Tuesday, November 26, 2013

အပြောင်းအလဲမြန်တဲ့ မိုးလေဝသ




အခန်း (၁)
အစ
နံနက် (၁၁) နာရီ (၁၅) မိနစ်
  
 ကျွတ်စ်
 နေကလည်း အစောကြီးရှိသေးတယ်။ ပူလိုက်တာ ခြစ်ခြစ်တောက်။ တိမ်တွေက ကောင်းကင်မှာရှိနေပြီး နေကို ဖုံးမထားနိုင်ကြဘူး။
 လေကလည်း တိုက်မှာဖြင့် အကုန်လွင့်သွားအောင် တိုက်တာမဟုတ်ဘူး၊ ပျင်းတိပျင်းတွဲနဲ့။  အပင်တွေကပါ ယိုင်ထိုးထိုးနဲ့ အရက်မူးနေတဲ့သူ လမ်းလျှောက်နေသလိုပဲ။  

ဟာကွာ။ မျောက်မူးလဲတွေ . ဆော့လိုက်ကြတာ။ ကျောင်းပိတ်ရက်ဆိုရင် လမ်းပေါ်မှာ ပြည့်နေတာပဲ။ မိဘတွေကလည်း မဆုံးမထားကြဘူး။ ကိုယ့်ကလေးကိုယ် မကြည့်နိုင်ဘဲနဲ့ မွေးထားကြသေးတယ်။ ကျောင်းပိတ်ရက် အိမ်မှာ စာကျက်ခိုင်းပါလား။ 

ကလေးတွေ ရှုပ်ပါတယ်ဆိုမှ ကလေးထက်ဆိုးတဲ့ ခွေးတွေကလည်း တမှောင့်။  ညဆိုလည်း အိပ်ရေးပျက်အောင်အူ။  နေ့ဆိုလည်း ဟိုပြေး ဒီပြေး။ တွေ့ကရာလူနောက်လိုက်ပြီး အမြီးတနှံ့နှံ့။  ပြေးရာကနေ လမ်းပေါ်တက်အိပ်လိုအိပ်။

“တီ  တီ  တီ”

မှတ်ပလား။ ဟွန်းကို ဆင့်ပြီး နှိပ်ပစ်လိုက်သည်။ ပြေးကြစမ်းကွာ။ လူက စိတ်တိုနေပါတယ်ဆိုမှ လမ်းပေါ်လူတွေ ရှုပ်လိုက်တာ။
တိုက်မိရင် အလျော်တောင်းကြဦးမယ်။ ကိုယ်တို့လမ်းသွယ်လေးက ကွန်ကရစ်ခင်းထားပြီး Slow down တွေကလည်း ပေါပါဘိ။
သူ့ပေါ်ဖြတ်တာနဲ့ ဆိုင်ကယ်က ခုန်ရော။ အရှိန်လျှော့မောင်းနေရတာ စိတ်မရှည်ချင်စရာ။ ဒီကြားထဲ လမ်းက ကျဉ်းပါတယ်ဆိုမှ ဈေးရောင်းတဲ့သူတွေကလည်း လမ်းပေါ်ရောက်နေပြီ။ ဝင်တိုက်ပစ်လိုက်လို့ ဗန်းထဲက ကုန်စိမ်းတွေရော ဈေးသည်ပါ အရေးပေါ်ရောက်သွားမယ်။ စိတ်တိုတိုနဲ့ ဟောက်မလို့ ဈေးသည်ကို အကြည့်

"အစ်မ ရှောက်သီးကောင်းတယ်လေ။ လတ်လည်း လတ်တယ်၊ သုပ်စားမယ်ဆို အနေတော်ပဲ။ ယူပါဦးလား"

တောက်
စိတ်ကို လာဆွပြန်ပြီကွာ။ အဲဒီရှောက်သီးပေါ့။ ကိုယ့်စိတ်ကို ခုလောက်ထိ မကြည်လင်အောင် လုပ်တာ။

