင့် အတွက် (၆)







►► အတိတ်ဆိုတဲ့အရပ်ကို မျက်နှာမူ
ရက်စွဲချိုချိုတွေဆီ ပျံသန်း
ကိုယ့်အခန်းမှာ
အလွမ်းရနံ့တွေ သင်းလို့ ~~

►► ပြန်လိုချင်ရဲ့
ပြန်လိုချင်ရဲ့
ပြန်လိုချင်ပါရဲ့ကွယ် ~~

►► ပြန်လှည့်ခွင့်မရှိတဲ့ အချိန်ယန္တရားမှာ
အလိုက်သင့် ကူးခတ်ရင်း
ကိုယ်အခန်းနံရံမှာ စာတစ်ကြောင်းရေးတယ် ..

"Time and Tide wait for no man"

►► အချိန်က ကိုယ့်ကို မစောင့်ပေမယ့်
ကိုယ်ကတော့ မောင့်ကို စောင့်နေပါ့မယ် မောင် ~~


သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၂၈ မိနစ်

မောင့်အတွက် (၅)




ဟိုး အဝေးက ခွေးအူသံ သဲ့သဲ့ ကြားရဲ့
ကိုယ့် အပြုံးတွေ မဲ့ မဲ့ လာပြီ မောင် ~~

တ ဖြည်း ဖြည်း နက် လာ တဲ့ ည က
တ စ ထက် တ စ ငြိမ် သက် လာ ပေ မယ့်
ကိုယ့် အ တွေး တွေ ယောက် ယက် ခတ် နေ လေ ရဲ့ ~~

ဘယ် များ ရောက် နေ သ လဲ မောင် ~~

သံစဉ်ဖြူဖြူ
(၆.၁၁.၁၃)
ည ၁၁း၁၅ မိနစ်

မောင့်အတွက် (၄)




စကားလုံးတစ်ချို့မှာ မြစ်ဖျားခံ
ကိုယ့် ရင်ထဲကို စီးဆင်း
မောင် က
ကိုယ့်ရဲ့ မြစ်ကလေးတစ်စင်း ~~

ရေ စီး ကြမ်း မလား .. ရရဲ့ ။
လှိုင်း ထန် မ လား .. ရရဲ့ ။
ဟိုဒီ ကွေ့မလား .. ရရဲ့ ။
မြစ်ကြောင်းပြောင်းမလား .. ရရဲ့ ။

ဘယ်လို တာတမံမျိုးနဲ့မှ မဆီးကာ
လွတ်လပ်စွာ စီးဆင်း
ချည်နှောင်ခြင်းကင်းလို့
အဲဒါ .. ကိုယ့်ရဲ့ ချစ်ခြင်းပါ မောင် ~~

သံစဉ်ဖြူဖြူ
(၁၃.၁၁.၁၃)

မောင့် အတွက် (၃)




// စိုက် ကြည့် နေ မိ တဲ့ မျက် နှာ ပြင် အ နက် ရောင် လေး ကို
လက် ညှိုး လေး တစ် ချက် ထိ လိုက် ရုံ နဲ့
မောင် က ကိုယ့်ရဲ့ ဆက်သွယ်မှုဧရိယာထဲ ရောက်လာမှာ သိရဲ့နဲ့ ~~

// ခွင့်ပြုပါ မောင်
ဟို သီ ချင်း လေး ထဲ က လို လ မင်း က တ ဆင့် လွမ်းတဲ့စကား ပါး ပါ ရ စေ
လ ခြမ်း ကွေး ကွေး မှာ ကျွန်မ အ ပြုံး တွေ လည်း ချိတ် ဆွဲ ထား ရဲ့
မောင့် ပြူ တင်း တံ ခါး ဖွင့် ထား ဖို့ တော့ မျှော် လင့် မိ သား ကွယ် ~~

// လ က လေး ငယ် ငယ် ဆန်း စ မို့
မှိုင်း ညို့ ညို့ကောင်း ကင် မှာ ကြယ် ဖြူ တွေ မင်း မူ နေ လေ ရဲ့
ကိုယ့် အတ္တ လို့ ဆို ချင် ဆို
မောင့် ရင် မှာ တော့ ဘယ် ကြယ် စင် မှ မ လင်း စေ ချင် ဘူး ~~

// ကောင်း သော ည ပါ မောင်
ည ခင်း ရဲ့ အ လင်း ပြ ပြ မှာ မောင် အေး မြ ပါ စေ သား ~~

သံစဉ်ဖြူဖြူ
၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလဆန်း (၃) ရက် —

မောင့်အတွက် (၂)




►► မော် နီ တာ ရဲ့ တစ် နေ ရာ တည်း ကို ခ ဏ ခ ဏ ကြည့် မိ
ကိုယ့် မျက် လုံး တွေ ညာ ဘက် ကို စွေ ချင် နေ ပြီ မောင် ~~

►► ကိုယ့် အ တွက် ရောက် လာ တာ မ ဟုတ် ခဲ့ ရင် တောင်
အ စိမ်း ရောင် လေး မြင် ရ ရုံ နဲ့ တင် ရင် ခုန် သံ မြန် ခဲ့ ~~

►► မြတ် နိုး မှု များ စွာ နဲ့
"မောင် ရေ" လို့
ကိုယ့် ဘက် က စ ပြီး ခေါ် ချင် တဲ့ စိတ် ကို ချုပ် ထိန်း
စိမ်း နေ တဲ့ မောင့် နာ မည် လေး ကို
မျက် တောင် မ ခတ် ဘဲ တ စိမ့် စိမ့် ကြည့်
ရင် ထဲ မှာ တော့ သိမ့် သိမ့် လှိုက် ဖို လို့ ~~

