Thursday, July 19, 2012

ဝမ်းနည်းခြင်းကွင်းပြင်ထဲက အလင်းပွင့်များ

သက္ကရာဇ် က ၂၀၁၂
ဇူလိုင်လ (၁၉) ရက်
သြော် .. (၆၅) နှစ်တောင် ပြည့်ခဲ့ပါပကော ♦♦
ကိုယ်တိုင် အဖြစ်အပျက်ကို မသိ မမီလိုက်ရပေမယ့်
သိမီသူတို့ရဲ့ ခံစားချက်များကို တဆင့်ကြားရ ♦♦ တဆင့်မြင်ရ သည်မှာ ၀မ်းနည်းဖွယ် အတိပါပဲ ♦♦

ကလေးဘ၀က
အဖေ့ရုံးရှေ့က တလွင့်လွင့်လူနေမြဲဖြစ်တဲ့ နိုင်ငံတော်အလံ တိုင်အပေါ်ထိမရောက်လို့ စူးစမ်းမိတော့
ပြောပြခဲ့တဲ့ အဖေ့ရဲ့ ပါးစပ်ရာဇ၀င်ထဲမှာ ပထမဦးဆုံးအကြိမ် ၀မ်းနည်းခဲ့ဖူးတယ် ♦♦
အဖေ့ရုံးတင် မဟုတ်ဘဲ ကိုယ်နေတဲ့အိမ်အပါအ၀င် ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊
အိမ်တိုင်း အိမ်တိုင်းမှာ နိုင်ငံတော်အလံကို တိုင်တစ်ဝက်ထိ လွှင့်ထူထားပြီး
ဝမ်းနည်းမှုကို ဖော်ပြကြတာကို သိခဲ့ရတယ် ♦♦

မနက်ပိုင်း ထမင်းစားဖို့ ပြင်ဆင်နေဆဲမှာ ရေဒီယိုက လွှင့်တဲ့ ဥသြဆွဲသံကို ကြားရတဲ့အခိုက်
အမေ လုပ်လက်စ အလုပ်ကို ရပ်တန့်
အစ်ကိုတွေ အစ်မတွေကလည်း ရောက်နေတဲ့နေရာမှာ ရပ်တန့်လို့
ကျွန်မကိုလည်း မတ်တပ်ရပ်ပြီး ခဏငြိမ်နေစေခဲ့တယ် ♦♦

ဘာကြောင့်လဲ မေးကြည့်တော့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေရင်းနဲ့ ကျဆုံးခဲ့ရတဲ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်တွေကို ဂုဏ်ပြုတာလို့ သိခဲ့ရပြန်ပါတယ် ♦♦

အရွယ်ရောက်လာတော့ သမိုင်းကြောင်းတွေကို တဖြည်းဖြည်းနဲ့ ပိုသိလာခဲ့ရပေမယ့်
ဥသြဆွဲသံတွေ၊ အခမ်းအနားနဲ့ အလေးပြုရတဲ့ အဖြစ်အပျက်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့တယ် ♦♦

ဒီလိုနဲ့ ညီမလေးတွေ မောင်လေးတွေ ရလာတဲ့အခါမှာ ကိုယ်က အစ်မကြီးနေရာ ရောက်ခဲ့ရတယ် ♦♦
အစ်မကြီး တာဝန်ပေမို့ အသိပညာလေးတွေ လက်ဆင့်ကမ်းတဲ့အခါတိုင်းမှာ
သူတို့ မဆင်နွှဲဖူးတဲ့ အခမ်းအနား ကို အတွေးထဲမှာ မြင်ယောင်စေခဲ့ရတယ် ♦♦
သူတို့ မကြားဖူးတဲ့ ဥသြဆွဲသံ ကို နှလုံးသားနဲ့ နားဆင်စေခဲ့ရတယ် ♦♦

ဘယ်လိုပဲ မြင်အောင် ပြောပြော ဘယ်လောက်ပဲ ကြားအောင် ပြောပြော
သူတို့လေးတွေရဲ့ အသိစိတ်ထဲမှာ စွဲစွဲမြဲမြဲ မရှိမှာ
သမိုင်းတွေ ဝေဝါးသွားမှာ
ကျွန်မ စိုးရိမ်နေမိခဲ့ပါတယ် ♦♦

♦♦♦►►♦◄◄♦♦♦

ဒီနေ့မှာတော့ ကျွန်မ စိုးရိမ်မှုတွေ သက်သာရာ ရခဲ့ပါပြီ ♦
မနက် မိုးမလင်းခင်ကတည်းက ပုဆိုးနဲ့ တိုက်ပုံကို သပ်သပ်ရပ်ရပ် ၀တ်ပြီး အခမ်းအနားသွားဖို့ ပြင်နေတဲ့ မောင်လေးတွေ
တစ်ရက်ကြိုပြီး ပန်းခွေတွေကို ကြိုတင် စီစဉ်နေတဲ့ ညီမလေးတွေ
သူတို့လေးတွေရင်ထဲက အာဇာနည်တွေကို ချစ်တဲ့စိတ်၊ လေးစားတဲ့ စိတ်တွေကို ကျွန်မ မြင်ခဲ့ရပါပြီ ♦♦

ကြည့်လို့မဝ၊ ရှုလို့မဝ တဲ့ မြင်ကွင်းပါပဲ ♦
အာဇာနည်တို့ရဲ့ ဓာတ်ပုံတွေကို ပန်းခွေတွေ၊ ပန်းခြင်းတွေနဲ့ အလှဆင်လို့
ညီညီညာညာနဲ့ တန်းစီလို့ ချီတက်လာကြတာ ♦♦

ကျွန်မ စိုးရိမ်မိတဲ့
ကျွန်မတို့ရဲ့ မျိုးဆက်သစ်ကလေးတွေလေ
မျက်နှာကြည်ကြည်လင်လင်လေးတွေနဲ့ အာဇာနည်တွေကို ဂုဏ်ပြုနေကြတာ ♦♦
သူတို့ မမေ့ကြဘူး၊ သူတို့ မမေ့ကြဘူး၊ သူတို့ မမေ့ကြပါဘူး။

ဥသြဆွဲသံကြားရတဲ့အချိန်မှာ ကျွန်မ သူတို့နဲ့အတူတူ ငြိမ်သက်
အာဇာနည်ခေါင်းဆောင်တွေရဲ့ ဂုဏ်တွေကို ရည်မှန်းလို့
ခေါင်းကိုညွှတ်လို့ အလေးပြုမိတဲ့အချိန်မှာ
ကြွေကျလာတဲ့ မျက်ရည်တစ်စက်
နေရောင်နဲ့ ထိတွေ့တော့ လင်းလက်တောက်ပလို့ ♦♦

►►♦◄◄





►►♦◄◄

ဝမ်းနည်းဖွယ်ရာ ကွင်းပြင်တစ်ခုမှာ
မျှော်လင့်ခြင်းတွေ ရှင်သန်လို့
အလင်းပွင့်တွေ ဖြာဝေနေခဲ့ပါတယ် ♦♦

►►♦◄◄



သံစဉ်ဖြူဖြူ
၁၉.၇.၂၀၁၂ (ကြာသပတေးနေ့)
အာဇာနည်နေ့

No comments:

Post a Comment