ပြန်လာဖို့ရက်စွဲ မသေချာတဲ့သူတစ်ယောက်ကို စောင့်ဆိုင်းနေတာက ရူးသွပ်မှုတစ်ခုပဲ တဲ့။
ပြန်လာဖို့ရက်စွဲ မသေချာတဲ့သူတစ်ယောက်ကို စောင့်ဆိုင်းနေတာက ရူးသွပ်မှုတစ်ခုပဲ တဲ့။
ဖြူ ရူးနေပြီလား မောင်။
ရွက်ဆုတ်ပြက္ခဒိန်လေးက စာရွက်တစ်ရွက်ကို ဆုတ်ဖြစ်တိုင်း ဖြူ့ အလွမ်းတွေ တစ်ရစ်ထပ်တိုးမိပြန်တယ်။
လွမ်းလိုက်တာ မောင်ရယ်။
ခြံထောင့်က ပိတောက်ပင်ထက်မှာ ပိတောက်တွေ ဖူးနေပြန်ပြီလေ။ မကြာခင်မှာ သင်္ကြန်ရောက်တော့မယ်။
ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရတဲ့ သင်္ကြန်ကာလကို ဖြူတစ်ယောက်တည်းပဲ ကျော်ဖြတ်ခဲ့ရတာ ကြာပါပြီကွယ်။
ဖြူနဲ့ မောင် လမ်းခွဲခဲ့ကြတဲ့ ဒီလိုရာသီရောက်တိုင်း ဖြူ ပိုပြီး မျှော်လင့်မိတယ်။
“ရည်မှန်းထားတာတွေပြည့်ဝလာတဲ့တစ်နေ့ မောင်တို့ ပြန်ဆုံကြတာပေါ့” ဆိုတဲ့စကားကိုတော့ ခုထိ ကြားယောင်နေဆဲပါလေ။
"ဒါဆို ဖြူက မောင် နဲ့ အတူ ကျောင်းလိုက်မတက်တော့ဘူးပေါ့
မောင့်နောက်ကို လိုက်မလာတော့ဘူးပေါ့ .. ဟုတ်လား ဖြူ"
“ဖြူ့ကို ခွင့်လွှတ်ပါ မောင်။ ဖြူ ငြင်းဆန်လို့မရတဲ့ကိစ္စ ပေါ်လာမယ်ဆိုတာ ကြိုမသိခဲ့ရလို့ မောင့်နောက်လိုက်ဖို့ ကတိပေးခဲ့တာ။ အခုတော့ ခက်သွားပြီ မောင်။ ရွာက ကျောင်းရဲ့ တာဝန်က ဖြူ့မှာ ရှိနေတယ်။ ဖြူ့ ဘဘ ဆောက်ခဲ့တဲ့ကျောင်းမှာ ဖြူ တတ်စွမ်းသရွေ့ စာပြန်သင်ပေးရမယ်။ ဖြူ ဘဘဆန္ဒကို မလွန်ဆန်ချင်ဘူး မောင်။ နောက်ပြီး ဖြူတို့ ဒေသက ကလေးတွေ။ ဖြူ ငယ်ငယ်က ရွာမှာ ကျောင်းမရှိလို့ သိပ်အခက်အခဲဖြစ်ခဲ့ရတယ်။ မနက်အစောကြီးထပြီး ၅ မိုင်လောက် ဝေးတဲ့ရွာက ကျောင်းကို နေ့တိုင်း ဘဘက လိုက်ပို့ပေးခဲ့ရတာ။ အလယ်တန်း အထက်တန်းမှာ အဲဒီရွာထက်ပိုဝေးတဲ့ မြို့မှာ အဆောင်အိပ် အဆောင်စားဘ၀နဲ့ နေခဲ့ရတာ။ အဲဒီဒုက္ခတွေကို အခုကလေးတွေကို မခံရစေချင်တော့ဘူး မောင်။”
“လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရတာ မဟုတ်လား ဖြူ။ တစ်စုံတစ်ခုကို လိုချင်တဲ့သူက အဲဒီတန်ဘိုးကို ပေးဆပ်ကြရမှာပဲလေ။ ဖြူလည်း အခုလိုဘ၀ကို ရောက်လာဖို့ ငယ်ရွယ်တဲ့အချိန်ကတည်းက ကိုယ်တိုင် ကြိုးစားခဲ့ရတာပဲမဟုတ်လား။ အခုချိန်မှာ ဖြူ့ကြိုးစားမှုက အသီးအပွင့်တွေကို ဖြူ သုံးစွဲရမယ့် အချိန်လေ။