►► ၁ စ က္ကန့်
၂ စ က္ကန့်
....
....
စ က္ကန့် ပေါင်း များ စွာ ကို ဖြတ်
မိ နစ် ပေါင်း များ စွာ ကို ကျော်
မောင် ကိုယ့် ကို မ ခေါ် လည်း
ဒီ လို မျှော် နေ ရင်း နဲ့ ပဲ
ကိုယ် ပျော် နေ ခဲ့ ~~

(၇.၁၁.၂၀၁၃)
ည ၈း၁၉ မိနစ်

မောင့် အတွက် (၁)


 
 
 
// ဒီ ည
မောင့် ကမ္ဘာ သာ ယာ ပါ ရဲ့ လား ~~

// ရာ သီ ဥ တု ကြောင့် ဖြစ် ဖြစ်
ယာမကာ တစ်ခုခု ကြောင့် ဖြစ် ဖြစ်
မောင် ပူ လောင် အိုက် စပ် နေ မလား
အင်္ကျီ လေး တော့ ဝတ် ထား စေ ချင် တယ် မောင် ~~

// မောင်
လူ တော် တော် များ များ ဟာ အိပ် ပျော် နေ တဲ့ အခါမှာ
ပါး စပ် စေ့ မ နေ ဘူး တဲ့
တစ် ဝက် တစ် ပျက် ပွင့် နေ တဲ့ မောင့် နှုတ် ခမ်း လွှာကို ငေး ရင်း
ကိုယ် ကြည်နူး ချင် မိ တယ် မောင် ~~

// မောင့် န ဖူး ပြင် မှာ ချွေး စို့ နေ လေ မ လား
ဆံ စ ကို ဖွ ဖွ လေး သပ်
မြတ် မြတ် နိုး နိုး နဲ့
တစ် ခါ လောက် ခိုး ရှိုက် ချင် မိ တယ် မောင် ~~

// သြော် ..
ကိုယ့် ကမ္ဘာ လား
အိပ် မ ရ ပေ မယ့်
မောင့် ကို တမ်း တ ရင်း
ကိုယ့် အလွမ်း နဲ့ ကိုယ်
လန်း နေ ပါ တယ် မောင် ~~

သံစဉ်ဖြူဖြူ
(၈.၁၁.၁၃)

တိုတိုထွာထွာ

စို့နေတဲ့ ချွေး
တစ်ချီသွေးရုံနဲ့ အေးမယ် ထင်ရဲ့
ဒီနေ့မှပဲ လေက ငြိမ်လွန်းတယ် ~~

(၂၅.၁၁.၂၀၁၃)
ည ၁၀း၄၀

စံပယ်







မွှေးမြမြရယ်နဲ့

ဖွေးလွလွ ပန်းစံပယ်ငယ်

နွမ်းနယ်ကာ ကြွေသည့်တိုင်အောင်

လန်းချင်တယ် ပင်ယံထက်မှာ

နန်းစံကာ နေချင်ပေမယ့်

ဖူးပျိုစဉ် ငုံဘဝမှာပဲ

ဝါးသီတံ တံကျင်လျှိုလို့

(သြော် .. ဥယျာဉ်မှူး ဝမ်းရေးပေမို့)

တော်ရာကို စံပယ်မြန်းရတယ်

ပန်းသည်ရဲ့ ဗန်း ။            ။



သံစဉ်ဖြူဖြူ
(၃၀.၉.၂၀၁၃)

အပြောင်းအလဲမြန်တဲ့ မိုးလေဝသ




အခန်း (၁)
အစ
နံနက် (၁၁) နာရီ (၁၅) မိနစ်
  
 ကျွတ်စ်
 နေကလည်း အစောကြီးရှိသေးတယ်။ ပူလိုက်တာ ခြစ်ခြစ်တောက်။ တိမ်တွေက ကောင်းကင်မှာရှိနေပြီး နေကို ဖုံးမထားနိုင်ကြဘူး။
 လေကလည်း တိုက်မှာဖြင့် အကုန်လွင့်သွားအောင် တိုက်တာမဟုတ်ဘူး၊ ပျင်းတိပျင်းတွဲနဲ့။  အပင်တွေကပါ ယိုင်ထိုးထိုးနဲ့ အရက်မူးနေတဲ့သူ လမ်းလျှောက်နေသလိုပဲ။  

ဟာကွာ။ မျောက်မူးလဲတွေ . ဆော့လိုက်ကြတာ။ ကျောင်းပိတ်ရက်ဆိုရင် လမ်းပေါ်မှာ ပြည့်နေတာပဲ။ မိဘတွေကလည်း မဆုံးမထားကြဘူး။ ကိုယ့်ကလေးကိုယ် မကြည့်နိုင်ဘဲနဲ့ မွေးထားကြသေးတယ်။ ကျောင်းပိတ်ရက် အိမ်မှာ စာကျက်ခိုင်းပါလား။ 

ကလေးတွေ ရှုပ်ပါတယ်ဆိုမှ ကလေးထက်ဆိုးတဲ့ ခွေးတွေကလည်း တမှောင့်။  ညဆိုလည်း အိပ်ရေးပျက်အောင်အူ။  နေ့ဆိုလည်း ဟိုပြေး ဒီပြေး။ တွေ့ကရာလူနောက်လိုက်ပြီး အမြီးတနှံ့နှံ့။  ပြေးရာကနေ လမ်းပေါ်တက်အိပ်လိုအိပ်။

“တီ  တီ  တီ”

