Thursday, May 7, 2015

တိမ်ကလေးတွေရဲ့ ပုံပြင်

တစ်ခါတုန်းကပေါ့ကွယ် ..
ကောင်းကင်မှာ မိုးတိမ်စိုင် နဲ့ တိမ်စိုင်နီ ဆိုတဲ့
တိမ်စိုင် မောင်နှမ ၂ ဦး ရှိခဲ့ဖူးတယ် ...
..
တိမ်တွေရဲ့ သဘာဝ အရ တစ်နေရာတည်းမှာ နေဖို့ မဖြစ်နိုင်ပေမယ့်
အစ်မ ဖြစ်တဲ့ မိုးတိမ်စိုင်က တည်တည်ငြိမ်ငြိမ်လေး နေချင်ခဲ့တယ် ..
ကြည့်လိုက်တဲ့ အခါတိုင်း အိနြေ္ဒတစ်ခွဲသားနဲ့ပေါ့ .. ။
ငယ်ရွယ်တဲ့ မောင်လေး တိမ်စိုင်နီ ကတော့ ပြေးလွှား ကစားရတာကို ကြိုက်တယ် ..
အပေါင်းအသင်းကလည်း များတော့ တစ်နေရာတည်းမှာ နေတယ်ဆိုတာ မရှိဘူးတဲ့ .. ။
##(တစ်မြို့လုံးက ဂိမ်းဆိုင်တွေ အရက်ဆိုင်တွေ..စုံလို့ပေါ့)

တိမ်စိုင်နီလေး လျှောက်သွားနေတာ များတော့
မိုးတိမ်စိုင် က ပျင်းပြီး ကျန်ခဲ့သတဲ့ .. ။
ဒီလိုနဲ့ တစ်နေ့မှာ သာယာတဲ့ တေးသံကို ကြားလိုက်ရတယ် .. ။
မိုးတိမ်စိုင်လေး ရဲ့ ဘဝမှာ ကြားဖူးသမျှထဲ အချိုဆုံးတေးသံပဲ တဲ့ .. ။
တေးသံလာရာကို ရှာလိုက်တဲ့အခါမှာ သူ့ကို ငေးကြည့်ရင်း သီချင်းဆိုနေတဲ့ မြစ်ကလေးတစ်စင်းကို တွေ့လိုက်ရတယ် ... ။
မြင်မြင်ချင်း ချစ်မိသွားတဲ့ မိုးတိမ်စိုင် နဲ့ မြစ်ကလေးဟာ
နေ့စဉ်နေ့တိုင်း မျက်လုံးချင်းဆုံ ရင်ခုန်သံတွေ ဖလှယ်ကြတာပေါ့ .. ။
မြစ်ကလေးက တေးဆို တဲ့ အခါ မိုးတိမ်စိုင်လေးက ယိမ်းနွဲ့ပြီး က သတဲ့ .. ။
ဒီလိုနဲ့ နေလာရင်း အချိန်ကြာလာတဲ့အခါမှာ
တစ်ယောက်နဲ့ တစ်ယောက် မြင်ရုံလေး မြင်ရပြီး အတူမရှိရတာကို မုန်းတီးလာကြသတဲ့ .. ။
အနီးအနားက လေပြည်လေးတွေက ကျီစယ်တဲ့အခါတိုင်း လွင့်ပါသွားရတာကိုလည်း သူတို့ ခံနိုင်ရည် မရှိကြတော့ဘူး .. ။
တစ်စက္ကန့်လောက် ဝေးရရင်တောင် အလွမ်းတွေ ပြိုလို့ မြစ်ကလေးက ငို သတဲ့ .. ။
##(နည်းနည်း အိုဗာဖြစ်သွားရင် ခွင့်လွှတ် ... tongue emoticon ;D )
ဒါနဲ့ပဲ မြစ်တစ်စင်းကို ချစ်ခြင်းတွေ ပေးလိုက်တဲ့ မိုးတိမ်စိုင်လေးကဟာ သူ့လက်ရှိဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် .. ။
ကောင်းကင်မှာ ရွေ့လျားနေရတဲ့ မိုးတိမ် ဘဝကနေ
ရေစက်ရေမှုန်လေးတွေ အဖြစ်နဲ့ မြစ်ကလေးရဲ့ ရင်ခွင်မှာ ခိုနားဖို့ ပေါ့ ... ။
ဒီလိုနဲ့ ဖြူလွလွ မိုးတိမ်စိုင်လေးဟာ ချစ်ခြင်းတွေ ငွေ့ရည်ဖွဲ့ပြီး
မြစ်ငယ်လေးဆီ မိုးရေစက်တွေအဖြစ်တဲ့ သက်ဆင်းလာသတဲ့ .. ။
..........
ချစ်ခြင်းမှာ ပျော်ဝင် စီးဆင်းရင်း
ပျော်မြူးနေတဲ့ မိုးတိမ်စိုင်လေးဟာ
မြစ်ကလေးကို သိပ်ချစ်ပြီး လက်ရှိဘဝမှာ ပျော်မွေ့နေပေမယ့်
ရွေ့လျားခဲ့ဖူးတဲ့ တိမ်ကလေးဘဝကိုလည်း မမေ့ ..
မောင်ငယ် ဖြစ်တဲ့ တိမ်စိုင်နီလေး ကိုလည်း သတိရနေတုန်းပါပဲတဲ့ကွယ် .. ။
ပေါ့ပါးလွန်းတဲ့ တိမ်စိုင်နီလေးကတော့
ကောင်းကင်တခွင် လှည့်လည်လို့ မဝသေးဘူး တဲ့ ကွယ် .. ။
နေရာအနှံ့ လျှောက်သွားရင်း .. အစ်မ ဖြစ်တဲ့ မိုးတိမ်စိုင်ကိုလည်း သတိမရတော့ဘူး တဲ့ .. ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ ..
သူတို့က မောင်နှမတွေဆိုတော့ တစ်ချိန်ချိန်မှာတော့ ပြန် သတိရမယ် လို့ ယုံကြည်နေပါသတဲ့ .. ။
သူငယ်ချင်းတို့ရေ ..
တစ်ခါတရံ ကောင်းကင်ကို မော့ကြည့်မိလို့ တိမ်စိုင်နီလေးနဲ့များ တွေ့ခဲ့ရင် ပြောပေးလိုက်ကြပါ .. ။
သူ့ အစ်မ မိုးတိမ်စိုင် က မြစ်ကလေးရဲ့ ရင်ခွင်ထဲမှာ ပျော်ရွှင်နေကြောင်း နဲ့
သူ့ကိုလည်း သတိရနေကြောင်းကိုပေါ့ .. ။

(၉.၂.၂၀၁၅)
(Feb 21 မှာ ကျရောက်မယ့် အစ်မ ရဲ့ မွေးနေ့ နဲ့
Feb 23 မှာ ကျရောက်မယ့် မောင်လေးရဲ့ မွေးနေ့ အတွက် အမှတ်တရ ... )

No comments:

Post a Comment