Monday, January 2, 2017

မိန်းကလေးရေ (၁)

Facebook သုံးတဲ့ မိန်းကလေးရေ
ကိုယ်က January ပါ
နှစ်တစ်နှစ်ကို မင်း ဖြတ်သန်းလာနိုင်ခဲ့ပြီမို့
၂၀၁၇ အနေနဲ့ မင်း နဲ့ ကိုယ် ပြန်ဆုံကြပြန်ပြီပေါ့။
ကြိုဆိုပါတယ်ကွယ်
နှစ်သစ်ပြောင်းသွားပြီဆိုတော့ မိန်းကလေးလည်း အသက် ၁ နှစ်ကြီးသွားပြန်ပြီပေါ့။
ဒီနှစ်မှာ ပိုရင့်ကျက်လာဖို့ မင်းကို မျှော်လင့်ပါတယ်ကွယ်

ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ
January ကစလို့ December အဆုံး
ကိုယ်တို့ ၁၂ ယောက်လုံးက Facebook မှာ တင်ကြတဲ့ပို့စ်တွေကို စောင့်ကြည့်ရင်း မင်းကို အမှတ်တွေ ပေးခဲ့ကြတယ်။
မင်း လည်း သိချင်မယ် ထင်ပါရဲ့ကွယ်။

►► အမှိုက်နဲ့တူတဲ့ ပို့စ်တွေ
___________________________________
Facebook ပေါ်မှာ အကျိုးမရှိတဲ့သတင်းတွေက အများကြီးပဲနော်။
ရွာသာယာက စေတီ ရောင်ခြည်တော် ကွန့်မြူးတယ်။
ကောင်းကင်မှာ မြတ်စွာဘုရား ပုံရိပ်ပေါ်တယ်။
ဗုဒ္ဓဘာသာမှန်ရင် ရှယ်ကြပါ။
ဘီသွေးတွေ ရှယ်ကြပါ။
စနေသမီးတွေ ရှယ်ကြပါ။
ရွာဦးကျောင်းဆရာတော် အိပ်မက် .. လမ်းပေါ်မှာ ဖယောင်းတိုင်ထွန်း သဲပုံပါ။
အမြီးနှစ်ခွနဲ့ ငါး .. လာဘ်ကောင်းတယ် ရှယ်ကြပါ။
........
အစရှိသဖြင့် .. အမှိုက်နဲ့တူတဲ့ ပို့စ်တွေ Share မလုပ်တဲ့အတွက် (၁) မှတ်ပေးပါတယ်ကွယ်။

►► ရင်းမြစ်မမှန်တဲ့ သတင်းတွေ
_______________________________
Facebook ပေါ်မှာ ရင်းမြစ်မမှန်တဲ့သတင်းတွေ သိပ်များလွန်းပါတယ်။
ဦးဖြူ ကို မောင်မဲ က ရိုက်လိုက်တာ သွား (၁၅) ချောင်းကျိုးသွားတယ်။
မတရားအဖမ်းခံထားရတဲ့ ကလေးတွေ တရားသေ လွှတ်လိုက်ပြီ။
သရုပ်ဆောင် ဘယ်သူ ဘယ်သူ ကားမှောက်လို့ ဆုံးသွားပြီ။

အစရှိသဖြင့်ပေါ့။

အဲဒီလို သတင်းတွေကို တွေ့တဲ့အခါ တင်ထားတဲ့သူ၊ တင်ထားတဲ့ မီဒီယာကိုကြည့်ပြီး
မှန်/မမှန် မဆုံးဖြတ်ကြဘဲ လွယ်လွယ်ကူကူ ဖြန့်ဝေတတ်ကြတယ်။

မိန်းကလေးကတော့ ရင်းမြစ်မမှန်တဲ့ သတင်းတွေကို Share မလုပ်တဲ့အတွက် (၁) မှတ် ပေးပါတယ်။

►► ပုဂ္ဂိုလ်ရေး အပုပ်ချသတင်းတွေ
__________________________
ပျားလေးတွေက ပန်းရဲ့ ရနံ့မွှေးမွှေးမှာ မွေ့လျော်တယ်။
ယင်ကောင်တွေက အညှီအဟောက်မှာ မြိန်ရှက်တယ်။
လူအချို့က ယင်ကောင်တွေလိုပဲ အညှီအဟောက်များတွေ့တဲ့အခါမှ
ပျော်သလို သူတပါးရဲ့ အတွင်းရေး၊ အရှုပ်အထွေးတွေ တွေ့တဲ့အခါမှာ မှန်/မမှန်ကိုတောင် မစိစစ်ကြဘူး။ ချက်ခြင်းကို မပြန့်ပြန့်အောင် ဝမ်းသာအားရ ဖြန့်ပေးတတ်ကြတယ်။