ရှေ့က အဆောက်အဦးရဲ့ အရှေ့ကို ကြည့်လိုက်စမ်းပါ ဖြူ။ ၀ါးတွေပုံထားတာ တွေ့တယ်မဟုတ်လား။ ဟိုရက်က အဲဒီဝါးတွေက အဆောက်အဦးပေါ်မှာ မားမားမတ်မတ်နဲ့ နေခဲ့တာ။ တကယ်တော့ ဖြူရယ် ငြမ်း ဆိုတာက အဆောက်အဦး မပြီးခင်မှာသာ အသုံးချခံရတဲ့ အမျိုးအစားပါ။ အဆောက်အဦးပြီးသွားခဲ့ရင် ငြမ်းဖြစ်ခဲ့တဲ့ဝါးတွေ ဘာဖြစ်သွားမလဲ ဖြူ လည်း သိသားပဲလေ။ ထင်းဘ၀နဲ့ မီးလောင်ကျွမ်းပြီး ပြာအဖြစ်ပဲ ရောက်သွားရမှာ။
ဒီလိုပဲ ဖြူ .. အခု ဖြူရွာကို ပြန်တဲ့အခါ ဖြူ့ဘ၀က ငြမ်းဖြစ်သွားမှာပဲ။ ဖြူ ဖြည့်ဆည်းပေးလိုက်ရတဲ့ ကလေးတွေက သူတို့ လိုအပ်ချက်တွေ ပြည့်စုံသွားတဲ့အခါမှာ အသီးသီး အောင်မြင်သွားကြရင် ဖြူ ကျန်ခဲ့ရမှာ။
မောင် ဖြူ့ကို ငြမ်းဘ၀ မှာ မထားခဲ့ချင်ဘူး။ မောင်နဲ့ လိုက်ခဲ့ပါနော် ဖြူ”
“မောင်ရယ်…
ဖြူ့ဘ၀မှာလေ ချစ်ရတဲ့သူဆိုလို့ မောင်ပဲ ရှိခဲ့တာပါ။ သိပ်ချစ်လွန်းလို့ ဖြူလည်း မောင့်ကို မခွဲနိုင်ပါဘူး။
ဒါပေမယ့်လည်း မောင်ရယ်။ လောကမှာ ထောက်ထားစရာတွေ ရှိလာတဲ့အခါ ကိုယ့်ဆန္ဒကို နောက်မှာထားသင့်တယ် မဟုတ်လား။
ဘဘ က ဖြူ့ကျေးဇူးရှင်ပါ မောင်။ ဖြူ ကျေးဇူးသိတတ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ နောက်ပြီး မောင်ပြောသလို ကိုယ့်ဘ၀ ကိုယ်ဖန်တီးကြရတာ ဆိုပေမယ့် အချို့သူတွေရဲ့ ဘ၀က ကိုယ်တိုင်ဖန်တီးဖို့ အင်အားနည်းလွန်းပါတယ်မောင်။ မောင် မြင်သလို တွေးသလို ဖြူ့ ဘ၀ ငြမ်းဖြစ်မယ်ဆိုရင်တောင် သူတို့လေးတွေရဲ့ ဘ၀ပြည့်စုံစေဖို့ ဖြူ ဖြည့်ဆည်းပေးချင်တယ်။ ဖြူ့ကို နားလည်ပေးပါနော်။”
“တကယ်ပဲ အဲဒီအနှောင်အဖွဲ့တွေနဲ့ နေခဲ့တော့မှာလား ဖြူ။ မောင့်ဘက်ကို ထည့်မတွက်တော့ဘူးလား။ မောင့် မိဘတွေက အကုန်စီစဉ်ပြီးနေခဲ့ပြီ။ ကျောင်းတက်ပြီးတာနဲ့ အလုပ်ကလည်း အဆင်သင့်ရမှာလေ။ အလုပ်ရတဲ့အခါ မောင့်အတွက် ကုန်ထားရတဲ့ငွေတွေကို မောင် တစ်လှည့်ပြန်ဆပ်မယ်။ အဲဒီအတောအတွင်းကို မောင်တို့ လက်ထပ်ကြမယ်။ မောင် ခင်းထားတဲ့လမ်းမှာ မောင့်လက်ကို တွဲပြီး လျှောက်ရုံပဲ ဖြူ။ မောင်က နောက်ဆုတ်လို့မရတော့ဘူး။”
“ဖြူ နားလည်ပါတယ် မောင်။
