Sunday, June 10, 2012

ဟောင်းနွမ်းသွားခဲ့ရသော အတိတ်ချို


“ဟော နွယ် တစ်ယောက်တည်း ဘာတွေကြည့်ပြီး ပြုံးနေတာလဲ
ဒီအပျိုကြီးတော့ မရိုးတော့ဘူး မနက်ဖြန် လမ်းသစ်ဖွင့်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား”

တစ်ခန်းတည်းနေသူ ကေသီ အခန်းထဲသို့ ၀င်လာရင်း မေးတဲ့ မေးခွန်းကို

“ကျောင်းသူဘ၀က ဓာတ်ပုံတွေ ကြည့်နေတာပါ ကေသီရယ် ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့လည်း အိမ်ကို လွမ်းမိသား”

“အမယ် မောင်တော့်ကိုလွမ်းရင် လွမ်းတယ်ပေါ့
ဘာ အိမ်ကိုလွမ်းတာလဲ
ဟွန်း မသိရင် ခက်မယ်နော်”

“ကေသီမ နော် နွယ် က အိမ်ကို လွမ်းတာ”

“အခြားသူသွားပြောစမ်းပါ နွယ်ရယ်
ကဲ ပြပါဦး နွယ် လွမ်းတဲ့ အိမ်ကို ကြည့်ရအောင်”
ပြောရင်းနဲ့ နွယ့်လက်ထဲက အယ်လ်ဘမ် ကို ဖျတ်ကနဲ ဆွဲယူပြီး ကေသီက တဟားဟား ရယ်ပါတော့သည်။

“ဟားဟား နွယ် လွမ်းတဲ့ အိမ်လေးက ပါးချိုင့်ကလေးနဲ့ပါလားကွ" "ပြောလို့ပြောတာမဟုတ်ဘူးနော် နွယ့် မောင်တော်က တော်တော်လေး ချောတာပဲ ။ ဒါကြောင့်လည်း ဟိုမိန်းကလေးက လက်လွတ်မခံနိုင်တာ။”


“သူတို့က တကယ်ကို လိုက်ဖက်ပါတယ် ကေသီရယ်။ ဒီလကုန် သူတို့ လက်ထပ်ကြတော့မယ်လေ
လင်းတာရာ နဲ့ မြတ်နိုးငယ် တို့ရဲ့ မင်္ဂလာပွဲက နွယ်တို့မြို့လေးမှာတော့ လူတိုင်းအားကျဂုဏ်ယူရမယ့် မင်္ဂလာပွဲ ပေါ့။
သူတို့ သိပ်ပျော်နေကြမှာ ကေသီရဲ့
နွယ့်မှာသာ ….”

ပြောရင်းနဲ့ အလွမ်းရိပ်တွေ ညို့သွားတဲ့ နွယ့်မျက်ဝန်းတွေကို ကြည့်ပြီး ကေသီလည်း သက်ပြင်းချမိတယ်။
လင်းရယ် .. မမတို့ မဆုံဖြစ်ခဲ့ကြရင် ကောင်းမှာနော်။

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥


နွယ့် အတွေးတွေလည်း အတိတ်ကာလတစ်ခုဆီကို လွင့်ပျံ့မိပါတော့တယ်။
“မမ”
ဘုရားတင်ဖို့ စပယ်ပန်းတွေ ခူးနေခိုက် ခပ်တိုးတိုး ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ချိုင့်လေးတစ်လုံးကိုင်ကာ ရပ်နေသော ကောင်လေးတစ်ယောက်
“မေမေ မုန့်ပို့ခိုင်းလို့”
“အေး အေး မောင်လေး .. ဒါနဲ့ မောင်လေးက"
“ဟိုဘက်ခြံကပါ မမ”
"သြော် အန်တီခင့် သားလား .. ဒါဆို လင်းလင်း ပေါ့”
“ဟုတ်ကဲ့ မမ  ..  မေမေက မမကြိုက်တယ်ဆိုလို့ နန်းကြီးသုပ် ပို့ခိုင်းလိုက်တာ”