►►►►♦♦◄◄◄◄

အခန်း (၂)
အပျိုး
နံနက် (၁၀) နာရီ (၄၅) မိနစ်

 ပဲတောင့်ရှည်ကို ခပ်စောင်းစောင်းလှီးပြီး ကြော်ထားတာ သိပ်ကြာသေးပုံမရ။ အစိမ်းရောင်တောင်မပျက်သေး။ ငရုတ်သီးဆီဝေ့ဝေ့ကြားမှာ ရှမ်းနံနံရွက်စိမ်းစိမ်းလေးတွေ နေရာအပြည့်ယူထားပုံက ငါးချဉ်ရည် ချက်ထားပုံ။
အနှစ်နည်းနည်းနဲ့ ဆီကျန်ရေကျန် ချက်ထားတဲ့ ကြက်သားကတော့ ကိုယ့်အကြိုက်။
 မြင်နေကျ ငရုတ်သီးအကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်နဲ့ ငါးပိရည်အစား ပုစွန်လှော်နဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ ရောထောင်းပြီးဖျော်ထားတဲ့ ငါးပိရည်ခွက်ကို တွေ့တော့ ဗိုက်က ပိုဆာလာသည်။ မုန်လာချဉ်ဖတ်လေးမြှုပ်ပြီး တို့လိုက်လို့ကတော့
နှစ်ပန်းကန်အနည်းဆုံးဝင်မှာ အသေအချာ။
တူမတော် ခူးပေးတဲ့ ထမင်းပန်းကန်နဲ့ အပီဆွဲဖို့ စိတ်ကူးနေတုန်း လတ်ဆတ်တဲ့ အနံ့တစ်မျိုးက နှာခေါင်းဝမှာ လာကလူလို့ ကြည့်မိတော့
အိုး အမေ ရှောက်သီးနွှင်နေတာပါလားကွယ်။

ကိုယ်တို့ မောင်နှမအားလုံးက ရှောက်သီးသုပ်ကြိုက်ကြတာမို့ အမေက မကြာခဏ သုပ်ကျွေးနေကြ။
ပုစွန်ထုပ်ကိုလှော် ငရုပ်သီးစိမ်းနဲ့ ရောထောင်းပြီး သုပ်ပေးတတ်တဲ့ အမေ့လက်ရာ ရှောက်သီးသုပ်က ကိုယ့်အတွက်တော့ ဘယ်ဟော်တယ်က အစားအသောက်မျိုးနဲ့မှ ယှဉ်မရတာ။ မျှင်ငါးပိလေးကို မီးကင်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နဲ့ ရောနယ်လိုက်လို့ကတော့ အချိုမှုန့်ဆိုတာလည်း လွတ်ရဲ့။ ဆီချက်မပါလည်း ရရဲ့။

တွေးရင်း ပါးစောင်မှာ စွတ်စိုလာတဲ့ သွားရည်ကို အသာမျိုချရင်း အမေ့နားကို ရောက်သွားတော့

"သမီးရဲ့ညီမလေး ထမင်းချိုင့်ထဲ ထည့်ပေးဖို့ သုပ်နေတာလေ။ ဆိုင်မှာ စားရတဲ့သူဆိုတော့ ငါးပိရည်မပါ ဘာမပါနဲ့။ ငါးခေါင်းချဉ်ရည်ကလည်း သူ စားဖို့အဆင်ပြေမှာမဟုတ်ဘူး ဆိုတော့ ရှောက်သီးလေး တစ်စိတ်ရှိတာ သုပ်ထည့်ပေးလိုက်မလို့"

သွားရည်က နင်တတ်ပါသလား။ ကိုယ်လည်း သေချာတော့မသိ။ တစ်ခုခုတော့ ဆို့တက်သွားသည်မှာ အမှန်။ လည်ချောင်းဝမှာလား ရင်ထဲမှာလား ဆိုတာလည်း ကိုယ် မခွဲခြားချင်တော့။ ထမင်းစားပွဲနားကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာလည်း မသိ။
ထမင်းပန်းကန်ထဲကို ဘာဟင်းတွေခပ်ထည့်ပြီး ဘယ်လိုစားမိမှန်းလည်းမသိ။ အရသာလည်းမသိ။ မသိ မသိ မသိ။
ဘာကိုမှ မသိတော့။
အမေက သူ့သမီးငယ်ကိုပဲ ချစ်တယ်ဆိုတဲ့ စိတ်ခံစားချက်ကသာ အာရုံထဲမှာ တဝဲလည်လည် လှည့်လို့။

►►►►♦♦◄◄◄◄
  
အခန်း (၃)
အလယ် (သို့) အလည်
မွန်းလွဲ ၁ နာရီခွဲ

"ဒါနဲ့ပဲ နင်က ညနေစာ ပြန်မစားဘူး ဟုတ်လား"

"အေး .. မစားဘူး ဒီနေ့ ညနေစာလည်းမစားဘူး .. နောက်ရက်လည်း တွေ့ရာ ဝယ်စားမယ်ဟာ။
အိမ်ပြန်မစားဘူး။ အိမ်မှာ ငါက အရေးမှ မပါတာပဲ။ အမေက ငါ့ထက် ငါ့ညီမပဲ ပိုချစ်တာ"