မောင် သွားရမယ့်လမ်းကို သွားပါ။ ဖြူ့ ကို နောက်ဆံမတင်းပါနဲ့တော့။ ဖြူ ရွာကို ပြန်မလာဘူးလို့ မငြင်းရက်သလိုပဲ မောင် မသွားပါနဲ့ လို့ ပြောဖို့ အင်အားလည်း ဖြူ့မှာ မရှိပါဘူး။ ဖြူ့ကို ခွင့်လွှတ်ပါ မောင်။
မောင် သွားမယ့်နေရာမှာ ပျော်ပျော်နေပါ။ ကျန်းမာရေးကိုလည်းဂရုစိုက်နော်။
မောင့် လက်သည်းလေးတွေ ညှပ်ပေးခွင့်မရတော့တာကိုတော့ ဖြူ ၀မ်းနည်းမိတာ အမှန်ပဲ မောင်ရယ်။”
“တော်ပါတော့ ဖြူရယ်။ ဆက်မပြောပါနဲ့တော့။ မောင် ထွက်သွားလို့ မရဘဲနေလိမ့်မယ်။ ခုချိန်မှာ မောင် သိတာက ဖြူ မောင့်ထက် ဖြူ့ရွာက ကလေးတွေကို ပိုပြီး အလေးထားတယ်ဆိုတာပါပဲ။
မောင် တို့ ရည်မှန်းချက်ကိုယ်စီ ပြည့်ဝအောင် ကြိုးစားဖို့ ခဏခွဲကြတာပေါ့ ဖြူရယ်။ မောင့်ကို စောင့်နေပေးပါနော်။
ရည်မှန်းထားတာတွေပြည့်ဝလာတဲ့တစ်နေ့ မောင်တို့ ပြန်ဆုံကြတာပေါ့။"
တဖြည်းဖြည်းနဲ့ မြင်ကွင်းထဲမှာ ပျောက်ကွယ်သွားတဲ့ မောင့်ကျောပြင်ကို ကြည့်ရင်း ရွာမှ ဘဘထည့်ပေးလိုက်တဲ့ စာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ပြန်ဖတ်မိပါတော့တယ်။
သမီးလေး ဖြူ
ဘဘ စာရေးလိုက်တယ်။ သမီး စာမေးပွဲမှာ ထူးထူးချွန်ချွန် အောင်တယ်ဆိုလို့ ဘဘ သိပ်ဝမ်းသာတယ်။ သမီး အခု လက်ရှိတက်နေတဲ့ သင်တန်းတွေပြီးရင် ရွာကို ပြန်လာခဲ့မယ် မဟုတ်လား။ မနှစ်က သမီး လုပ်အားပေးခဲ့တဲ့ အမိုးအကာ မစုံသေးတဲ့ ကျောင်းလေးက အားလုံး အချောသတ်ပြီးသွားပြီလေ။ ဒါပေမယ့် သမီးလေးရယ် ကျောင်းမှာ သင်မယ့် ဆရာ/ ဆရာမ မရှိလို့ ကျောင်းဝန်းတံခါးက သော့ပိတ်ထားရတယ်။ ကျောင်းပရ၀ုဏ်ကလည်း ခြောက်ကပ်လို့။ သွားရေးလာရေး ခက်ခဲတာက တစ်ကြောင်း၊ ရာသီဥတု ဆိုးရွားနေတာကတစ်ကြောင်းမို့လို့ ဘဘတို့ရွာကို ရေရှည်မနေနိုင်တဲ့ ဆရာ/ ဆရာမလေးတွေကိုလည်း ဘဘ အပြစ်မဆိုချင်ပါဘူးလေ။ အချို့ဆို နာမည်ပဲ တွေ့ဖူးပြီး လူက လုံးဝမလာဘူး။ ဒီကျောင်းကို တာဝန်ကျမယ်ဆိုရင် အလုပ်ကတောင် ထွက်ကြသတဲ့ သမီးရယ်။ ငွေအင်အား လူအင်အားရှိတဲ့ ကလေးတွေအတွက်ကတော့ ပညာသင်ဖို့ကို သမီးလေး ငယ်ငယ်ကလိုပဲ ကြိုးစားခွင့်ရှိပေမယ့် ကလေး အများစုက မတတ်နိုင်ကြဘူးလေ။ ဘဘ စိတ်မကောင်းဖြစ်ရတယ် သမီး။ ကိုယ့်ရွာကနေ ထွန်းထွန်းပေါက်ပေါက်ရှိတဲ့သူတွေ ကျတော့လည်း ရွာထက် အစစအရာရာသာတဲ့နေရာတွေကိုပဲ သွားနေကြတာ။ ဘဘ သမီးလေးကိုတော့ အဲဒီလို မဖြစ်စေချင်တာ အမှန်ပဲ သမီးရယ်။ ဒါကြောင့်မို့ သမီးကို ပြန်လာခဲ့စေချင်တယ်။