မှတ်ပလား။ ဟွန်းကို ဆင့်ပြီး နှိပ်ပစ်လိုက်သည်။ ပြေးကြစမ်းကွာ။ လူက စိတ်တိုနေပါတယ်ဆိုမှ လမ်းပေါ်လူတွေ ရှုပ်လိုက်တာ။
တိုက်မိရင် အလျော်တောင်းကြဦးမယ်။ ကိုယ်တို့လမ်းသွယ်လေးက ကွန်ကရစ်ခင်းထားပြီး Slow down တွေကလည်း ပေါပါဘိ။
သူ့ပေါ်ဖြတ်တာနဲ့ ဆိုင်ကယ်က ခုန်ရော။ အရှိန်လျှော့မောင်းနေရတာ စိတ်မရှည်ချင်စရာ။ ဒီကြားထဲ လမ်းက ကျဉ်းပါတယ်ဆိုမှ ဈေးရောင်းတဲ့သူတွေကလည်း လမ်းပေါ်ရောက်နေပြီ။ ဝင်တိုက်ပစ်လိုက်လို့ ဗန်းထဲက ကုန်စိမ်းတွေရော ဈေးသည်ပါ အရေးပေါ်ရောက်သွားမယ်။ စိတ်တိုတိုနဲ့ ဟောက်မလို့ ဈေးသည်ကို အကြည့်

"အစ်မ ရှောက်သီးကောင်းတယ်လေ။ လတ်လည်း လတ်တယ်၊ သုပ်စားမယ်ဆို အနေတော်ပဲ။ ယူပါဦးလား"

တောက်
စိတ်ကို လာဆွပြန်ပြီကွာ။ အဲဒီရှောက်သီးပေါ့။ ကိုယ့်စိတ်ကို ခုလောက်ထိ မကြည်လင်အောင် လုပ်တာ။

►►►►♦♦◄◄◄◄

အခန်း (၂)
အပျိုး
နံနက် (၁၀) နာရီ (၄၅) မိနစ်

 ပဲတောင့်ရှည်ကို ခပ်စောင်းစောင်းလှီးပြီး ကြော်ထားတာ သိပ်ကြာသေးပုံမရ။ အစိမ်းရောင်တောင်မပျက်သေး။ ငရုတ်သီးဆီဝေ့ဝေ့ကြားမှာ ရှမ်းနံနံရွက်စိမ်းစိမ်းလေးတွေ နေရာအပြည့်ယူထားပုံက ငါးချဉ်ရည် ချက်ထားပုံ။
အနှစ်နည်းနည်းနဲ့ ဆီကျန်ရေကျန် ချက်ထားတဲ့ ကြက်သားကတော့ ကိုယ့်အကြိုက်။
 မြင်နေကျ ငရုတ်သီးအကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်နဲ့ ငါးပိရည်အစား ပုစွန်လှော်နဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ ရောထောင်းပြီးဖျော်ထားတဲ့ ငါးပိရည်ခွက်ကို တွေ့တော့ ဗိုက်က ပိုဆာလာသည်။ မုန်လာချဉ်ဖတ်လေးမြှုပ်ပြီး တို့လိုက်လို့ကတော့
နှစ်ပန်းကန်အနည်းဆုံးဝင်မှာ အသေအချာ။
တူမတော် ခူးပေးတဲ့ ထမင်းပန်းကန်နဲ့ အပီဆွဲဖို့ စိတ်ကူးနေတုန်း လတ်ဆတ်တဲ့ အနံ့တစ်မျိုးက နှာခေါင်းဝမှာ လာကလူလို့ ကြည့်မိတော့
အိုး အမေ ရှောက်သီးနွှင်နေတာပါလားကွယ်။

ကိုယ်တို့ မောင်နှမအားလုံးက ရှောက်သီးသုပ်ကြိုက်ကြတာမို့ အမေက မကြာခဏ သုပ်ကျွေးနေကြ။
ပုစွန်ထုပ်ကိုလှော် ငရုပ်သီးစိမ်းနဲ့ ရောထောင်းပြီး သုပ်ပေးတတ်တဲ့ အမေ့လက်ရာ ရှောက်သီးသုပ်က ကိုယ့်အတွက်တော့ ဘယ်ဟော်တယ်က အစားအသောက်မျိုးနဲ့မှ ယှဉ်မရတာ။ မျှင်ငါးပိလေးကို မီးကင်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နဲ့ ရောနယ်လိုက်လို့ကတော့ အချိုမှုန့်ဆိုတာလည်း လွတ်ရဲ့။ ဆီချက်မပါလည်း ရရဲ့။

တွေးရင်း ပါးစောင်မှာ စွတ်စိုလာတဲ့ သွားရည်ကို အသာမျိုချရင်း အမေ့နားကို ရောက်သွားတော့

"သမီးရဲ့ညီမလေး ထမင်းချိုင့်ထဲ ထည့်ပေးဖို့ သုပ်နေတာလေ။ ဆိုင်မှာ စားရတဲ့သူဆိုတော့ ငါးပိရည်မပါ ဘာမပါနဲ့။ ငါးခေါင်းချဉ်ရည်ကလည်း သူ စားဖို့အဆင်ပြေမှာမဟုတ်ဘူး ဆိုတော့ ရှောက်သီးလေး တစ်စိတ်ရှိတာ သုပ်ထည့်ပေးလိုက်မလို့"