မိန်းကလေးရေ .. အဲဒီလိုကိစ္စတွေကို Share မလုပ်တဲ့အတွက် (၁) မှတ်ပါကွယ်။

►► ဘာသာရေးအရ အမုန်းပွားစေမယ့် သတင်းတွေ
______________________________________
လူအများစုဟာ ကိုယ် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို မြတ်နိုးတတ်၊ ကာကွယ်တတ်ကြပါတယ်။
အဲဒီထဲက အချို့ဟာ ကိုယ် ယုံကြည်ရာကို ကိုးကွယ်ရုံသာမက အခြားဘာသာ၊ အခြားဘာသာဝင်တွေအပေါ်မှာ ရှုံ့ချ၊ ဝေဖန်၊ အပြစ်ရှာတတ်ကြတယ်။
အဲလိုလူတွေကို အသုံးချချင်တဲ့ လူအချို့ဟာ ဘာသာရေးအရ သွေးဆူနိုင်မယ့် အရေးအသားတွေနဲ့ သတင်းအမှားတွေကို ပေးတတ်ကြပါတယ်။

မိန်းကလေးကတော့ ကိုယ့် ယုံကြည်ကိုးကွယ်ရာကို ရင်ထဲမှာထားရင်း ဘာသာရေးအရ အမုန်းပွားစေမယ့် သတင်းမျိုး အကြောင်းအရာမျိုးကို
Share မလုပ်တဲ့အတွက် (၁) မှတ် ထပ်ပေးပါတယ်ကွယ်။

►► သူတစ်ပါးကို လှောင်ပြောင်တာ
____________________________________
အချို့သူတွေရဲ့ လုပ်ဆောင်ချက်က ကိုယ့်အမြင်မှာ ရယ်စရာ ဖြစ်နေတတ်တယ်။
အဲဒီမှာ မထိန်းနိုင်ဘဲ လှောင်ပြောင်မိတတ်ကြတယ်။
ထူးထူးဆန်းဆန်း ဝတ်စားတာ၊ ပြောဆိုတာမှ အစ
အားနည်းချက်လိုအရာမျိုးတွေအထိ ထုတ်ဖော်ပြီး လှောင်ပြောင်ရယ်မောရင်း
ပိုမို ပြန့်ပွားအောင် Share တတ်ကြတယ်။

မိန်းကလေးရေ .. အဲဒီလို ကိစ္စမျိုးမှာ ထိန်းသိမ်းနိုင်တဲ့အတွက်
ရှောင်နိုင်ခဲ့တဲ့အတွက် (၁) မှတ် ပါကွယ်။

မိန်းကလေးရေ ..
မင်းမှာ အဲဒီလို ချစ်စရာကောင်းတဲ့အချက်လေးတွေ ရှိတဲ့အတွက်
ဂုဏ်ယူပါတယ်ကွယ်။
ပြည့်စုံတဲ့သူ ဖြစ်ဖို့ မလွယ်တော့ လိုအပ်ချက်တွေတော့ အများကြီး ရှိသေးတာပေါ့။
နှစ်သစ်ဦးမှာ ချီးမွမ်းစကားတွေပဲ ပြောချင်တဲ့အတွက်
အပြစ်တင်စကားတွေ မင်းကို မပြောသေးပါဘူးကွယ်။
မင်းလည်း ငယ်တော့တဲ့အရွယ်မဟုတ်တဲ့အတွက်
လိုအပ်ချက်တွေကို ကိုယ်တိုင် သုံးသပ်ပါ။
လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး
ဆုံးဖြတ်ပါ။

ကိုယ့်အနေနဲ့ကတော့ ခုလိုအခြေခံအချက်လေးတွေ ပြည့်စုံတာနဲ့တင်
မင်းကို လက်ခုပ်တီးပါတယ်ကွယ်။
နောက်နောင်လည်း သတိတရား လက်ကိုင်ထားပြီး
ကိုယ်ချင်းစာတရားကို ရင်ထဲထည့်
၂၀၁၇ တစ်နှစ်ပတ်လည်လုံးမှာ facebook သုံးရင်း ပျော်ရွှင်ပါစေကွယ်။

...............