ကျောင်းစာသင်ခန်းတွေကို ပိတ်ထားရတာဟာ ထောင်တံခါးဝကို ဖွင့်ထားတာနဲ့ အတူတူပဲတဲ့။ ဒီသဘောတရားတွေကို ဘဘရဲ့ သမီးလေး သိပြီးသားပါလေ။ တံခါးပိတ်ထားတဲ့ကျောင်းကို မြင်ရတာ ဘဘရင်ထဲ မကောင်းလွန်းလို့ သမီးလေးကိုပဲ မျှော်နေမိတယ်ကွယ်။
ဘဘ
သမီးလေးကို မျှော်နေတာတဲ့လား။ သမီး ပြန်လာခဲ့ပါ့မယ် ဘဘရယ်။ သမီး (၃) နှစ်သမီးအရွယ် မိဘတွေ အက်ဆီးဒင့်ကြောင့် ဆုံးပါးသွားခဲ့ပြီးကတည်းက သားသမီးမရှိတဲ့ ဖေဖေ့အစ်ကို ဘဘက သမီးကို သားသမီးအရင်းလို စောင့်ရှောက်ကျွေးမွေးပြုစုလာခဲ့ရတာ။ ပညာရေး၊ ကျန်းမာရေး လိုလေသေးမရှိ စီစဉ်ပေးခဲ့တာ။ ဘဘ ဆန္ဒကို သမီး မျက်ကွယ်မပြုရက် မငြင်းရက်ပါဘူး။ သမီး အချစ်တွေကို သိမ်းဆည်းပြီး မောင် ပြောတဲ့ ငြမ်းဘ၀ကို အစပြုဖို့ ရွာကို ပြန်လာခဲ့ပါမယ်။
ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း
ကျောင်းဝင်းထဲ ၀င်လိုက်တာနဲ့ သံပြိုင်ဆိုနေတဲ့ ကလေးများရဲ့ အသံကို ကြားရမြဲ။ ဘယ်လောက်ပဲကြားရ ကြားရ စာအံသံလေးများကို ကြားရတိုင်း နှစ်ခြိုက်စွာ နားဆင်မြဲ။
ရွာကို ဖြူ ပြန်လာခဲ့ပြီး ဆရာမရှိတဲ့ ဒီကျောင်းကလေးကို ဖွင့်ပြီး စာသင်ပေးခဲ့တာတွေ။ ဘဘရဲ့ ပံ့ပိုးမှုနဲ့ ဖြူ့ရဲ့ ကြိုးပမ်းမှုကြောင့် အသက်ပြန်ဝင်လာတဲ့ ကျောင်းကလေး တစ်စထက်တစ်စ ပြန်လည်စည်ပင်လာခဲ့တာတွေ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာလို့ အချိန်တိုအတွင်းမှာ အောင်မြင်မှုရခဲ့တာတွေ။ ကျောင်းအားလပ်ရပ်မှာ ကွန်ပျူတာသင်တန်း၊ ဘာသာစကားသင်တန်းတွေ ဖွင့်ပေးနိုင်ခဲ့တာတွေ ဒီနေရာလေးရောက်တိုင်း အနှေးပြကွက်လို တစ်ကွက်ချင်း ပြန်မြင်ယောင်လာမိမြဲ။
ခုချိန်မှာတော့ သူ့ဝန်ထမ်းနဲ့သူ ပြည့်စုံနေပြီဖြစ်လို့ ဖြူက ကိုယ်ပိုင်သင်တန်းမှာ အချိန်ပေးနိုင်ခဲ့ပြီ။ ဖြူ ၀င်သင်စရာမလိုတော့ပေမယ့် အချိန်ရတိုင်း ကျောင်းဘက်ကို လာပြီး လိုအပ်တာတွေ ကူညီပေးနေဆဲမို့ ကျောင်းနဲ့ အဆက်အသွယ်ပြတ်လှတယ်တော့လည်း မရှိ။ ခုလည်း ကျောင်းမှာ အင်တာနက်တပ်ဆင်ဖြစ်တာမို့ လိုအပ်တာတွေလုပ်ပေးဖို့ ကျောင်းကို ရောက်လာခဲ့ရပြန်တာပါပဲလေ။