သွားရည်က နင်တတ်ပါသလား။ ကိုယ်လည်း သေချာတော့မသိ။ တစ်ခုခုတော့ ဆို့တက်သွားသည်မှာ အမှန်။ လည်ချောင်းဝမှာလား ရင်ထဲမှာလား ဆိုတာလည်း ကိုယ် မခွဲခြားချင်တော့။ ထမင်းစားပွဲနားကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာလည်း မသိ။
ထမင်းပန်းကန်ထဲကို ဘာဟင်းတွေခပ်ထည့်ပြီး ဘယ်လိုစားမိမှန်းလည်းမသိ။ အရသာလည်းမသိ။ မသိ မသိ မသိ။
ဘာကိုမှ မသိတော့။
အမေက သူ့သမီးငယ်ကိုပဲ ချစ်တယ်ဆိုတဲ့ စိတ်ခံစားချက်ကသာ အာရုံထဲမှာ တဝဲလည်လည် လှည့်လို့။

►►►►♦♦◄◄◄◄
  
အခန်း (၃)
အလယ် (သို့) အလည်
မွန်းလွဲ ၁ နာရီခွဲ

"ဒါနဲ့ပဲ နင်က ညနေစာ ပြန်မစားဘူး ဟုတ်လား"

"အေး .. မစားဘူး ဒီနေ့ ညနေစာလည်းမစားဘူး .. နောက်ရက်လည်း တွေ့ရာ ဝယ်စားမယ်ဟာ။
အိမ်ပြန်မစားဘူး။ အိမ်မှာ ငါက အရေးမှ မပါတာပဲ။ အမေက ငါ့ထက် ငါ့ညီမပဲ ပိုချစ်တာ"

 "နင့်ညီမလေးက အငယ်ဆုံးလေ။ ဘာလို့ နေရာတကာမှာ သူနဲ့ ယှဉ်နေရတာလဲ။ အငယ်ဆုံးတို့ အကြီးဆုံးတို့ဆိုတာ အလတ်တွေထက်တော့ အခွင့်အရေး ပိုသာတာပဲပေါ့"

 "သွားစမ်းပါ။ အငယ်ဆုံး အငယ်ဆုံး နဲ့။ ငါတို့ကရော သားသမီးပဲလေ။ အလတ်ဆိုတာနဲ့ပဲ အချစ်လျော့စရာလား
ချစ်ကြဟာ ချစ်ကြ ချစ်ကြ။ တော်ပြီ။ နင်လည်း အတူတူပဲ။  အငယ်တွေဘက်ကပဲ ပါတယ်။  နင်နဲ့လည်း စကားမပြောဘူး။ ဒါပဲဟာ"
  
ပြောပြောဆိုဆိုနဲ့ ဖုန်းကို ချပစ်လိုက်သည်။ တကယ်ပါပဲ။ သူငယ်ချင်းတွေကလည်း ကိုယ့်ဘက်မှာမရှိ။ ကိုယ်ကပဲ ဆိုးလွန်းနေတာလား။
သေချာတာတော့ ကိုယ် အချစ်ခံချင်မိတာပါ။ နို့ညှာ လို့ နာမည်ရတဲ့ ကိုယ်က အငယ်ဆုံးဖြစ်တဲ့ ညီမလေးကို အခြားအရာတွေမှာ ညှာတာချင်ပေမယ့် အမေ့ရဲ့ အချစ်တွေကိုတော့ ပိုပိုသာသာ မပေးချင်တာ ကိုယ် သိပ်များ လွန်နေလို့လား။ တွေးရင်းနဲ့ ဗိုက်ထဲက ဆာလာပြန်သည်။ အနားမှာရှိတဲ့ ရေဗူးထဲက လက်ကျန် လက်နှစ်လုံးလောက်ရှိသည့်ရေကို မော့သောက်ရင်းနဲ့
 မနက်က မစားဖြစ်ခဲ့တဲ့ ပဲသီးကြော် စိမ်းစိမ်းလေးနဲ့ ကြက်သားဟင်းကို မြင်ယောင်လာသည်။
 အို မမြင်နဲ့။ မမြင်နဲ့။ စိတ်ကောက်တယ်ဆိုမှတော့ ပီပီပြင်ပြင် ကောက်ပစ်စမ်းပါ။

 သမီးရယ် ကြိုက်လိုက်ပါ သမီးရယ်
 လမ်းထိပ်က ပရာဒိုပိုင်တဲ့ ဦးတုတ်ကြီးက သူဌေး  ရေး ဟေး ဟေး
 သမီးရယ် ကြိုက်လိုက်ပါ သမီးရယ်
 လမ်းထိပ်က ပရာဒိုပိုင်တဲ့ ဦးတုတ်ကြီးက သူဌေး  ရေး ဟေး ဟေး

ကိုယ့်ကိုယ်ကို မာန်တင်းဆုံးမနေရင်း ကိုယ့်ဖုန်းမှာ အမေ့ဖုန်းအတွက် သီးသန့်ထည့်ထားတဲ့ Ring Tone သံမြည်လာတာကြောင့် စိတ်ကူးထဲကိုက်နေတဲ့ ကြက်တောင်ပံ ပျောက်သွားသည်။
ဖုန်းကို ချက်ခြင်းကိုင်ပြီးမှ အမေ့ကို စိတ်ကောက်နေတာကို သတိပြန်ရပြီး ဖုန်းကို ပြန်ချရင်ကောင်းမလား အတွေးက ဝင်လာပေမယ့် မချဖြစ်။

"သမီး။ အလုပ်များနေလား။ အမေ ကြာဆံကြော်ထားတယ် သမီး။ ပူတုန်းလေး လာစားလိုက်ပါလား"

“ မစားတော့ပါဘူး” လို့ ခပ်တိုးတိုးဖြေသံကို အမေ ကြားသလား မကြားသလားတော့ မသိ။ အမေကတော့ ဆက်ပြောနေရဲ့။
  
