Thursday, December 5, 2013

ငုံအဖူးရယ်မို့



"နှာဗူးကြီး ... နှာဗူးကြီး"

ညည်းစီစီဖြစ်လာလို့ မှိတ်ထားမိတဲ့ မျက်လုံးကြောင့် ဘယ်နားရောက်နေမှန်းမသိ။
နားထဲကို ရုတ်တရက် ဝင်လာတဲ့ အသံကြောင့် မျက်လုံးလည်းပွင့် ခါးက အလိုလိုမတ်ပြီး အသံကြားရာကို ရှာဖွေမိတော့သည်။
အသံလေးက နုနယ်လွန်းသည် မဟုတ်လား။

ကျွန်မစီးလာတဲ့ အငှားကားရောက်နေတဲ့ နေရာက မီးပွိုင့် ၂ ဆင့် မိတတ်တဲ့ လမ်းပေါ်မှာ။
မီးပွိုင့်ရောက်ဖို့ အတော်လိုသေးပေမယ့် ပွိုင့်မိသွားပုံပါပဲ။
ကိုယ့်ကားက ခုမှရပ်လိုက်တော့ တန်းစီနေတဲ့ ကားတန်းထဲမှာ နောက်ဆုံး။

ဟော တွေ့ပါပြီ။
စောစောက ကြားလိုက်ရတဲ့အသံက ကိုယ့်ဘေးကပ်လျက် ယာဉ်ကြောမှာ ကိုယ့်လိုပဲ နောက်ဆုံးမှာ တန်းစီထားတဲ့ကားဆီက ထွက်လာတာ။
အဖြူအစိမ်းဝတ် ကလေးငယ်လေးတွေက ဟိုဘက်ဒီဘက်မျှထိုင်လို့။
ကြည့်မိတဲ့အချိန်မှာပဲ ကားပေါ်ကနေ အသက် ၂၀ ကျော်ခန့်ရှိမယ့် လူရွယ်တစ်ယောက် နောက်ပြန် ခုန်ဆင်းလိုက်ပြီး
ကားနောက်ဘက် လမ်းပေါ်မှာ ပုဆိုးကို လက်နှစ်ဖက်နဲ့ ဖြန့်ဖြန့်ခါရင်း

"ကြည့်မလို့လား .. ကြည့်မလို့လား .. တကယ်ချွတ်ပြလိုက်မှာ"

ဆိုပြီး ရယ်ကျဲကျဲ နဲ့ ပြောနေတာကို တွေ့လိုက်ရရဲ့။
ကျောင်းဖယ်ရီရဲ့ နောက်လိုက်ဖြစ်ဟန်တူရဲ့။ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုထားပုံမရပါဘူး။

ကျွန်မစိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိအောင်ကို ထူပူသွားတယ်။
ကလေးတွေ ဝိုင်းပြီး အော်ဟစ်နေကြတာက အသံစုံ။
ယောက်ျားလေးတွေက ကိုယ့်ဘက်ကို ကျောပေးတဲ့အခြမ်းမှာ ထိုင်ကြတာမို့ ကိုယ် မြင်ရတဲ့ မိန်းကလေးတန်းဘက်က
နောက်ဆုံးတန်းမှာထိုင်နေတဲ့ ကျောင်းသူလေးရဲ့ ရင်ဘတ်ကို ကြည့်လိုက်တော့ Grade 4C တဲ့။
ဒါဆို တတိယတန်းကျောင်းသူ ကျောင်းသားလေးတွေပေါ့။
မြို့ပြရဲ့ ကလေးပီပီ အိုဗာတင်းသောက်လို့ အရပ်ရှည်နေလေသလား။ ဒူးမက်စ် သောက်လို့ ထွားကြိုင်းနေသလား။
အက်ပီတမ် ဝိတ်ဂိမ်းကြောင့်ပဲ ဆူဖြိုးနေကြသလား။
ဘယ်လိုပဲဖြစ်ဖြစ် တတိယတန်းဆိုတဲ့အသက်ထက် ပိုပြီး ဖွံ့ဖြိုးနေတဲ့ ကလေးကျောင်းသူလှလှလေးတွေပါ။

စပယ်ယာလူငယ်ကတော့ သူ့ အရှိန်နဲ့သူ ဆက်ရွေ့နေဆဲ။
ပုဆိုးကို ပြန်ဝတ်ပြီး ကားနောက်က ခြေနင်းခုံပေါ်မှာ ခြေထောက်တစ်ဖက်တင်လို့ ကျောင်းသူလေးတွေနား ရောက်နေပြန်ပါတယ်။
စောစောက ကျွန်မ ကြည့်မိတဲ့ နောက်ဆုံးတန်းက ကျောင်းသူလေးရဲ့ လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်ထားပြီး
"နဖူးကို ကပ်မယ်၊ ပါးကိုကပ်မယ်" လို့ပြောတော့ ငတိက ကလေးမလေးရဲ့ ရှေ့မှာ မျက်နှာကို မော့ပေးထားပါတယ်။