"ဟော .. မမဖြူ
ချယ်ရီ့ဆီ လာတာလား"
"ဟုတ်တယ် ညီမလေး။ ကွန်ပျူတာတွေ အဆင်ပြေရဲ့လား။ ကွန်ပျူတာခန်းထဲက စက်အားလုံးကို အင်တာနက်သုံးလို့ရအောင် နက်ဝက်ခ်လာချိတ်ပေးရင်းနဲ့ စက်တွေစစ်ပေးမလို့ မမဖြူ လာခဲ့တာ။ ချယ်ရီတစ်ယောက်တည်းဆို ပင်ပန်းနေမှာကို တွေးမိလို့"
"မမလည်း ကွန်ပျူတာသင်တန်းတွေကတစ်ဖက်၊ ဘာသာစကားသင်တန်းတွေကတစ်ဖက် ပင်ပန်းနေမှာပဲနော်။ ဒီကြားထဲ ချယ်ရီတို့ ကျောင်းကို လာလာကူနေရသေးတယ်"
"မပင်ပန်းပါဘူး ညီမလေးရာ။ သင်တန်းအားလုံးမှာ လက်လွှတ်လို့ရတဲ့ တာဝန်ခံတွေ ရှိနေတာပဲ။ မမက စီစဉ်ညွှန်ကြားပေးရုံပဲလေ။ လိုအပ်တဲ့အခါတော့လည်း သင်တန်းဆရာ ၀င်လုပ်ပေးရတာပေါ့။"
"မမကတော့ ဒီရွာရဲ့ မီးရှူးတန်ဆောင်ပါပဲလေ"
ချယ်ရီ့ စကားကို မိုးမိုးကပါ
"ဒီရွာတင် ဘယ်ဟုတ်ပါ့မလဲ မချယ်ရဲ့။ မမဖြူနဲ့ ကျောင်းရဲ့ သတင်းက မွှေးလွန်းလို့ ရုပ်သံကတောင် ရိုက်ကူးရေးအဖွဲ့တွေ လာမယ်လို့ သတင်းကြားတယ်"
"ရုပ်သံအဖွဲ့တွေက နိုင်ငံတကာ ပန်းချီပြိုင်ပွဲမှာ ဆုရတဲ့ကလေး ၂ ယောက်ကို အဓိက လာရိုက်မှာပါ။ မမကတော့ သူတို့ကို သင်ပေးခဲ့တဲ့အတွက် အင်တာဗျူးမှာ နည်းနည်းပါးပါး ဖြေပေးရမှာ။
ဒါနဲ့ ဒီကျောင်းမှာရော အဆင်ပြေတယ်မလား ညီမလေး။ ဘာတွေ လိုအပ်တာရှိသေးလဲ။"
"ပြေပါတယ် မမဖြူ။ အခုလက်ရှိ တွဲဘက်အထက်တန်းကျောင်းကနေ အထက်တန်းကျောင်း (ခွဲ) ဖြစ်ဖို့ လျှောက်ထားတယ်။ ၀န်ထမ်းအသစ်လည်း တောင်းထားတယ် မမ။"
"တံတားဆောက်ပြီးသွားကတည်းက လမ်းပန်းဆက်သွယ်ရေးကောင်းသွားလို့ ၀န်ထမ်းတွေ ပိုမြဲလာတယ်နော် ညီမလေး။ ၀မ်းသာစရာပဲ။"
"ဘဘတို့ ကျောင်းအမှုဆောင်ကော်မတီရဲ့ ပံ့ပိုးမှုတွေလည်း ပါတာပေါ့ မမရယ်။ လာတဲ့ဝန်ထမ်းတွေအတွက် နေစရာအိမ်ကအစ သွားရေးလာရေးအဆုံး ပြည့်စုံအောင် စီမံပေးတော့ တာဝန်ကျတဲ့ ဆရာ/ဆရာမတွေလည်း ဒီမှာ ပျော်တာပေါ့"
“ပျော်သလား မပျော်သလားတော့ မသိဘူး မမဖြူရေ .. မချယ် တောင် ဒီရွာသားနဲ့ ဖူးစာဆုံပြီး ဒီကျောင်းက မခွာနိုင်တော့တာပဲ ကြည့်တော့”
ရောက်တာ မကြာသေးတဲ့ မိုးမိုးနွယ်ရဲ့အပြောကြောင့် ချယ်ရီကလည်း ခွန်းတုန့်မခံ