"သမီးမနက်က ထမင်းစားတာနည်းလို့ ဒီနေ့ခင်း အမေ ကြော်ပေးထားတာ။ ပဲသီးလေးတွေလည်း ပါတယ် သမီးရဲ့။
 သမီး ကြိုက်တဲ့ပုံစံမျိုးလေး ဘဲဥကို အချပ်လိုက်ကြော်ပြီး အပေါ်ကနေ ကပ်ကြေးနဲ့ ကိုက်ပေးထားသေးတယ်။  ပြန်လာစားလိုက်နော် သမီး။ အချိန်မရရင် သမီးဆိုင်က ကလေးတစ်ယောက်ယောက်ကို လာယူခိုင်းလိုက်။ ပူတုန်းလေး စားစေချင်လို့"
  
"ဟုတ် ဟုတ် .. "

 အမေ့ဘက်က ဖုန်းချသွားပေမယ့် ဖုန်းကို ကိုင်ထားဆဲ ကိုယ့်မျက်နှာ ဘယ်လိုပုံဖြစ်နေမလဲဆိုတာ မှန်ထောင်ကြည့်ရင်ကောင်းမလား တွေးလိုက်မိသေးသည်။

►►►►♦♦◄◄◄◄

အခန်း (၄)
အဆုံး
မွန်းလွဲ (၃) နာရီ

 ကောင်းကင်က ခါတိုင်းထက် ပိုကြည်လင်နေသလိုလို။ တိမ်မျှင်လေးတွေလည်း အရင်ကထက် ပိုပြီး ဖြူလွလို့။ သစ်ပင်လေးတွေကရော ရေများဖြန်းထားသလို စိမ်းစိုလို့နေရဲ့။ လေအဝေ့မှာ ယိမ်းနွဲ့နေပုံက ကမ္ဘာကျော် ကချေသည်လေးတွေ ကပြနေသလိုလို။  ရာသီဥတု ကြည်လင်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ မွန်းလွဲနေကလည်း အရှိန်တောက်ပစွာနဲ့ အားဖြည့်ပေးနေသေးသည်လေ။
  
အို ကလေးတွေ ဆော့နေလိုက်တာ စီစီကိုညံလို့ကွယ်။ ချစ်စရာကောင်းလိုက်တဲ့ ကလေးတွေ။ သူတို့လည်း ကျောင်းပိတ်ရက်ကလေးပဲ ကစားရရှာတာဆိုတော့ ကစားချင်ကြမှာပေါ့လေ။
ကိုယ့်ဆိုင်ကယ် လမ်းထဲဝင်လာတော့ ခွေးတွေ အိပ်နေရာကနေ ထွက်ပြေးကြလေရဲ့။ အခုလိုကျတော့လည်း သနားစရာကောင်းလိုက်တာ။ ခွေးချင်းအတူတူတောင် သူတို့ဘဝက မွေးမယ့်ပိုင်ရှင်မရှိ။ အချိန်မှန် ကျွေးမယ့်သူ သတ်သတ်မှတ်မှတ်မရှိ။ ရပ်ကွက်ထဲက ကြုံတဲ့သူက ကျွေးတာစား လမ်းဘေးမှာ တွေ့ရာစားနေရရှာတာ။ အပြန်ကျရင်တော့ အိမ်ကနေ တစ်ခုခု ယူလာကျွေးဦးမှပါ။

Slow Down နားမရောက်ခင် ဂီယာကိုချိန်းရင်း အရှိန်လျှော့ဖို့ သတိရသည်။
ဒါလေးတွေကလည်း အန္တရာယ်ကင်းဖို့ တစ်တပ်တစ်အားကူညီပေးကြတာ မဟုတ်လားလေ။

 ဟော ဟိုကုန်စိမ်းသည်လေးက မသိမ်းသေးပါလား။ ခမြာ တစ်နေကုန် ထိုင်ရောင်းနေရရှာတယ်။ အားပေးဦးမှ။
ဖြည်းဖြည်းချင်း မောင်းလာတဲ့ဆိုင်ကယ်ကို ညင်ညင်သာသာရပ်။ အချိုဆုံး ပြုံးရင်း

"ညီမရေ .. အဲဒီရှောက်သီးတွေ အကုန်ယူမယ်"

မနက်က ရောင်းချင်လွန်းလို့ ခေါ်တုန်းက မျက်ထောင့်နီနဲ့ ကြည့်ခံထားရတဲ့ ကုန်စိမ်းသည်ကောင်မလေးခမြာ ကိုယ့်ကို ပြူးကြည့်လို့။  
ကိုယ်တို့ မောင်နှမတွေအားလုံးက ရှောက်သီးသုပ် သိပ်ကြိုက်ကြတာ သူမှ မသိတာနော်။

►►►►♦end♦◄◄◄◄


(စာကြွင်း ။      ။ အလယ် ဟူသည် ဇာတ်လမ်း၏ အလယ်ဖြစ်ပြီး
 အလည်ဟူသည်မှာ နားလည်မှုရသွားသည့်အပိုင်းဟု ဆိုလိုချင်ပါသည်။)
သံစဉ်ဖြူဖြူ
၁ဝ.၁ဝ.၂ဝ၁၃