သွက်သွက်လက်လက် ချက်ချက်ခြာခြာ ပြောတတ်တဲ့ သွားချွန်ချွန်ကလေးနဲ့ ကောင်လေးကို နွယ် မြင်မြင်ချင်းပဲ ချစ်မိသွားပါတယ်
“အို အန်တီခင် က သိပ်ချစ်ဖို့ကောင်းတာပဲ။ မမ က နန်းကြီးသုပ် သိပ်ကြိုက်တာ မောင်လေးရဲ့"
“လင်း လည်း ကြိုက်တယ်မမရဲ့။ မေမေ့လက်ရာ မစားရတာကြာလို့ လုပ်ပေးတာလေ၊ လင်း မနက်ကမှ ရောက်တာ မမ"
"ဟုတ်တယ် အန်တီခင် မမ ကို ပြောထားတယ်။ လင်း ဒီမှာကျောင်းလာတက်မယ်ဆိုတာရယ်၊ လင်းကို စာသင်ပေးဖို့ရယ်"

“ဟုတ်ကဲ့ပါ မမ လင်း က ဒီနှစ် ၈ တန်း တက်ရမှာပါ”

အန်တီခင်က နွယ်တို့ ဘေးအိမ်ကိုပြောင်းလာတာ မကြာသေးပေမယ့် မေမေ နဲ့ လုပ်ငန်းချင်းဆက်စပ်နေလို့ တော်တော်လေးကို ရင်းနှီးနေကြတာပါ။
အဖိုးအဖွားတွေနဲ့ နေတဲ့ လင်းတာရာ ဆိုတဲ့ အန်တီခင့် သားလေးက စာသိပ်ညံ့လို့ ဒီနှစ်ကစပြီး အန်တီခင်က ပြန်ခေါ်ထားမယ့်အကြောင်း
နည်းပညာတက္ကသိုလ်တက်နေတဲ့ နွယ့်လို ဖြစ်စေချင်ကြောင်း
ဖြစ်နိုင်ရင် သူ့သားကို Guide လုပ်ပေးစေချင်တဲ့အကြောင်း နွယ့်ကို အမြဲပြောနေတတ်တော့ ဒီကလေးကို နွယ်က မမြင်ဖူးသေးပေမယ့် အတော်လေးကို ရင်းနှီးနေခဲ့တာလေ။

“ဘယ်လိုလဲ လင်း၊ မမ နဲ့ စာလာသင်မှာလား .... မမ နဲ့စာသင်ရင်တော့ မမ စကားနားထောင်မှ ရမှာ”
“မမ အလိုလိုက်မယ်ဆိုရင်တော့ မမ စကား နားထောင်မယ်”
ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်ပြရင်း ဖြေတဲ့ မင်းလေးကို အလိုလိုက်မိမယ်ဆိုတာ အဲဒီအချိန်က မသိခဲ့ပါဘူးကွယ်။

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

တကယ်တမ်း သင်ကြည့်တော့ လင်းက ထင်သလောက်မညံ့လှပါဘူး။
စာကျက်ပျင်းပေမယ့် ဉာဏ်ထက်တော့ သိသိသာသာပဲ အမှတ်တွေက တက်လာတယ်။
ကျောင်းဆင်းတာနဲ့ နွယ့်အိမ်ဘက်ရောက်လာတတ်တဲ့ လင်း ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သင်ပေးရသလို လင်းကလည်း နွယ့်စကားကို လေးလေးစားစား နားထောင်တတ်တယ်။

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

စက္ကန့်လေးတွေ မိနစ်ဖြစ် မိနစ်လေးတွေ နာရီဖြစ်
အချိန်ယန္တရားခုတ်မောင်းနေရင်းနဲ့
သံယောဇဉ်တွေလည်း တိုးသထက် တိုးလာခဲ့တယ်။
နွယ့်ရဲ့ ဆုပေး ဒဏ်ပေး စနစ်ထဲမှာ သင်ကြားရင်း
ဆူပူရင်း ချော့မော့ရင်းနဲ့ပဲ
လင်းတစ်ယောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေပြီးခဲ့ပါတယ်

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
“မမ ရေ မမ
လင်း အောင်တယ်ဗျ .. အင်္ဂလိပ် နဲ့ သင်္ချာ ဂုဏ်ထူးပါတယ်
မမ ဂတိအတိုင်းပဲနော်
လင်း လိုချင်တာ ဆုချရမယ်”

ပျော်ရွှင်စွာပြောနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ပြီး လင်း မမြင်အောင် သက်ပြင်းခိုးရှိုက်မိပါတယ်။
ဒီနှစ်ထဲမှာ လင်း စိတ်တွေ ယိုင်နေတယ်ဆိုတာကို အနီးကပ်စာသင်ပေးနေရတဲ့ နွယ် သိနေခဲ့တာ ကြာပြီလေ။
လင်းရယ် မင်းလေးက ငယ်သေးတယ်လေ။ စိတ်မကစားချင်ပါနဲ့ကွယ် …