သံစဉ်ဖြူဖြူ
(၁.၁.၂၀၁၇)

ခရီးသွားဖော်



မိန်းမတွေများ တော်တော်အပြောင်းအလဲနိုင်တယ်။ တကယ်ပါဗျာ။ မုန်းတုန်းကလည်း သူပဲ ခါးခါးသီးသီး။
ချစ်ပြန်တော့လည်း သူ့အပြင်မရှိဘူး။ သူ ကျွန်တော့်ကို မုန်းတယ်ပြောတော့ အတော်ဒေါသထွက်တာ။ နောက်တော့လည်း သူ မချစ်လည်း ကျွန်တော့်ကို ချစ်တဲ့သူတွေ တစ်ပုံကြီးရယ် လို့ တွေးပြီး စိတ်ကိုဖြေလိုက်တယ်။
အဟုတ်ဗျ။ ကျွန်တော့်ကို လူအတော်များများချစ်ကြတယ်။ ရွာမှာဆို အလှူပဲလုပ်လုပ်၊ မင်္ဂလာပဲ ဆောင်ဆောင် ကျွန်တော်ပါမှ။
အဲဒီမိန်းကလေးလည်း ကျွန်တော့်ကို ချစ်ခဲ့တာပဲ။ နောက်မှသာ အချိုးပြောင်းတာ။
ဒီလိုဗျ။ သူတို့ မိသားစုက ခရီးသွားတာ ဝါသနာပါတယ်။ သူတို့ ခရီးထွက်တိုင်း အမေကြီးက ကျွန်တော့်ကို ခေါ်တယ်။ သူ့ အမေကြီးကတော့ ကျွန်တော့်ကို သိပ် ချစ်တာလေ။ သူ နဲ့ ဆုံရတာလည်း သူ့အမေကြောင့်ပဲပေါ့။
စောစောကပြောသလိုပဲ တွေ့ကာစကတော့ သူလည်း ကျွန်တော့်ကို သဘောကျပုံရပါတယ်။ ခရီးသွားတိုင်း သူ့အမေ ကျွန်တော့်ကို အမြဲခေါ်တာကို သူ ဘာမှ မပြောဘူး။ ကျွန်တော်တို့တွေ ခရီးအတော်များများ အတူသွားဖြစ်ကြတယ်။ အထက်ဘက်ဆို ပုဂံ၊ ပုပ္ပါး၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ။ အောက်ဘက်ဆို ပဲခူး၊ မော်လမြိုင်၊ ကျိုက္ခမီ က စလို့ ထားဝယ်ထိ ရောက်တယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးဆိုတာကတော့ မသွားတဲ့နှစ်ကို မရှိဘူး။ ပင်လယ်ခရီးလည်း ပါသေးတာပေါ့ဗျာ။
အဲဒါလည်း ထားပါလေ။ ပြောချင်တာက အဲဒီမှာစတာ။
မြင်ပါများရင် ရိုးအီတတ်ကြတယ် ဆိုတာ ကျွန်တော် အရင်က ကြားဖူးခဲ့ပေမယ့် ဒီမိန်းကလေးနဲ့တွေ့မှ လက်တွေ့လက်ခံလိုက်ရတာ။
ခရီးသွားတိုင်း ကျွန်တော့်ကို အမြဲ တွေ့မြင်နေရတော့ ကျွန်တော့်ကို သူ ရင်မခုန်တော့ဘူး ထင်ပါရဲ့။ ပထမပိုင်းမှာ သူ ခပ်ရှောင်ရှောင်လုပ်လာတယ်။ နောက်ပိုင်းကျတော့ ကျွန်တော် သူတို့အိမ်ကို လာတာကိုတောင် မကြိုက်တော့ဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ရှေ့မှာတင် သူ့အမေ ကို သူ တရားဝင်ဖွင့်ပြောတယ်။ ကျွန်တော့်ကို သူတို့အိမ်ကို မလာပါစေနဲ့တော့။ မမြင်ချင်တော့ပါဘူးတဲ့ဗျာ။
ကျွန်တော့်ကို နာမည်အသစ်တစ်ခုပါ ပေးလိုက်သေးတယ်။
“…………. ”
“ထပ်မမြင်ချင်တော့ဘူး” တဲ့လေ။
ကျွန်တော်လည်း စိတ်မကောင်းဖြစ်ပေမယ့် ခဏပါပဲ။ ဟိုး အစပိုင်းမှာ ကျွန်တော်ပြောခဲ့သားပဲ။
ကျွန်တော့်ကို ချစ်တဲ့သူ ပေါပါတယ်ဆို။ ခရီးဆိုတာကလည်း သူ ခေါ်မှ သွားရတာမဟုတ်ပါဘူး။ ခေါ်မယ့်သူတွေ ဝိုင်းဝိုင်းကိုလည်နေတာ။
