ဒီကြီးတော်ကလည်း အရင်ကတော့ တောမှာနေတာပါ။
နောက်ပိုင်းတော့ ယောက်ျားကလည်း ဆုံး၊ သားသမီးတွေလည်း အိမ်ထောင်ကျတဲ့သူကျနေပြီမို့
ကျန်နေသေးတဲ့ သမီး အပျို ၂ ယောက်နဲ့အတူ မီးမီးတံဂျင်တို့ရဲ့ မြို့လေးကို တက်လာတာ။
မီးမီးတို့ရဲ့ မြို့လေးက မြို့ကြီးမဟုတ်ပေမယ့် အထိုက်အလျောက်တော့ မြို့လေးတစ်မြို့မှာ ရှိသင့်တာတွေ ရှိရဲ့။
တက္ကသိုလ်ကျောင်းတွေရှိတယ်။
တစ်လမ်းမောင်းစနစ်ရှိတယ်။
ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား မီးပွိုင့်ပါ ရှိလာတယ်။
အွန်း .. ဘဲဥပဲ ခေါ်ခေါ် မော်တော်ပီကယ်ပဲ ခေါ်ခေါ်
ယာဉ်ထိန်းရဲသားကြီးတွေလည်း ရှိတာပေါ့လေ။
မီးမီးတို့မြို့လေးက ခုနောက်ပိုင်းမှာ ကားအရေအတွက်လည်း များလာပေမယ့်
ဆိုင်ကယ်စီးတဲ့သူက ပိုများနေသေးတာပါပဲ။
ထုံးစံအတိုင်း ယာဉ်ထိန်းရဲတွေက လမ်းဆုံလမ်းခွတွေမှာ ယာဉ်စည်းကမ်းမညီတဲ့ ဆိုင်ကယ်တွေကို ဖမ်းတယ်။
စစ်ဆေးစရာတွေများပေမယ့်လည်း ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကိ
ဦးထုပ်အပြည့်အစုံဆောင်းလာတဲ့ ဆိုင်ကယ်တွေဆိုရင် မတားဘဲ လွှတ်ပေးလိုက်တာ များတယ်ပေါ့။
အဲဒီတော့ အဲဒီလုပ်ငန်းစဉ်ကို အလွယ်တကူ ဦးထုပ်ဖမ်းတယ်လို့ ပြောကြတယ်။
အဖမ်းအဆီးရှိတဲ့နေ့များဆိုရင် ဆိုင်ကယ်အချင်းချင်းလည်း သတိပေးကြတယ်။
ဟိုနားမှာ ဦးထုပ်တွေ ဖမ်းနေတယ်။ ဒီနားမှာ ဦးထုပ်တွေ ဖမ်းနေတယ် နဲ့။
ရပ်ကွက်ထဲရောက်တော့လည်း အိမ်မှာ အချင်းချင်း သတိပေးကြပြန်တယ်။
ခဏခဏပြောပါများတော့ အဲဒီစကားလုံးက မီးမီးတံဂျင် ကြီးကြီးရဲ့ နားထဲ ရောက်လာတယ်။
တစ်နေ့မှာတော့ သူတို့ ဘေးအိမ်က ကောင်လေးက သူ့အစ်ကိုကို အဲဒီစကား ပြောတာ သူ ကြားလိုက်ရတယ်။
အဲဒီအချိန်မှာပဲ ထမင်းပြန်လာစားတဲ့ သူ့သမီးအငယ်က အလုပ်ကို ပြန်သွားဖို့ စက်ဘီးတွန်းပြီး ပြန်ထွက်လာပါတယ်။
လျှာထိုးဦးထုပ်လေး ဆောင်းထားတဲ့ သူ့သမီးကိုတွေ့လိုက်ရတော့ ကြီးကြီးလည်း မျက်လုံးပြူးသွားပြီး
"သမီးရေ၊ ဦးထုပ်ကို ချွတ်ထားခဲ့ဦး။ ဒီနေ့ ဦးထုပ်တွေ ဖမ်းနေတယ်တဲ့။" လို့ ပြောလိုက်ပါတော့တယ်။
(မီးမီးတံဂျင်တို့ အမျိုးက အဲ့လို ရိုးအပြီး ချစ်ချာကောင်းပါတယ်)
သံစဉ်ဖြူဖြူ
၁၃.၁၂.၁၃
၁၁း၂၂ ပီအမ်
(ဖျားဖျား ~~ အမျိုးတွေ မဖတ်မိပါစေနဲ့
အထူးသဖြင့် ကြီးကြီး သမီး မဖတ်မိပါစေနဲ့ .. )
No comments:
Post a Comment