“စောင့်ကြည့်သေးတာပေါ့ မိုးမိုးရယ်။ နောက်တော့မှ “မချယ်ရယ် မိုးလည်း မချယ်လိုပါပဲ” လို့ ပြောတဲ့အသံ ကြားရမှာ မြင်ယောင်မိသေး”
“ပြောလိုက်ပါလား မိုးမိုးရဲ့ ။ မိုးမိုးစိတ်က ခိုင် မှ ခိုင် လို့။”
“ဟား ဟား ဟား ဟား”
ဆရာမ ဒေါ်မြက စိတ်ခိုင်တာကို ရည်ရွယ်ပြောသလိုလိုဖြင့် ဆရာလူပျိုကြီး ကိုအောင်ခိုင် နဲ့ စတာကို ခံလိုက်ရသဖြင့် မိုးမိုး မျက်နှာလေး ရှုံ့တွတွ ဖြစ်သွားသလို တစ်ခန်းလုံးလည်း ပွဲကျသွားပါတော့သည်။
မောင်ရယ် .. သူများတွေ ပျော်ရွှင်နေကြတာကို တွေ့တော့ ဖြူ ကြည်နူးမိပါတယ်။
အဆင်ပြေနေကြတဲ့ ချစ်သူစုံတွဲလေးတွေ မြင်တဲ့အခါမှာတော့ မောင့်ကို ပိုလွမ်းမိတယ်။
ခရမ်းချဉ်သီးသုတ်စားမိတဲ့အခါတိုင်း ငရုတ်သီးဖတ်လေးတွေ ဖယ်မိနေဆဲ။
လက်ဖက်ရည်ခွက် လာချပေးတဲ့အခါတိုင်း မမွှေမိဘဲ သောက်မိနေဆဲ။
မိုးရွာတိုင်း ထီးမိုးပေးတတ်တဲ့ ဖြူ့ အရိပ်ကလေး မောင့် ကို တမ်းတမိနေဆဲပါ။
မောင် အစားအသောက်တွေကိုလည်း အချိန်မှန်မှန်စားရဲ့လား။
ထွင်ပေးမယ့်သူမရှိဘဲ ငါးဟင်းနဲ့ စားတဲ့အခါ အရိုးများစူးနေမလား။ နှင်းထဲသွားတဲ့အခါမှာ ဦးထုပ်မှ ဆောင်းပါ့မလား။
လက်သည်းတွေ ရှည်လာရင်ရော ညီညီညာညာလေး ညှပ်ဖြစ်ရဲ့လား။
နူးညံ့ပြီး အင်အားရှိတဲ့ မောင့်လက်ချောင်းလေးတွေကို ဖြူ သတိရလိုက်တာ။
မောင်ရော ဖြူ့ကို သတိရရဲ့လား။ လွမ်းနေရဲ့လား။ စူးစူးနင့်နင့် ချစ်နေခဲ့တဲ့ ဖြူ့အလွမ်းတွေ ရောင်ပြန်ဟပ်ပြီး မောင် လည်း ဖြူ့ကို လွမ်းနေမယ်လို့ ဖြူ အလိုလို ယုံကြည်နေမိပါတယ်လေ။
သင်တန်းအတွက် လိုအပ်တဲ့ ကွန်ပျူတာ ပစ္စည်းတွေကို မှာဖို့ မေးလ်ကိုဖွင့်မိတဲ့အခိုက် Triple M ဆိုတဲ့ အကောင့်တစ်ခုကနေ ပို့ထားတဲ့ ရင်ခွင်ဦးသို့ ဆိုတဲ့ မေးလ်တစ်စောင်ကို မြင်လိုက်ရတဲ့အချိန်မှာ ဖြူ့ရင်တွေ အဆမတန် ခုန်လာမိပါတော့တယ်။ မေးလ်ဖွင့်ဖို့ မောက်စ်ကို ထိန်းထားရတဲ့ လက်ကလည်း တုန်တုန်ရင်ရင်။ ဒီအသုံးအနှုန်းက မောင့်နာမည်အတိုကောက် M သုံးလုံးကို ဖြူ ချစ်စနိုး ခေါ်တတ်တဲ့ နာမည်လေးလေ။
မောင် ဖြူ့ဆီကို ဆက်သွယ်လာခဲ့ပြီပေါ့နော်။
ဖြူ