ချောင်းငယ်ပလီ နဲ့ မြောင်းသွယ်မဒီ

/// စိမ်းစိမ်းရယ်စို

သစ်ရိပ်ကယ်ညိုညိုနဲ့

ဥယျာဉ်ပျို အိနြေ္ဒအပြည့်

ငြိမ်သက် သိမ်မွေ့။


/// ချောင်းငယ်ရေလျဉ်

သွင်သွင် လွင်လွင်နဲ့

ခင့် ဥယျာဉ် သူမြင်တော့

မူဟန်ပြင် တဝင့်ဝင့်

စီးမယ့်ဟန်ထင့်။


/// စီးမယ့်ဟန် မြင်

ဥယျာဉ်ရှင် ပျိုခင်က

စိုလွင်ဖို့ ရည်စူး

ချောင်းရေသွယ် လွယ်စေဖို့

မြောင်းငယ်ကိုတူး။


/// တူးပေတဲ့ မြောင်းငယ်

ထူးမလာပေဘူး

ချောင်းရေလျဉ် ဟိုဒီဝေ့တယ်

မျှော်မိသူ ရူး။


/// ရူးပါနဲ့ ခင်ပျို

ဝဠာမှာ တိမ်ညိုပြီမို့

ချိန်တန်လျှင် စိုပါလိမ့်မယ်

မိုး ကြိုလှည့်ဦး။


သံစဉ်ဖြူဖြူ
၂၄.၁၀.၂၀၁၃

ဆောင်းအဝင်

►► သူ တစ်ချက်အဝေ့မှာ

ကြည်မွေ့လို့သွားရဲ့

နောက်ကျတယ်လို့ မဆိုရက်တော့ဘူး

မြောက်ပြန်လေ ♦♦


►► သိမ့်သိမ့်လေး သွေးတော့

စိမ့်စိမ့်လေး အေးတယ်

သံစဉ်တေးတစ်ပုဒ် ဆိုညည်းတော့

ငြိမ့်ငြိမ့်လေး ရင်ထဲ နွေးတယ် ♦♦


►► ကြည့်ပါဦး မောင်ရယ်

ပင်ထက်မှာ မယ်ဇလီတစ်ပွင့်

နှင်းစက်ကို ငံ့လင့်နေရဲ့ ♦♦


သံစဉ်ဖြူဖြူ
(၃၀.၁၀.၂၀၁၃)

ပင်စင်မယူသေးတဲ့သူ

♫ ♪ ဟိုး အဝေးက လ နိုဝင်ဘာ

အေးမြတဲ့ နှင်းပွင့်တွေကြားမှာ

ကိုယ့် အဖွားရဲ့ သမီးငယ်လေး မွေးဖွားဖြစ်တည်ခဲ့ ♪ ♫


►► သူ လေ ~~

ငယ်ရွယ်စဉ် ကလေးဘဝထဲက

မိဘတွေရဲ့ နောက်ဆုံးအချိန်ထိ

မိဘအပေါ် ဒုက္ခမပေးခဲ့

တတ်စွမ်းသမျှ အင်အားတွေနဲ့

မြင်းမိုရ်ဦးကို ကျေးဇူးဆပ်ခဲ့ ... ◄◄


►► သူ လေ ~~

သားကြီး နဲ့ သမီးကြီး

သမီးလတ် တင်မက

သမီးငယ် နဲ့ သမီးထွေး

ကျန်းမာသန်စွမ်းတဲ့ သားသမီးငါးယောက်ကို မွေးလို့

လူသားမျိုးနွယ်အတွက်

မျိုးဆက်ပေးရင်း တာဝန်ကျေခဲ့ ◄◄


►► သူ လေ ~~

ရေနွေးဆို ကျိုပြီးသား .. လက်ဖက်ခြောက်ပါ ခပ် လို့
လက်ဖက်ဆို နှပ်ပြီးသား .. ကြက်သွန်ဖြူပါ စွက် လို့
ငါးခြောက်ဆို ဖုတ် .. ပဲဆီ စက်စက်ကျလို့ ..
လင် ဆိုရင် ပန်းလွန်းလို့
လင်ပန်းတောင် မရွက်ချင်ဘူး လို့

တစ်ခါတလေ ရွတ်တတ်ပေမယ့်
အိမ်ဦးနတ် စိတ် မနွမ်းရအောင် တပင်တပန်း ချက်ပြုတ်ကျွေးမွေးပြုစုရင်း
မယားဝတ္တရားကျေခဲ့ ◄◄


►► သူ လေ ►►

မကောင်းမြစ်တာ

ကောင်းရာညွှန်လတ်

အတတ်သင်စေ

ပေးဝေနှီးရင်း
မိဘဝတ္တရားမှာ ဒီလေးပါးသာ ပါစေချင်သတဲ့ ..




သို့သော်ငြားလည်း

ပျံသန်းချင်တဲ့ သားသမီးတွေ

အတောင်စုံလာတော့

ထိမ်းမြားခြင်းပါ တာဝန်ကျေခဲ့ ◄◄


►► သူ လေ

အဖွားရဲ့ ချစ်သမီး

အစ်မတွေရဲ့ ညီမလေး

တူ/တူမတွေရဲ့ အဒေါ်

အဖေ့ရဲ့ ချစ်ဇနီး

မြေးငယ်လေးတွေရဲ့ အမေကြီး

သမီးတို့ရဲ့ တုနှိုင်းမရတဲ့ အမေ ဖြစ်ခဲ့ ~~

ရှိရှိသမျှ တာဝန်ဝတ္တရားထက် ပိုတဲ့

စေတနာ မေတ္တာတွေနဲ့

မနက် ၅ နာရီထလို့ ထမင်းချက်ဆဲ

မနက် ၇ နာရီ မှာ ဈေးထဲပတ်ရင်း သားသမီးတွေအကြိုက်ကို လိုက်ရှာဆဲ

မနက် ၉ နာရီ ဆွမ်းလောင်းအမီ ဟင်းချက်ဆဲ

တစ်သုတ်ပြီး တစ်သုတ် ထမင်းလာစားတဲ့ သားသမီး

ပွားစီးနေတဲ့ မြေးတွေကို ပီတီအပြုံးနဲ့ ကျွေးမွေးနေဆဲ ... ◄◄


►► ဝန် ကို ထမ်းရွက်တဲ့

ဝန်ထမ်းဟူသမျှ

အသက် (၆၀) မှာ အနားပေးလို့

အေးအေးလူလူ ပင်စင်ယူကြသတဲ့ .... ◄◄


►► သူ လား ~~

အေးအေးလူလူ မနေတတ်တော့

(၆၁) ပြည့်ခဲ့ပေမယ့်

ဒီနှစ်လည်း ပင်စင်မယူဖြစ်သေးပါဘူး .... တဲ့ ..◄◄


သံစဉ်ဖြူဖြူ
(၂.၁၁.၂၀၁၃)


