လမင်းကွယ်မှ
ငါ့အလင်းကို နင်သိသတဲ့လား
အလှမ်းဘယ်လောက်ဝေးဝေး
စွမ်းသလောက် အလင်းပေးခဲ့တာပါကွယ် •••
►♥◄ နင်နဲ့အတူရှိနေကြတဲ့
ဗိုင်းငင်တဲ့ လုံမပျိုလေးတွေ
ငိုနေတဲ့ကလေးနဲ့ ထမင်းဆီဆမ်းတောင်းပေးတတ်တဲ့ မိခင်တွေ
ဒေါင်ဒေါင်ဒင်ဒင် အသံပေးတဲ့ အုတ်ခုံပေါ်က ဂီတသမားလေးတွေ
ပြေးပြေးလွှားလွှား ထုတ်ဆီးတိုးနေကြတဲ့ ကလေးငယ်တွေ
စိန်ခြူးကြာညောင်ဖွဲ့သီတဲ့ လှိုင်ထိပ်ခေါင်တင်
သူတို့လိုပဲ
ဝင်းပတဲ့ လမင်းရဲ့အလင်းကို
နင်လည်း မျှော်ရင်း နေမယ် ထင်ပါရဲ့•••
►♥◄ မျှော်ပါနဲ့တော့လား ညရယ်
လရောင်မှာ မိန်းမောရင်း
နင်မက်ခဲ့တဲ့ အိပ်မက်တွေရယ်
နင်ကခုန်ခဲ့တဲ့ ကကြိုးတွေရယ်
နင်သီဆိုခဲ့တဲ့ တေးသွားတွေရယ်
နင်ရေးစပ်ခဲ့တဲ့ ကဗျာတွေရယ်
................................
အိုကွယ် ... နင် သိပ်ပင်ပန်းခဲ့ပြီပဲ •••
အိပ်ပါတော့လား ညရယ်
နင် အနားယူပါတော့
လအတွက် အိပ်ရေးပျက်ခဲ့တဲ့ ည
ငါ့ရဲ့ အလင်းလဲ့လဲ့ကလေးခြုံလို့
အေးချမ်းစွာ အိပ်စက်လှည့်ပါတော့ •••
►♥◄ ည ရယ်
လရောင်နဲ့မှ အိပ်မက်လှတယ် ထင်နေသလား
ငါကတော့ နင့်ကို နှစ်ခြိုက်စွာ အိပ်စက်စေမှာပါကွယ်
တကယ့်ဖြစ်ရပ်မဟုတ်တဲ့ အိပ်မက်က မလှလည်း ရတာပဲ မဟုတ်လား •••
ညရယ်
ငါ မေးချင်ပါသေးတယ်
တစ်ခါတစ်ခါ ပြည့်ဝတတ်တာကလွဲလို့
ဆုတ်တစ်ခါ ဆန်းတစ်လှည့် နဲ့
နင့် ဘ၀ထဲ အမြဲမနေနိုင်တဲ့ လ တစ်စင်း ကို
နင် မျှော်လင့်နေဦးမှာလား •••
►♥◄ နင် သိထားလိုက်ပါ ည ရယ်
လ မရှိပေမယ့် ညက လှလျက်ပါပဲ
ငြိမ်သက်စွာ လှပလျက်ပါပဲကွယ် •••
သံစဉ်ဖြူဖြူ
No comments:
Post a Comment