သူတို့လို ပြည်တွင်း ခရီးမပြောနဲ့။ ပြည်ပခရီးပါ မကြာခဏ ထွက်ရသေး။ ဟင်းဟင်း .. ခေတ်စကားနဲ့ပြောရရင် ဒီကောင်ကလည်း “ခပ်ချေချေပဲ”လေ။
……
အဲဒီလိုနဲ့ ကျွန်တော်လည်း အဲဒီမိန်းကလေးကို မေ့ထားလိုက်ပြီး ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့ပဲ နေဖြစ်တော့တယ်။
အဲဒီလိုနဲ့ နေလာရင် တစ်နေ့မှာ သူ့အမေကြီးက ကျွန်တော့်ကို ခေါ်ပြီး ပြောရှာတယ်။
“သမီးလေးက မင်းကို သိပ်တွေ့ချင်နေရှာတယ်။ မင်း မရောက်ရောက်အောင် သွားပေးပါကွယ်” တဲ့။
ကျွန်တော်ဖြင့် ကိုယ့်နားကို ကိုယ် မယုံနိုင်အောင်ပါပဲ။
ဒါပေမယ့်လည်း သူ့အမေကြီးမျက်နှာလည်းရှိ၊ တစ်ချိန်က သံယောဇဉ်လက်ကျန်လေးကလည်း ခေါင်းထောင်လာတာနဲ့ အသေအချာပြင်ဆင်ပြီး သူ့ဆီ ကျွန်တော် ရောက်အောင် သွားရပါတော့တယ်။
သွားမယ့် သွားရတော့လည်း အဝေးကြီးမှာဗျာ။
ပြည်ပခရီး သွားဖူးတဲ့ အတွေ့အကြုံရှိလို့သာ တော်တော့တယ်။
………………………………………………
လာသာ လာခဲ့ရတယ်။ ကျွန်တော့် စိတ်ထဲမှာ သိပ် အစာကြေသေးတာမဟုတ်ဘူး။
ကျွန်တော့်ကို ခါးခါးသီးသီး ငြင်းလွှတ်ခဲ့တာကို ကျွန်တော် အခဲမကျေဖြစ်နေတုန်း။
ဒါပေမယ့် သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့် ဒေါသရေချိန် နည်းနည်း လျော့သွားတာတော့အမှန်ပဲ။
သူ့မျက်နှာမှာ တကယ်ပဲ ကျွန်တော့်ကို မျှော်နေခဲ့တဲ့အရိပ်အယောင်တွေ ပြည့်နှက်နေတယ်။
ကျွန်တော့်ကို မမြင်ချင်ဘူးလို့ ပြောခဲ့သူက သူမှ ဟုတ်ပါလေစ လို့ တွေးမိတဲ့အထိပါပဲ။
နူးညံ့တဲ့ သူ့လက်ကလေးတွေနဲ့ ကျွန်တော့်ကို ဖွဖွလေးထိတယ်။
 “ခုမှ လာတယ်နော် နင့် ကို ငါ သိပ်လွမ်းနေခဲ့တာ” တဲ့။
သူ ပြောခဲ့တဲ့စကားတွေအတွက် နောင်တရကြောင်း၊ ရေခြားမြေခြားရောက်သွားတဲ့အချိန်မှာ ကျွန်တော့်ကို ဘယ်လောက်ထိ လိုအပ်မှန်း သိလာကြောင်း၊ ဘယ်လို သတိရကြောင်း တဖွဖွ ပြောရင်း ကျွန်တော်နေရမယ့်နေရာကို ခေါ်သွားတယ်။
“အပေါ်ထပ်မှာ နေနော်” တဲ့။
ကြည့်လိုက်တော့ တစ်နယ်တည်းသား သရက်သီးသနပ်၊ လက်ဖက်နဲ့ ငါးရံ့ခြောက်ဖုတ်တွေကို တွေ့တယ်။
အောက်ထပ်မှာကြည့်တော့ ချိစ်၊ ဆော့ဗူးတွေနဲ့ အသီးအရွက်အချို့ကို တွေ့တယ်။
သူ့ကို တစ်ချက်မော့ကြည့်မိတော့
“မကြည့်ပါနဲ့ အမေ့လက်ရာငံပြာရည်ချက်လေးရယ်။ ခုချိန်မှာ နင့်ကိုပဲ ငါ အချစ်ဆုံးပါ” တဲ့
ကျွန်တော့်ခံပြင်းမှုတွေ၊ ဒေါသတွေအားလုံး ပြိုဆင်းသွားတယ်။
အဲဒီနောက် … ရေခဲသေတ္တာထဲ ကျေကျေနပ်နပ်ပဲ ခုန်ဝင်လိုက်ပါတော့တယ်။
သူ နာမည်ပေးခဲ့ဖူးတဲ့ “ခရီးသွားဟင်းကြီး” အဖြစ်နဲ့ပေါ့။
……
သံစဉ်ဖြူဖြူ
(၃၁.၁၂.၂၀၁၆)