 "နင့်ညီမလေးက အငယ်ဆုံးလေ။ ဘာလို့ နေရာတကာမှာ သူနဲ့ ယှဉ်နေရတာလဲ။ အငယ်ဆုံးတို့ အကြီးဆုံးတို့ဆိုတာ အလတ်တွေထက်တော့ အခွင့်အရေး ပိုသာတာပဲပေါ့"

 "သွားစမ်းပါ။ အငယ်ဆုံး အငယ်ဆုံး နဲ့။ ငါတို့ကရော သားသမီးပဲလေ။ အလတ်ဆိုတာနဲ့ပဲ အချစ်လျော့စရာလား
ချစ်ကြဟာ ချစ်ကြ ချစ်ကြ။ တော်ပြီ။ နင်လည်း အတူတူပဲ။  အငယ်တွေဘက်ကပဲ ပါတယ်။  နင်နဲ့လည်း စကားမပြောဘူး။ ဒါပဲဟာ"
  
ပြောပြောဆိုဆိုနဲ့ ဖုန်းကို ချပစ်လိုက်သည်။ တကယ်ပါပဲ။ သူငယ်ချင်းတွေကလည်း ကိုယ့်ဘက်မှာမရှိ။ ကိုယ်ကပဲ ဆိုးလွန်းနေတာလား။
သေချာတာတော့ ကိုယ် အချစ်ခံချင်မိတာပါ။ နို့ညှာ လို့ နာမည်ရတဲ့ ကိုယ်က အငယ်ဆုံးဖြစ်တဲ့ ညီမလေးကို အခြားအရာတွေမှာ ညှာတာချင်ပေမယ့် အမေ့ရဲ့ အချစ်တွေကိုတော့ ပိုပိုသာသာ မပေးချင်တာ ကိုယ် သိပ်များ လွန်နေလို့လား။ တွေးရင်းနဲ့ ဗိုက်ထဲက ဆာလာပြန်သည်။ အနားမှာရှိတဲ့ ရေဗူးထဲက လက်ကျန် လက်နှစ်လုံးလောက်ရှိသည့်ရေကို မော့သောက်ရင်းနဲ့
 မနက်က မစားဖြစ်ခဲ့တဲ့ ပဲသီးကြော် စိမ်းစိမ်းလေးနဲ့ ကြက်သားဟင်းကို မြင်ယောင်လာသည်။
 အို မမြင်နဲ့။ မမြင်နဲ့။ စိတ်ကောက်တယ်ဆိုမှတော့ ပီပီပြင်ပြင် ကောက်ပစ်စမ်းပါ။

 သမီးရယ် ကြိုက်လိုက်ပါ သမီးရယ်
 လမ်းထိပ်က ပရာဒိုပိုင်တဲ့ ဦးတုတ်ကြီးက သူဌေး  ရေး ဟေး ဟေး
 သမီးရယ် ကြိုက်လိုက်ပါ သမီးရယ်
 လမ်းထိပ်က ပရာဒိုပိုင်တဲ့ ဦးတုတ်ကြီးက သူဌေး  ရေး ဟေး ဟေး

ကိုယ့်ကိုယ်ကို မာန်တင်းဆုံးမနေရင်း ကိုယ့်ဖုန်းမှာ အမေ့ဖုန်းအတွက် သီးသန့်ထည့်ထားတဲ့ Ring Tone သံမြည်လာတာကြောင့် စိတ်ကူးထဲကိုက်နေတဲ့ ကြက်တောင်ပံ ပျောက်သွားသည်။
ဖုန်းကို ချက်ခြင်းကိုင်ပြီးမှ အမေ့ကို စိတ်ကောက်နေတာကို သတိပြန်ရပြီး ဖုန်းကို ပြန်ချရင်ကောင်းမလား အတွေးက ဝင်လာပေမယ့် မချဖြစ်။

"သမီး။ အလုပ်များနေလား။ အမေ ကြာဆံကြော်ထားတယ် သမီး။ ပူတုန်းလေး လာစားလိုက်ပါလား"

“ မစားတော့ပါဘူး” လို့ ခပ်တိုးတိုးဖြေသံကို အမေ ကြားသလား မကြားသလားတော့ မသိ။ အမေကတော့ ဆက်ပြောနေရဲ့။
  
"သမီးမနက်က ထမင်းစားတာနည်းလို့ ဒီနေ့ခင်း အမေ ကြော်ပေးထားတာ။ ပဲသီးလေးတွေလည်း ပါတယ် သမီးရဲ့။
 သမီး ကြိုက်တဲ့ပုံစံမျိုးလေး ဘဲဥကို အချပ်လိုက်ကြော်ပြီး အပေါ်ကနေ ကပ်ကြေးနဲ့ ကိုက်ပေးထားသေးတယ်။  ပြန်လာစားလိုက်နော် သမီး။ အချိန်မရရင် သမီးဆိုင်က ကလေးတစ်ယောက်ယောက်ကို လာယူခိုင်းလိုက်။ ပူတုန်းလေး စားစေချင်လို့"
  