ကလေးမလေးရဲ့ လက်ထဲမှာတော့ စတစ်ကာလေးတွေ။
စပယ်ယာကောင်လေးရဲ့ နဖူး၊ ပါးပြင်သာမက လက်မောင်းတွေကိုပါ တစ်ခုပြီး တစ်ခု ကပ်ပေးရင်း ပိုပြီး ကပ်သွားအောင် လက်ဖဝါးပြင်လေးနဲ့ ဖိပေးလို့။

ကျွန်မ ဆက်မကြည့်ချင်တော့ဘူး။
ဒါမျိုးတွေ ကျွန်မ မမြင်ချင်ပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်မတို့ ယာဉ်ကြောက ရှင်းသွားတာမို့ ရှေ့ကို ဆက်ထွက်ခဲ့ရပါတယ်။
မမြင်ချင်ပေမယ့်လည်း ကျွန်မအာရုံထဲမှာ ရှင်းရှင်းလင်းလင်း ထင်ကျန်နေဆဲ။
မကြားချင်ပေမယ့်လည်း ကျွန်မနားထဲ ပီပီသသ ကြားယောင်နေဆဲ။

ဒီကလေးသာ ကျွန်မသမီးလေးဖြစ်ခဲ့ရင် ...
ဒီကလေးသာ ကျွန်မတူမလေးဖြစ်ခဲ့ရင် ...

စပယ်ယာကောင်လေးဟာ အစ်ကိုတစ်ယောက်လို ဦးလေးတစ်ယောက်လို စိတ်ထားနဲ့ ကလေးတွေကို အလိုလိုက်နေတာလားလို့ ဖြေတွေးမိတော့
စိတ်ထဲ သက်သာသလို ဖြစ်ရပေမယ့် ..
ပထမဦးဆုံး ကြားလိုက်ရတဲ့ အသံလေးတွေရယ် ..
ပုဆိုးကို ဖြန့်ဖြန့်ပြီး ခါပြနေတဲ့ မြင်ကွင်းရယ်က .. ကျွန်မ ခေါင်းကို ရမ်းစေမိပြန်ပါတယ်။

နယ်မြို့လေးမှာနေတဲ့ ကျွန်မအတွက် မြို့ပြက လူနေမှုစနစ်နဲ့ မရင်းနှီးတာ အမှန်ပါပဲ။
ဖြတ်သွားဖြတ်လာမှာ ကျောင်းဖယ်ရီတွေကို မြင်ဖူး တွေ့ဖူးနေပေမယ့် စနစ်တွေကို သေသေချာချာ မသိတာလည်း ဝန်ခံပါရဲ့။

ကလေးတွေအတွက် ကျောင်းကားစီးချိန်ဟာ ဘယ်လောက်ကြာမြင့်ပါသလဲ။
လမ်းမှာ မီးပွိုင့်မိချိန်တွေ ဘယ်လောက်များပါသလဲ။
ကျောင်းကားမှာ လိုက်တဲ့ ယာဉ်နောက်လိုက်တွေထဲမှာ တည်ကြည်သိမ်မွေ့သူ ဘယ်လောက်ပါပါသလဲ။
ကျွန်မ ကြုံလိုက်ရတဲ့ မိနစ်ပိုင်းလောက် မြင်ကွင်းလေးကတော့ အရာအားလုံးကို ကိုယ်စားမပြုတာ သေချာပါတယ်။
ဒါပေမယ့်လည်း နုနယ်တဲ့ ကလေးတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်လာမိတာတော့ ထိန်းမရပါဘူး။
ဒီလိုမြင်ကွင်းမျိုးတွေ ထပ်မမြင်ရစေဖို့ မြင်သမျှကို လက်လှမ်းမီသရွေ့ပြောပြဖို့ ကိုယ့်မှာလည်း တာဝန်ရှိသလို ခံစားမိပါတယ်။

ကလေးတွေဟာ ပန်းဖူးလေးတွေလိုပါပဲ။
နုနယ်လွန်းတာမို့ နူးညံ့စွာ ကိုင်တွယ်မှ အပြစ်အနာအဆာကင်းတဲ့ ပန်းပွင့်ကလေးတွေ ဖြစ်လာမှာပါ။
အရွယ်ရောက်တဲ့ ပန်းပွင့်ကလေးတွေ မဖြစ်လာခင်မှာ
ဥယျာဉ်မှူးနဲ့တူတဲ့ မိဘ ဆရာသမားတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ပေးမှုနဲ့တင် မလုံလောက်ပါဘူး။
ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူအားလုံးကပါ နူးညံ့တဲ့ လက်ပိုင်ရှင်တွေပဲ ဖြစ်သင့်ပါတယ်။
ဥယျာဉ်မှူးတွေရဲ့ မျက်ကွယ်မှာ လက်ကြမ်းတွေနဲ့သာ တွေ့ခဲ့မယ်ဆိုရင် ..
ကျွန်မတွေးရင်း တွေးရင်းနဲ့ ရင်မောလာမိပါတော့တယ်။


သံစဉ်ဖြူဖြူ
(၅.၁၂.၂၀၁၃)
မနက် ၁၀း၅၀ နာရီ

No comments:

Post a Comment