လွမ်းလိုက်တာ ဖြူရယ်။ ဖြူ့ အနားက မောင်ထွက်လာခဲ့တဲ့နေ့က စပြီး မောင် ဖြူ့ကို တစ်နေ့မှ မေ့မရခဲ့ပါဘူး။ အလုပ်လုပ်ရင်း ကျောင်းတက်ရင်းနဲ့ မောင်လည်း နားချိန်မရှိခဲ့တာကြောင့် ဖြူ့ကို ဆက်သွယ်ဖို့ အခွင့်အရေးပြတ်တောက်ခဲ့ရတယ်။ ခုချိန်မှာတော့ အဆင်ပြေနေပါပြီ။ မောင် ဆပ်ရမယ့် ငွေတွေလည်း ကျေလည်ခဲ့ပြီလေ။ ဆက်သွယ်ရခက်ခဲလွန်းတဲ့ ဖြူ့အကြောင်းတွေကို မောင် သိပ်သိချင်ခဲ့တယ်။
ဒီနေ့တော့ မောင့် ဆန္ဒတွေ ပြည့်ဝခဲ့တဲ့ နေ့တစ်နေ့ပေါ့ ဖြူ။ အလုပ်က အပြန် အွန်လိုင်းမှာ လိုအပ်တဲ့ အချက်အလက်တွေကို ရှာရင်းနဲ့ မထင်မှတ်ပါပဲ ၀က်ဘ်ဆိုက် တစ်ခုမှာ ဖြူ့သတင်းကို မောင် ဖတ်လိုက်ရတယ်။ ဖြူ ဖွင့်ထားတဲ့ သင်တန်းကျောင်းရယ်၊ နိုင်ငံတကာပန်းချီဆုရတဲ့ ဖြူ့တပည့်လေး (၂) ယောက် အကြောင်းရယ်။ မောင် ပျော်လိုက်တာ ဖြူရယ်။ တပည့် (၂) ယောက် ရံပြီး ကျောင်းရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို မောင် ကြည့်လို့ မ၀ခဲ့ဘူး။
ဖြူ အောင်မြင်ခဲ့တယ်နော်။ မောင် ဖြူ့ကို ပြောမိခဲ့တဲ့ စကားတွေအတွက် မောင့်ကို ခွင့်လွှတ်ပေးပါ။ ဖြူ့ကို ငြမ်းဘ၀နဲ့ မမြင်ချင်ဘူးလို့ မောင် ပြောခဲ့မိတယ်။ ခုတော့ မောင် နားလည်ခဲ့ပါပြီ ဖြူ။
ဖြူက ငြမ်း ဆိုပေမယ့် ထင်းဖြစ်မယ့် ခပ်ညံ့ညံ့ ၀ါးငြမ်း မဟုတ်ခဲ့ပါဘူး။ အဆောက်အဦးတွေ မြင့်သထက် မြင့်ဖို့ ထိန်းမတ် ရပ်တည်ပေးနေတဲ့ သံမဏိငြမ်းပါ ဖြူ။ အဆောက်အဦး တစ်ခု ပြီးပြည့်စုံပြီး ခိုင်မာလာချိန်မှာ အခြားအဆောက်အဦးတွေအတွက် အဆင်သင့်ဖြစ်နေတဲ့ ကိုယ်တိုင်ကလည်း ပျက်စီးမသွားတဲ့ ငြမ်းပါ။
မောင် ဖြူ့အတွက် သိပ်ဂုဏ်ယူမိတယ်။ အားလည်း ကျမိပါတယ်။ တပြိုင်နက်တည်းမှာပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ် ဖြူ။
မောင် ပြန်လာခဲ့တော့မယ်။ အခု မောင် လက်ရှိရထားတဲ့ အခွင့်အရေး၊ အလုပ်အကိုင် အားလုံးကို စွန့်လွှတ်ပြီး ဖြူ့ဆီရောက်အောင် လာခဲ့တော့မယ်။ ဖြူနဲ့ လက်တွဲပြီး ဖြူ့အလုပ်တွေကို ကူညီချင်တယ်။ မောင် တတ်ထားတဲ့ပညာတွေနဲ့ ဖြူ့အနားမှာ ပါရမီ အတူဖြည့်တော့မယ် ဖြူရယ်။ မောင့် ရင်ခွင်ဦးဆီကို ပြန်လာခွင့်ပြုမှာလား။ မောင့်ကို ကြိုနေမယ် မဟုတ်လား ဖြူ။
မောင်
မေးလ်နဲ့အတူ ပါလာတဲ့ မောင့်ဓာတ်ပုံလေးတွေ ကို ကြည့်ရင်း ဖြူ မျက်ရည်ကျမိတယ် မောင်ရယ်။
ဝမ်းသာလို့ ကျတဲ့မျက်ရည်ဆိုတာမျိုး ဖြစ်မယ်ထင်ရဲ့။
