Tuesday, December 31, 2013

Review

►► အသက် ၃၂ ပြည့်ဖို့
၃၂ ရက်မက လိုသေးပေမယ့်
ဇရာရဲ့ အလံ မျှင်မျှင်ကတော့
၃၂ ပင် မက
အမြင့်ဆုံးအရပ် မှာ စိုက်ထူ
တလူလူလွင့်လို့ ။

►► ၃၂ နှစ် အရွယ် မတိုင်ခင်
လူအချို့က ကမ္ဘာကို ကိုင်လှုပ်

ဒီအသက်အရွယ်မှာပါပဲ
ကိုယ်ကတော့ အဝိဇ္ဇာနွံမှာ မြုပ်တုန်း။

►► ဘာတွေ လုပ်ခဲ့သလဲ
ဘာတွေ လုပ်နိုင်ခဲ့သလဲ
ဘာတွေ လုပ်နေသလဲ
ဘာတွေ ဆက်လုပ်မှာလဲ
တွေးရင်း ငေးရင်း (တစ်ခါတလေလည်း ဆွေးရင်းပေါ့)
ကိုယ့်ဂရပ်တွေဟာ တဖြည်းဖြည်းနိမ့်ဆင်းလာလို့
ကိုယ့်ကို ကိုယ်စားပြုတဲ့ အမှတ်တွေဟာ
ရေပြင်ညီမျဉ်းအောက် ရောက်ရောက်သွားရဲ့ ... ။

►► ရှေ့ကို တရွေ့ရွေ့ စီးမြောရင်း
ဖြတ်သန်းလာသမျှ လည်ပြန်ကြည့်မောတော့

"စိတ်ထားကောင်းဖို့ ပထမ" လို့ ကြွေးကြော်
တော်ချင်ယောင်ဆောင်ခဲ့တာတွေ၊

မျက်နှာထားချိုချို နဲ့ စကားအပိုတွေပြောခဲ့တာတွေ၊

ဘုရား ဘုရား အကြိမ်ကြိမ်သွားရင်း
လူက ကို့ရို့ကားယား လုပ်ခဲ့တာတွေ၊

လုပ်ခဲ့သမျှ အမှား
မင်နီသာ တားရမယ်ဆိုရင်လေ
အား .. ကနဲ အော်ရမလား
တဟားဟား နဲ့ အရှက်ပြေ ရယ်ရမလား ။

လုပ်ခဲ့သမျှ အပြစ်
တောင်းပန်လို့ ကျေအေးကြမယ်ဆိုရင်လေ
ကိုယ် တောင်းပန်ချင်ပါရဲ့။

တောင်းပန်ပါရဲ့
ကိုယ် လွန်ခဲ့သမျှ။

တောင်းပန်ပါရဲ့
ကိုယ် ဆိုးခဲ့သမျှ။

တောင်းပန်ပါရဲ့
ကိုယ် မိုက်ခဲ့သမျှ။

နှစ်သစ်ကို ကြိုဖို့ရယ်မဟုတ်ပါဘူး ..
ကျန်ရှိနေသေးတဲ့ ကိုယ့်နေ့ရက်တွေကို ကြိုဖို့အတွက်
နှစ်တွေကြာလာလို့ ကွာနေတဲ့ စာရွက်ကလေးကို နံရံမှာ ပြန်ကပ်
ကိုယ့် နှလုံးသားထဲထိ စွဲအောင် အခါခါ အထပ်ထပ် ရွတ်မယ်။

►► ကိုယ့်ကြောင့် သူတစ်ပါး စိတ်မထိခိုက်အောင် နေမယ် ◄◄
►► သူတစ်ပါးကြောင့် ကိုယ့်စိတ်မထိခိုက်အောင် နေမယ် ◄◄

ဒီလောက်လေးပါပဲ
ကိုယ့်စိတ်လေးကို ပုံသွင်းချင်မိတာ။
သံစဉ်ဖြူဖြူ
၃၁.၁၂.၁၃
ညနေ ၅း၃၆ နာရီ

No comments:

Post a Comment