Saturday, August 6, 2016

ကမ္ဘာမပျက်မီ တစ်ရက်အလို

ကမ္ဘာမပျက်မီ တစ်ရက်အလို
_____________________
ချစ်သူရေ လာကွဲ့
မနက်ဖြန် ကမ္ဘာပျက်မတဲ့
ကိုယ့်အနားမှာနေ
ကြယ်ပွင့်တွေ ရေရအောင်လေ

ဝန်ပိုစရာတွေ နား
သဝန်တိုတာတွေ ထားလိုက်တော့
အာဃာတတွေ ငြှိမ်းလို့
မာနတွေလည်း သိမ်းလိုက်ကြမယ်
ချစ်ခြင်းတရားကလွဲရင်
ကျန်တာအားလုံး ခဏမေ့
ကမ္ဘာမပျက်ခင်နေ့ မှာ
အတူကြိုက်ဖူးတဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်
လွင့်လာတဲ့ သံစဉ်နဲ့အတူ
အရာရာကို ရင်ဆိုင်ဖို့ အသင့်ပြင်ရအောင်
လာပါ ချစ်သူရယ်
မနက်ဖြန် ကမ္ဘာပျက်မှာမို့
ကိုယ့်အနားကို ကပ်
ကြယ်ပွင့်တွေ တွက်ကြစို့ကွယ်
သံစဉ်ဖြူဖြူ
၂၀.၁၂.၂၀၁၂
(၂၀၁၂) မှာ ကမ္ဘာပျက်မယ် ဆိုတုန်းကပေါ့ ..

ချစ်စု

ဟိုတစ်ခေတ်
အလောင်းစည်သူမင်းကြီးဟာ ..
လက်ညှိုးညွှန်ရုံနဲ့ ရေဖြစ်သတဲ့ ။

ဒီဘက်ခေတ်
ကိုယ်တို့ခေါင်းဆောင်အစစ်
လူတွေ ချစ်လိုက်ပုံများ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
ခြေလှမ်း အသစ် အသစ် တိုင်းမှာ
လူပင်လယ်ကြီးဖြစ်တယ် .. ။

သံစဉ်ဖြူဖြူ
၂၄.၆.၂၀၁၆
၁၀း၅၆ အေအမ်

သူ နဲ့ ကျွန်မ (၁)

သူ စိတ်တွေ မလန်းတော့
နှုတ်ခမ်းကြီး စူတည်
အိုအိရှီ လို့ ကျွန်မ ပြော
သူ ရယ် ပါ လေရော ။

 သံစဉ်ဖြူဖြူ
(၇.၆.၂၀၁၆) အင်္ဂါနေ့

ချစ်သူ

မှဲ့ကလေးကို ခေါင်းအုံး
သူ့ ပါးချိုင့်လေးထဲ ဝင်ပုန်းချင်ရဲ့
ကိုယ့် ရင် နုံးတဲ့အခါ ။

အားကျခြင်း

// ဟိုက်ဒရိုဂျင်အပြည့်နဲ့ အမြင့်ကို ရောက်နေတဲ့
ပူပေါင်းလေးတစ်လုံးက
အပျံသင်စ ငှက်ကလေးကို ငုံ့ကြည့်ရင်း အားကျ
ဘယ်သူနားလည်နိုင်မှာတဲ့လဲ
ကိုယ့်အင် ကိုယ့်အားနဲ့ ပျံသန်းချင်ပေမယ့်
အတောင်ပံ မရှိတဲ့ ဘဝကိုလေ ။

 // အပျံသင်စ ငှက်ကလေးက
သူ့နံဘေးကဖြတ်
တရိပ်ရိပ်တက်သွားတဲ့ ပူပေါင်းလှလှလေးကို အားကျ
ဘယ်သူတွေးကြည့်ဖူးမှာတဲ့လဲ
အတောင်ခတ်ရလွန်းလို့
ညောင်းနေရှာတဲ့ ငှက်ကလေးတွေရဲ့ဘဝကိုလေ။

သံစဉ်ဖြူဖြူ
7.7.16
12:05 am

အကာကြိုက်သူများ

►► ပေါက်ပင်တွေ ကိုင်းတိုင်း
ဗျိုင်းကိုသာ မြင်ရင်ဖြင့်
သမိုင်းဆိုတာ
အုတ်ကျင်း နဲ့ အင်းစိန်ကြားသာ သိလိမ့်မယ်။