"ဟုတ် ဟုတ် .. "

 အမေ့ဘက်က ဖုန်းချသွားပေမယ့် ဖုန်းကို ကိုင်ထားဆဲ ကိုယ့်မျက်နှာ ဘယ်လိုပုံဖြစ်နေမလဲဆိုတာ မှန်ထောင်ကြည့်ရင်ကောင်းမလား တွေးလိုက်မိသေးသည်။

►►►►♦♦◄◄◄◄

အခန်း (၄)
အဆုံး
မွန်းလွဲ (၃) နာရီ

 ကောင်းကင်က ခါတိုင်းထက် ပိုကြည်လင်နေသလိုလို။ တိမ်မျှင်လေးတွေလည်း အရင်ကထက် ပိုပြီး ဖြူလွလို့။ သစ်ပင်လေးတွေကရော ရေများဖြန်းထားသလို စိမ်းစိုလို့နေရဲ့။ လေအဝေ့မှာ ယိမ်းနွဲ့နေပုံက ကမ္ဘာကျော် ကချေသည်လေးတွေ ကပြနေသလိုလို။  ရာသီဥတု ကြည်လင်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ မွန်းလွဲနေကလည်း အရှိန်တောက်ပစွာနဲ့ အားဖြည့်ပေးနေသေးသည်လေ။
  
အို ကလေးတွေ ဆော့နေလိုက်တာ စီစီကိုညံလို့ကွယ်။ ချစ်စရာကောင်းလိုက်တဲ့ ကလေးတွေ။ သူတို့လည်း ကျောင်းပိတ်ရက်ကလေးပဲ ကစားရရှာတာဆိုတော့ ကစားချင်ကြမှာပေါ့လေ။
ကိုယ့်ဆိုင်ကယ် လမ်းထဲဝင်လာတော့ ခွေးတွေ အိပ်နေရာကနေ ထွက်ပြေးကြလေရဲ့။ အခုလိုကျတော့လည်း သနားစရာကောင်းလိုက်တာ။ ခွေးချင်းအတူတူတောင် သူတို့ဘဝက မွေးမယ့်ပိုင်ရှင်မရှိ။ အချိန်မှန် ကျွေးမယ့်သူ သတ်သတ်မှတ်မှတ်မရှိ။ ရပ်ကွက်ထဲက ကြုံတဲ့သူက ကျွေးတာစား လမ်းဘေးမှာ တွေ့ရာစားနေရရှာတာ။ အပြန်ကျရင်တော့ အိမ်ကနေ တစ်ခုခု ယူလာကျွေးဦးမှပါ။

Slow Down နားမရောက်ခင် ဂီယာကိုချိန်းရင်း အရှိန်လျှော့ဖို့ သတိရသည်။
ဒါလေးတွေကလည်း အန္တရာယ်ကင်းဖို့ တစ်တပ်တစ်အားကူညီပေးကြတာ မဟုတ်လားလေ။

 ဟော ဟိုကုန်စိမ်းသည်လေးက မသိမ်းသေးပါလား။ ခမြာ တစ်နေကုန် ထိုင်ရောင်းနေရရှာတယ်။ အားပေးဦးမှ။
ဖြည်းဖြည်းချင်း မောင်းလာတဲ့ဆိုင်ကယ်ကို ညင်ညင်သာသာရပ်။ အချိုဆုံး ပြုံးရင်း

"ညီမရေ .. အဲဒီရှောက်သီးတွေ အကုန်ယူမယ်"

မနက်က ရောင်းချင်လွန်းလို့ ခေါ်တုန်းက မျက်ထောင့်နီနဲ့ ကြည့်ခံထားရတဲ့ ကုန်စိမ်းသည်ကောင်မလေးခမြာ ကိုယ့်ကို ပြူးကြည့်လို့။  
ကိုယ်တို့ မောင်နှမတွေအားလုံးက ရှောက်သီးသုပ် သိပ်ကြိုက်ကြတာ သူမှ မသိတာနော်။

►►►►♦end♦◄◄◄◄


(စာကြွင်း ။      ။ အလယ် ဟူသည် ဇာတ်လမ်း၏ အလယ်ဖြစ်ပြီး
 အလည်ဟူသည်မှာ နားလည်မှုရသွားသည့်အပိုင်းဟု ဆိုလိုချင်ပါသည်။)
သံစဉ်ဖြူဖြူ
၁ဝ.၁ဝ.၂ဝ၁၃

No comments:

Post a Comment