Monday, December 19, 2016

နှင်းကြွေတဲ့ ည

သစ်ရွက်တွေ နှုတ်ဆက်တော့
သစ်ပင်ဟာ မျက်ရည်စက်လက်
ခြောက်သွေ့နေတဲ့ ညမှာ
တိတ်တဆိတ် ငို ။


အထီးကျန် သစ်ပင်အို
သူ ငိုတဲ့ ညမှာ
နှင်းတွေဟာ ပြိုကျ
သစ်ပင်ရဲ့ ရင်ခွင်ထဲ ခုန်ချခဲ့ ။

ကြည့်ပါဦး ချစ်သူရယ်
ဟော ဟိုမှာ
တစ်ပွင့်ပြီး တစ်ပွင့်
နှင်းမှုန်တွေ သူ့ ရင်ခွင်ထဲ လွင့်လာတော့
သစ်ပင်ကြီးတောင် ဘဝင်မြင့်နေလေရဲ့ ။

သံစဉ်ဖြူဖြူ
၁၇.၁၂.၂၀၁၆

Saturday, August 6, 2016

ကမ္ဘာမပျက်မီ တစ်ရက်အလို

ကမ္ဘာမပျက်မီ တစ်ရက်အလို
_____________________
ချစ်သူရေ လာကွဲ့
မနက်ဖြန် ကမ္ဘာပျက်မတဲ့
ကိုယ့်အနားမှာနေ
ကြယ်ပွင့်တွေ ရေရအောင်လေ

ဝန်ပိုစရာတွေ နား
သဝန်တိုတာတွေ ထားလိုက်တော့
အာဃာတတွေ ငြှိမ်းလို့
မာနတွေလည်း သိမ်းလိုက်ကြမယ်
ချစ်ခြင်းတရားကလွဲရင်
ကျန်တာအားလုံး ခဏမေ့
ကမ္ဘာမပျက်ခင်နေ့ မှာ
အတူကြိုက်ဖူးတဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်
လွင့်လာတဲ့ သံစဉ်နဲ့အတူ
အရာရာကို ရင်ဆိုင်ဖို့ အသင့်ပြင်ရအောင်
လာပါ ချစ်သူရယ်
မနက်ဖြန် ကမ္ဘာပျက်မှာမို့
ကိုယ့်အနားကို ကပ်
ကြယ်ပွင့်တွေ တွက်ကြစို့ကွယ်
သံစဉ်ဖြူဖြူ
၂၀.၁၂.၂၀၁၂
(၂၀၁၂) မှာ ကမ္ဘာပျက်မယ် ဆိုတုန်းကပေါ့ ..

ချစ်စု

ဟိုတစ်ခေတ်
အလောင်းစည်သူမင်းကြီးဟာ ..
လက်ညှိုးညွှန်ရုံနဲ့ ရေဖြစ်သတဲ့ ။

ဒီဘက်ခေတ်
ကိုယ်တို့ခေါင်းဆောင်အစစ်
လူတွေ ချစ်လိုက်ပုံများ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
ခြေလှမ်း အသစ် အသစ် တိုင်းမှာ
လူပင်လယ်ကြီးဖြစ်တယ် .. ။

သံစဉ်ဖြူဖြူ
၂၄.၆.၂၀၁၆
၁၀း၅၆ အေအမ်

သူ နဲ့ ကျွန်မ (၁)

သူ စိတ်တွေ မလန်းတော့
နှုတ်ခမ်းကြီး စူတည်
အိုအိရှီ လို့ ကျွန်မ ပြော
သူ ရယ် ပါ လေရော ။