► အချို့က အမှန်တကယ် အ လို့
► အချို့ကတော့ အလျှံပယ် ဝ ဖို့
ဇာတ်ရှုပ်ထဲ ကကြတယ် ။

►► ခြုံလွှာ တန်ခိုးနဲ့
ထုပ်ပိုးထားတော့
စိတ်ဓာတ်အသိုးကို မမြင်
ရိုကျိုးကြ
ခိုကိုးကြ
ဒါမျိုးတွေ တန်ဖိုးတက်နေသမျှ
မိုးလင်းဖို့တော့ ခက်ဦးမှာ။

►► ညီမလေးရေ
ဇွတ်မတားပါဘူး
ကောင်းမယ်ထင်ရင် သုံးကြည့်လိုက်
အဲဒီတောင်းတွေ အကွပ်တော့ လှတယ်။
သံစဉ်ဖြူဖြူ
(၁၅.၇.၂၀၁၆)

ကျွန်တော့် အိမ်သူ

►► ရယ်လိုက်တိုင်း ပေါ်လာတဲ့ သွားကျဲကျဲလေးတွေရဲ့ အထက်
ခွက်နေတဲ့ ပါးချိုင့်လေးရှိတယ်
ပါးကွက်လေး ကျားလိုက်တော့
တကယ်ပါ
အတွေးမှာတင် သနပ်ခါးနံ့လေး ရတယ်။

►► လမ်းလျှောက်တော့ လိမ်ဖယ်ဖယ်
မော်ဒယ်တွေလို ပိန်ချင်ပါသတဲ့
ကျွန်တော် စိမ်ပေးတဲ့ ပျားသံပုရာကို သောက်ရှာတယ်။
► ဇရာထောက်ပါပြီ ပြောလည်း
ကညာတွေနောက်ပါမှာ စိုးသတဲ့
အသာအယာ ခိုးပြီးရှိုက်တယ်။
►► မျက်ဝန်းထောင့် နယ်မြေမှာ ကျီးခြေရာတွေ အထပ်ထပ်
ပါးနှစ်ဘက်မှာတော့ မှဲ့ခြောက်လေး တစ်စက် နှစ်စက်ရှိတယ်
ပြုံးလိုက်တိုင်း ကော့တက်သွားတဲ့ နှုတ်ခမ်းထူထူတွေ
ထိုးဖွလိုက်တိုင်း ပေါ်လာတတ်တဲ့ ဆံပင်ဖြူဖြူတွေ
ဘယ်သူနဲ့မှ မတူပါဘူး
ကျွန်တော့်အိမ်သူကလေ
ငြူစူနေချိန်မှာတောင် လှတယ်။


 သံစဉ်ဖြူဖြူ
30.7.16
00:14 AM

အားငယ်တတ်သူမို့

↓↓ စစ်မရောက်ခင် မြားကုန်တာ မဟုတ်ပါဘူး
ပစ်ရဲတဲ့ သတ္တိနည်းလို့
သူနဲ့ ဆုံတိုင်း
ကျွန်တော့် လက်တွေ တုန်နေခဲ့တာ ။


 ↓↓ အလှကြည့်ဖို့ သက်သက်နဲ့
ပန်းတစ်ပွင့်ကို အိပ်မက်ခဲ့တာ မဟုတ်ပေမယ့်
ဆူး အထပ်ထပ်ကို တွေးမိရုံနဲ့
ခူး ဖို့ လက်နှေးနေခဲ့တာ … ။

 ↓↓ ကြောက်ပေမယ့် မလွဲချင်
မရဲဘဲ မင်းဖြစ်ချင်ခဲ့သူ
အချစ် လက်ကမ်းမှ
ဒီ နန်း ကို တက်လှမ်းရမယ့် ဘဝ ။

 ကောင်မလေးရေ ..
ကိုယ် ရေးနေတဲ့ ကဗျာတွေကို ဖတ်
ကိုယ့် ဖုန်းမြည်သံလေးကို နားထောင်
ကိုယ် ဖွင့်တဲ့ သီချင်းတွေကို ခံစား
ဖိတ်လျှံကျနေတဲ့ ချစ်ခြင်းတရားကို မြင်ရင်လေ
ချစ်ခွင့်ပန်ဖို့ အရေး
မင်းဘက်က စ တွေးသင့်တယ် မဟုတ်လားဟင် ။

 သံစဉ်ဖြူဖြူ
31.7.2016
00:37 am