(ချစ်သော အမေ သို့ .. )

Monday, April 1, 2013

ပူတူးမနှင့်ကဏန်းပေါင်း




◄◄ တီလေး ..
ပူတူးတို့ ချောင်းသာသွားတုန်းက ဒီနားမှာ လက်မှတ်ဝယ်ရတာလေ။

►► ဟုတ်လား
ချောင်းသာမှာ ပျော်ခဲ့လား ပူတူးလေး။

◄◄ ပျော်တာပေါ့ တီလေးရ။ တီလေးသာ ပါရင် ပိုပျော်စရာကောင်းမှာ

ပူတူးက မိအေး အစ်မလတ် မွေးတဲ့ သမီးကြီး၊
မလတ်က မြို့မှာကျောင်းတက်ရင်း အစွံထုတ်နိုင်သူမို့ သူ့ယောက်ျားရှိရာ မြို့မှာပဲ ယောင်ရှိရာ ဆံထုံးစိုက်သူ။
မလတ်ယောင်္ကျားက မောင်နှမ အရင်းအခြာမရှိသူမို့ ပူတူးမတို့တွေက မိအေးကို မျှော်တတ်ကြသည်။
သူတို့လိုချင်သမျှကိုလည်း မိအေးက ဝယ်ပေးတတ်သည်လေ။

မိအေးက ရွာလယ်မှာ စတိုးဆိုင်ဖွင့်ထားတော့ တစ်လကို တစ်ခါ နှစ်ခါ မြို့ကို တက်ပြီး ဈေးဝယ်ရသည်။
ရွာအနောက်ဘက်မှာ အဝေးပြေးလမ်းရှိနေတော့ မနက်စောစော ကားနဲ့လာပြီး ညနေ ပြန်ရင် မိအေးအတွက်က အဆင်ပြေသည်။
ပုံမှန်ဆိုရင်တော့ တစ်ယောက်တည်းလာပြီး ကားဂိတ်ကနေ ဈေးကို တန်းသွား ဝယ်စရာရှိတာ ဝယ်ပြီး ပြန်နေကျ။

ဒီနေ့တော့ အမေက မလတ်တို့အိမ်အတွက် ငါးပိ နဲ့ ငါးခြောက်တွေ ထည့်ပေးလိုက်တာမို့ သူတို့သားအမိ ကားဂိတ်မှာ လာစောင့်နေကြခြင်းပင်။

ပူတူးမ စာမေးပွဲပြီးတော့ သူ့အဖေက ချောင်းသာကို လိုက်ပို့ထားတာမို့ ကားဂိတ်ကနေဈေးကိုလာတဲ့လမ်းတလျှောက် ချောင်းသာခရီးအတွေ့အကြုံတွေကို ပြောမဆုံး။

  ◄◄     တီလေး သိလား
               လှိုင်းလုံးကြီးတွေလာပြီဆိုရင်လေ လူကမြောက်ကနဲပဲ 
              တအားပျော်ဖို့ကောင်းတာပဲ တီလေးရာ
                ပုစွန်ကင်တွေ ငါးကင်တွေလည်း အရမ်းပေါတာပဲ 
              လတ်လို့လားမသိဘူး အရမ်းချိုတာ
                သမီးအကြိုက်ဆုံးကလေ ဟော်တယ်မှာစားခဲ့ရတဲ့ ကဏန်းပေါင်းပဲ သိလား တီလေး
               ခုထိတောင် ပါးစပ်ထဲ စွဲနေသလိုလိုပဲ


►►        တော်ပါတော့ ပူတူးရယ်။ သမီး အဒေါ် ဈေးဝယ်ပါစေဦး။
              အိမ်ရောက်မှ ဆက်ပြောတော့။

သူ့အမေ တားတော့မှပဲ ကြက်တူရွေးမလေး ငြိမ်သွားတော့သည်။

►►       မလတ်တို့ သားအမိ ဟိုနာရီဆိုင်ရှေ့က အအေးဆိုင်မှာ တစ်ခုခုသောက်ရင်း ခဏစောင့်။
              မိအေး ဝယ်စရာရှိတာ ဝယ်ပြီးရင် လာခဲ့မယ်။

မိအေးလည်း သူတို့သားအမိကို ထားခဲ့ပြီး ဝယ်ရမယ့် စာရင်းစာရွက်လေးထုတ်ကြည့်ရင်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အလုပ်များသွားတော့သည်။

မှာတန်တာမှာ၊ ရှင်းတန်တာရှင်းပြီး အအေးဆိုင်ထဲကို ရောက်တဲ့အခါမှာတော့ ပူတူးမ က သောက်လက်စ အအေးခွက်ကို ချပြီး မိအေး အနားကို လာပြီး ကပ်ပြောသည်။

◄◄ တီလေး .. တီလေးအခုနောက်ဆုံးထွက်လာတဲ့ဆိုင်မှာလေ သမီးလိုချင်တာတစ်ခု ရှိတယ်။
အဲဒါလေး ဝယ်ပေးပါလား တီလေးရယ် .. နော်

နောက်ဆုံးထွက်လာခဲ့တဲ့ဆိုင်က နာရီဆိုင်မို့

►► ဟင် ပူတူးလေး မွေးနေ့တုန်းက ဝယ်ပေးထားတဲ့နာရီက မကောင်းတော့ဘူးလား

◄◄ ကောင်းတယ်လေးတီလေးရဲ့

►► ဒါဆို ပူတူးလိုချင်တာ စားပွဲတင်နာရီလား တိုင်ကပ်နာရီလား

◄◄ အာ .. မဟုတ်ပါဘူး တီလေးရဲ့ .. နာရီတွေ အိမ်မှာရှိပါတယ် ..
ပူတူးလိုချင်တဲ့ပစ္စည်းက နာရီဆိုင်မှာ အဆက်အစပ်မရှိဘဲ ရောင်းနေတာ ..