ကြိုနေပါ့မယ် မောင်။ ဖြူ ကြိုနေပါ့မယ်။ မောင် လွမ်းသလို ဖြူလည်း လွမ်းနေခဲ့တာပါ။ တစ်နေ့နေ့ ပြန်လာမယ်လို့ ရင်ထဲက ယုံကြည်နေခဲ့ပေမယ့် ဘယ်တော့ပြန်လာမယ်မသိတဲ့ မောင့်ကို ဖြူ နေ့တိုင်း မျှော်နေခဲ့တာပါ။
စကားလုံးတွေ ရင်ထဲ ပြည့်ကြပ်နေတယ် မောင်ရယ်။ မောင့်ကို ဖြူ ဘယ်လောက် လွမ်းခဲ့ရတယ်။ ဘယ်လို ခံစားခဲ့ရတယ်ဆိုတာတွေ ဖြူ ပြောပြချင်နေမိတယ်။ ဒါပေမယ့် မောင်ရယ် .. ဖြူ့ရင်ထဲက စကားတွေကို စာလုံးတွေအဖြစ် ချရေးမယ်ဆိုရင် တစ်ထောင့်တစ်ညနဲ့တောင် ပြီးမယ် မထင်ပါဘူး။
မေးလ်ကနေ ပို့ဖို့အတွက် Google Mail က ပေးထားတဲ့ Capacity က လုံလောက်မှာ မဟုတ်ပါဘူး မောင်။
ဒါကြောင့်မို့ မောင်ရယ် ဖြူ့ ရင်ခုန်သံတွေကို တန်ဆာဆင်၊ အချစ်တွေ ထုံမွှန်းပြီး မောင့်ဆီကို ကဗျာလေးတစ်ပုဒ်ပဲ ပို့ပေးလိုက်ပါ့မယ်။
မောင်
ဖြူသာ ငြမ်းကလေးဆိုရင်
လိုနေတဲ့နေရာမှာ မတ်မတ်ရပ်
အခြေမပျက် မယိုင်နွဲ့မယ့်
ခိုင်မာတဲ့ သံငြမ်းလေး ပေါ့ ♦♦♦
မောင်
ဖြူသာ ပန်းကလေးဆိုရင်
ရင်ခွင်ဦးကို တမ်းတ
အလွမ်းနေရောင်ခလို့
အမြင်မှာ လန်းပေမယ့်
ရင်နွမ်းနေတဲ့ ပန်းကလေးပေါ့ ♦♦♦
ငြမ်းကလေးဘ၀ နဲ့ အခိုင်အမာ ထမ်းနိုင်ခဲ့ပေမယ့်
ပန်းကလေး လှလှ အမှန်တကယ် လန်းနိုင်ဖို့
မောင့် အချစ်တွေ လိုနေခဲ့ပါတယ် ♦♦
ပြန်ခဲ့ပါတော့ မောင်
မောင် သာလျှင် ဖြူ ရဲ့
ကြင်နာသူ အချစ်ဦး မို့
ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ် ♦♦
♪ ♫ Wherever you go ♫ ♪
♫ ♪ Whatever you do ♪ ♫
♫ ♪ I will be right here waiting for you ♪ ♫
♪ ♫ Whatever it takes or how my heart breaks ♫ ♪
♫ ♪ I will be right here waiting for you ♪ ♫
မောင် ပြန်လာမယ်ဆိုတော့လည်း လောကကြီးက ပိုပြီး ပြည့်စုံသာယာနေသလိုပါပဲလေ ♦♦♦
Richard Marx ရဲ့ Right here waiting သီချင်းလေးက အခန်းထဲမှာ ပျံလွင့်လို့ ♦♦♦
အပင်ထက်က ပိတောက်ဖူးလေးတွေကလည်း ရွာမယ့်မိုးကို ငံ့လင့်လို့ ♦♦♦
သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကလည်း သူမရဲ့ ချစ်ဦးသူတစ်ယောက်ကို စောင့်ကြိုလို့ ♦♦♦
♦♦♦ End ♦♦♦
ခင်မင်လေးစားစွာဖြင့်
သံစဉ်ဖြူဖြူ