 သံစဉ်ဖြူဖြူ
(၇.၆.၂၀၁၆) အင်္ဂါနေ့

ချစ်သူ

မှဲ့ကလေးကို ခေါင်းအုံး
သူ့ ပါးချိုင့်လေးထဲ ဝင်ပုန်းချင်ရဲ့
ကိုယ့် ရင် နုံးတဲ့အခါ ။

အားကျခြင်း

// ဟိုက်ဒရိုဂျင်အပြည့်နဲ့ အမြင့်ကို ရောက်နေတဲ့
ပူပေါင်းလေးတစ်လုံးက
အပျံသင်စ ငှက်ကလေးကို ငုံ့ကြည့်ရင်း အားကျ
ဘယ်သူနားလည်နိုင်မှာတဲ့လဲ
ကိုယ့်အင် ကိုယ့်အားနဲ့ ပျံသန်းချင်ပေမယ့်
အတောင်ပံ မရှိတဲ့ ဘဝကိုလေ ။

 // အပျံသင်စ ငှက်ကလေးက
သူ့နံဘေးကဖြတ်
တရိပ်ရိပ်တက်သွားတဲ့ ပူပေါင်းလှလှလေးကို အားကျ
ဘယ်သူတွေးကြည့်ဖူးမှာတဲ့လဲ
အတောင်ခတ်ရလွန်းလို့
ညောင်းနေရှာတဲ့ ငှက်ကလေးတွေရဲ့ဘဝကိုလေ။

သံစဉ်ဖြူဖြူ
7.7.16
12:05 am

အကာကြိုက်သူများ

►► ပေါက်ပင်တွေ ကိုင်းတိုင်း
ဗျိုင်းကိုသာ မြင်ရင်ဖြင့်
သမိုင်းဆိုတာ
အုတ်ကျင်း နဲ့ အင်းစိန်ကြားသာ သိလိမ့်မယ်။

► အချို့က အမှန်တကယ် အ လို့
► အချို့ကတော့ အလျှံပယ် ဝ ဖို့
ဇာတ်ရှုပ်ထဲ ကကြတယ် ။

►► ခြုံလွှာ တန်ခိုးနဲ့
ထုပ်ပိုးထားတော့
စိတ်ဓာတ်အသိုးကို မမြင်
ရိုကျိုးကြ
ခိုကိုးကြ
ဒါမျိုးတွေ တန်ဖိုးတက်နေသမျှ
မိုးလင်းဖို့တော့ ခက်ဦးမှာ။

►► ညီမလေးရေ
ဇွတ်မတားပါဘူး
ကောင်းမယ်ထင်ရင် သုံးကြည့်လိုက်
အဲဒီတောင်းတွေ အကွပ်တော့ လှတယ်။
သံစဉ်ဖြူဖြူ
(၁၅.၇.၂၀၁၆)

ကျွန်တော့် အိမ်သူ

►► ရယ်လိုက်တိုင်း ပေါ်လာတဲ့ သွားကျဲကျဲလေးတွေရဲ့ အထက်
ခွက်နေတဲ့ ပါးချိုင့်လေးရှိတယ်
ပါးကွက်လေး ကျားလိုက်တော့
တကယ်ပါ
အတွေးမှာတင် သနပ်ခါးနံ့လေး ရတယ်။

►► လမ်းလျှောက်တော့ လိမ်ဖယ်ဖယ်
မော်ဒယ်တွေလို ပိန်ချင်ပါသတဲ့
ကျွန်တော် စိမ်ပေးတဲ့ ပျားသံပုရာကို သောက်ရှာတယ်။
► ဇရာထောက်ပါပြီ ပြောလည်း
ကညာတွေနောက်ပါမှာ စိုးသတဲ့
အသာအယာ ခိုးပြီးရှိုက်တယ်။
►► မျက်ဝန်းထောင့် နယ်မြေမှာ ကျီးခြေရာတွေ အထပ်ထပ်
ပါးနှစ်ဘက်မှာတော့ မှဲ့ခြောက်လေး တစ်စက် နှစ်စက်ရှိတယ်
ပြုံးလိုက်တိုင်း ကော့တက်သွားတဲ့ နှုတ်ခမ်းထူထူတွေ
ထိုးဖွလိုက်တိုင်း ပေါ်လာတတ်တဲ့ ဆံပင်ဖြူဖြူတွေ
ဘယ်သူနဲ့မှ မတူပါဘူး
ကျွန်တော့်အိမ်သူကလေ
ငြူစူနေချိန်မှာတောင် လှတယ်။


 သံစဉ်ဖြူဖြူ
30.7.16
00:14 AM