Tuesday, November 26, 2013

Facebook ပြိုင်ပွဲ

► Like မလား Share မလား

Facebook မှာ ပြိုင်ပွဲရှိတယ် ~~



► အချို့က လူအတွက် ဆုကို အကြောင်းပြ

အချို့က ဆု အတွက် လူကို ရောင်းချ

မက်ဇူကာဘတ်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ

ဟန်ရေးအမျိုးမျိုး ပြကြတယ် ~~



► ပစ္စည်းအတွက်လား

လူအတွက်လား

လှလှပပ ဝေဝေဆာဆာနဲ့

ကြော်ငြာထဲ ကြော်ငြာဝင်

လူသိများဖို့ အလျင်လိုတယ် ~~



► ပွဲစဉ်အချို့က ခေါင်းစဉ်တပ်

ဘာအတွက် ညာအတွက်

ဘာအကြောင်း ညာအကြောင်း

ထွေလာသောင်းပြောင်း

အဖေ အကြောင်း

အမေ အကြောင်း

ကမ္ဘာကြီးရဲ့ စိမ်းလန်းသာယာမှုအကြောင်း

အို ..

ကောင်းဖို့က သာမညောင်ည

ပေါင်းဖို့က အဓိက

တွေ့သမျှ လူ အကုန်သာပေါင်း

ဖေ့ဘွတ်မှာ ဖရန့်ထောင်သောင်းလိုတယ် ~~



((ဒီလိုနဲ့
ကဗျာ ဝတ္ထုဆိုတဲ့
လှပတဲ့ အနုပညာအစိုင်အခဲတွေဟာ
ကြော်ငြာအချို့ရဲ့ Like နဲ့ Share ကြားမှာ
ဗန်းပြခံခဲ့ရ))


►Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် အကုန်လှူမှာ

မိဘမဲ့ကလေးတွေ သနားစရာ

နားခိုစရာ ကျောင်းတွေ လိုလို့ပါ ~~



► Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် ဂုဏ်ယူချင်

Liker တွေကို ခေါင်းပေါ်တင်

တစ်သက်လုံး ကျေးဇူးတင်မှာ ~~



► ဆယ်လီဗျစ်တီ ဟိုအစ်ကိုကြီး

သမီး ကို ကူပေးပါ

အစ်ကိုသာ Like တောင်းပေးရင်

ထောင် နဲ့ သောင်း နဲ့ ရမှာ ~~



► ဟိုပေ့ခ်ျက အက်ဒ်မင်လေး

နင် နဲ့ ငါ သွေးသောက်ဖွဲ့

မောင်နှမ ခဏတော်ကြစို့ရဲ့

နင်ပေ့ခ်ျမှာ ပုံလေး Share

Like နဲ့ Share ဆွယ်ရအောင်ဟာ ~~



► ဒီမယ် ဒီမယ်

ခင်များလည်း ဒီတိုင်းမနေနဲ့

ဒီအထိတောင် စာကို ဖတ်လာပေးပြီမှ

လက်စနဲ့

မူရင်းလင့်ခ်ကိုသွား

ကျုပ် ပြိုင်ထားတဲ့ ဓာတ်ပုံလေးကို

လိုက်ခ်တစ်ချက်တော့ အားနာပါးနာ နှိပ်ပေးပါဗျာ ~~



(၂၆.၈.၂၀၁၃)

သံစဉ်ဖြူဖြူ လက်ဆော့သည်။


(မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ။

အပျော်သဘောရေးခြင်းသာ)

No comments:

Post a Comment