အမျိုးတွေအကြောင်းကို ရေးတတ်တဲ့ မောင်ငယ်လေးရဲထွေး ကို အားကျလို့
မီးမီးတံဂျင်လည်း ကိုယ့် အမျိုးတွေအကြောင်း အတင်းပြောချင်စိတ် ပေါက်လာပါတယ်။
အရင်ဆုံး သတိရမိတာက အမေ့ရဲ့ အစ်မ
မီးမီးတံဂျင်ဖူဖူရဲ့ ကြီးတော်ကြီး
သူနေတဲ့ရွာက လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း
လယ်ယာစိုက်ပျိုးရေးပဲ အဓိကအားထားလုပ်ကိုင်ရတဲ့ရွာမို့
ပြေလည်တဲ့သူထက် မပြေလည်တဲ့သူက များတဲ့ ရွာလေး။
ကြီးတော်ကြီးက မြို့ကိုတက်ပြီး
အပေါင်ဆိုင်တွေက ပြန်ရောင်းတဲ့ အထည်တွေကို ဝယ်ပြီး
ရွာမှာ ပြန်ရောင်းတဲ့အလုပ် လုပ်တယ်။
အဝတ်အစားအသစ်ဝယ်ဖို့ဆိုလည်း မြို့တက်ပြီးမှ ဝယ်ကြရတာမျိုးဆိုတော့
ဈေးလည်းသက်သာပြီး အဝတ်တွေကလည်း ကောင်းတဲ့
အထည်ဟောင်းလေးတွေကို ဝယ်ချင်သူက မရှားပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့
အဝတ်ထုပ်တွေကို လှေပေါ်တင်
ချောင်းရိုးတစ်လျှောက် လှေလေးလှော်ပြီး ထွက်သွားတဲ့ ကြီးတော်ကြီးဟာ
အိမ်ကိုပြန်လာတော့ အင်္ကျီ ပါမလာတော့ပါဘူး။
လှေပေါ်မှာလည်း ဘဲဥတွေရော၊ ငါးပိရေကျိုတွေရော
ငါးတွဲတွေရော ပြည့်လို့။
ကြီးတော်ကြီးကတော့ ထဘီရင်လျားလေးနဲ့။
အားလုံးက စိုးရိမ်တကြီးနဲ့ ဝိုင်းမေးကြပေမယ့်
ကြီးတော်ကြီးက ခပ်ပြုံးပြုံးပဲ။
နောက်မှ သိရတာက သူဝတ်သွားတဲ့ အင်္ကျီကိုပါ
ကြိုက်တယ်ဆိုလို့ ရောင်းခဲ့ပါသတဲ့ .. လေ။
(မီးမီးတံဂျင်တို့ အမျိုးက အဲ့လိုပဲ ဈေးရောင်းတာ သိပ်တော်ပါတယ်။)
သံစဉ်ဖြူဖြူ
၁၃.၁၂.၁၃
၁၀း၄၃ ပီအမ်
No comments:
Post a Comment