►► ဟေ ..

◄◄ ဟုတ်တယ် တီလေးရဲ့ နာရီ နဲ့ မီးဖိုချောင်သုံးပစ္စည်းဘာဆိုင်လို့လဲ
နာရီ ဆိုင်မှာ ကဏန်းပေါင်းတဲ့ စက် ရောင်းရတယ်လို့
ဘာပဲဖြစ်ဖြစ် ဝယ်ပေးနော် တီလေး
ပူတူး ကဏန်းပေါင်း စားချင်လို့ပါ နော် ..

အူတူတူဖြစ်သွားတဲ့ ခံစားချက်နဲ့ နာရီဆိုင် ဆိုင်းဘုတ်ကို ကြည့်မိတော့

ရွှေဗဟိုရ်
နာရီ နှင့် ဂဏန်းပေါင်းစက် အမျိုးမျိုး


××××××××××



(ကွန်ပျူတာ တက္ကသိုလ်တက်နေတဲ့ ပူတူးမတစ်ယောက်
ချောင်းသာက ပြန်လာပြီး ကဏန်းတွေကိုပဲ မြင်ယောင်နေတော့
Calculator ကို ဂဏန်းပေါင်းစက်လို့ ခေါ်တယ်ဆိုတာ သတိလစ်သွားပုံရပါတယ်)





×××××××××××

သံစဉ်ဖြူဖြူ
၁.၄.၂၀၁၃

photo - internet

Tuesday, January 1, 2013

နှစ်သစ်အစီအစဉ်

နှစ်သစ်ကို ကြိုမယ့် ငါ့ရဲ့ အစီအစဉ်
မခမ်းနားဘူး
မကြီးကျယ်ဘူး
မထယ်ဝါဘူး
တကယ်တမ်းသာဆို
လိုတောင် မလိုတော့ပါဘူး ♦♦

တကယ်ပါ
ဝေဝါးနေတဲ့ အတိတ်က ပုံရိပ်တွေက မပီပြင်တော့တာ အမှန် ♦♦

အတူသွားခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်
ထိုင်ရင်း ညည်းခဲ့တဲ့ သီချင်းသံစဉ်နဲ့
ရွတ်ခဲ့ဖူးတဲ့ ကဗျာအပိုင်းအစ
ရခဲ့ဖူးတဲ့ နှစ်သစ်ကူးကဒ်လေးတွေ
ပျော်ရွှင်ခဲ့ဖူးတဲ့ နေ့ရက်တစ်ချို့
သွေ့ခြောက်နေတဲ့ စံပယ်တစ်ခက်
စာရွက်ဖြူပေါ်က လက်ရေးလှလှလေးတွေ
အင်း ...
သေသေချာချာပြန်တွေးတာတောင်
ခပ်ရေးရေးရယ် ♦♦

ဘာပဲဖြစ်ဖြစ်ပေါ့
တဖြည်းဖြည်းရင့်လာတဲ့ ညနက်နက်မှာ
သက္ကရာဇ်အို ရဲ့ နောက်ဆုံးထွက်သက်ကိုစောင့်ရင်း
ဓာတ်ခဲအသစ်လဲထားတဲ့ နာရီဒိုင်ခွက်ထဲက
တရွေ့ရွေ့ခရီးဆက်နေတဲ့ ခရီးသွားသုံးဖော်
ဆုံမှတ်တစ်ခုကို အတူရောက်ရှိချိန်မှာ
မှတ်ဥာဏ်ထဲမှာ ကျန်နေသေးတဲ့ နံပါတ်တစ်ခုကို နှိပ်လို့
Busy ဖြစ်နေမယ့် နင့်ဖုန်းကို စာတစ်စောင်ပို့မယ် ♦♦

ကောင်ကလေးရေ
ပျော်ရွှင်ဖွယ်နှစ်သစ်ပါကွယ်
ကောင်းမြတ်တဲ့လိုရာဆန္ဒတွေ ပြည့်ဝပါစေသား ♦♦

ငါ့ရဲ့ နှစ်သစ်ကူးအစီအစဉ်လေးက ဒီလောက်ပါပဲ
မခမ်းနားဘူး
မကြီးကျယ်ဘူး
မထယ်ဝါဘူး
တကယ်တမ်းသာဆို
လိုတောင် မလိုအပ်တော့ပါဘူး ♦♦

အရာရာ မပီပြင်မှုန်ဝါးနေပေမယ့်
ထူးခြားတဲ့နေ့သစ်တစ်ခုကို ကြိုတဲ့အချိန်
ငါ သတိရတဲ့သူတွေရဲ့ စာရင်းမှာ
နင့်နာမည် ထိပ်ဆုံးက ဖြစ်နေတုန်းပဲဆိုတာကို သိစေချင်ရုံတင် ♦♦

သံစဉ်ဖြူဖြူ
(၃၁.၁၂.၁၂)