“ကဲ ပြောပါဦး လင်း ရဲ့ မမ ဘာဆုချရမှာလဲ”

“နေဦး မမ၊ ဖေဖေ နဲ့ မေမေ ကို သွားပြောလိုက်ဦးမယ်
မမ ဆီ အရင်လာခဲ့တာ
မမ အဆင်သင့်ပြင်ထား
နောက် ၁၅ မိနစ်နေရင် လင်း လာခေါ်မယ်”

ပြောပြောဆိုဆို ပြေးထွက်သွားတဲ့ လင်းရဲ့ နောက်ကျောပြင်ကို ငေးကြည့်ရင်း ဒုတိယအကြိမ် သက်ပြင်းရှိုက်လိုက်မိပါတော့သည်။

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

“မမ”
“အင်း .. ပြော”
“မမ ဆီက တောင်းမယ့်ဆုကို မမ သိလား”
“ပြောလေ လင်းရဲ့ ... သိပ်ဈေးကြီးတာတွေတော့ မ၀ယ်ခိုင်းဘူးမလား
မမ ပိုက်ဆံ စုထားပါတယ် လင်းရဲ့ လင်း ကို မမ ဆုချရမယ်ဆိုတာ သိပြီးသား"

“မမ ဆီက လိုချင်တာ တစ်ခု ……. တည်း”

စကားကို ဆွဲငင်ပြီး ပြောရင်းနဲ့ နွယ့်ကို မ၀ံ့မရဲ တစ်ချက်ကြည့်ပြီး

“မမ ကို လင်း ချစ်တယ်
လင်းကို ပြန်ချစ်ပါနော် မမ”

“လင်း လေ မမ နဲ့ ကျောင်းတူတူ တက်ချင်တယ်
မမ နဲ့ စာအတူတူလာကျက်နေတဲ့ ဟိုလူတွေကို လင်း ကြည့်မရဘူး
မမ ကို ကြည့်ကြတဲ့ သူတို့အကြည့်တွေကို လင်း မကြိုက်ဘူး
လင်းရဲ့ သူငယ်ချင်းတွေကိုလည်း မမ က လင်းရဲ့ ချစ်သူပါ ဆိုတာ ကြွားချင်တယ်”

တတွတ်တွတ်နဲ့ ပြောနေတဲ့ လင်းရဲ့ စကားတွေကို နားထောင်နေရင်း
မမ လည်း မင်း ကို ချစ်ပါတယ် ကလေးရယ်
ဒါပေမယ့် မမ က ဥယျာဉ်မှူး ပါ လင်း
မမ ပြုစုပျိုးထောင်ပေးတဲ့ ပန်းကလေးက ခုမှ ပွင့်လန်းကာစ ရှိပါသေးတယ် လင်းရယ်
မမ ပန်ဆင်ရက်ပါ့မလား
မခူးရက်ပါဘူး လင်း ….

နွယ် ရင်ထဲကပြောမိတဲ့ စကားများပါ . တကယ်တမ်းပြောဖြစ်တာကတော့

“ဘာပြောတယ် လင်း
မမ ကို ဘာစကားတွေ လာပြောနေတာလဲ
အခုမှ ဆယ်တန်းလေးအောင်ရုံလောက်နဲ့ ဒီကိစ္စတွေ ခေါင်းထဲရောက်နေတာ မမ သိပ်အံ့သြတယ်
မမ အချိန်တွေပေးပြီး လင်း ကို စာသင်ပေးခဲ့တာ ဒီစကားတွေ ပြောတတ်ဖို့လားဟင် ဟုတ်လား
လင်း အောင်စာရင်းထွက်လို့ ပျော်ရွှင်နေတဲ့အချိန်မှာ မမ မဆူချင်ဘူးနော်
ဒီစကားတွေ ပြောတာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ”

“ကဲ အခု ဘာစားမှာလဲ
လင်း စားချင်တာ မမ ကျွေးမယ်
သွားချင်တဲ့နေရာ လိုက်ပို့မယ်
ပြီးရင် ဆုချမယ့် ပစ္စည်းသွားဝယ်ကြမယ်”

“ဘာမှ မလိုချင်ဘူး မမ
လင်း လိုချင်တာမှ မရရင် မမ ဆီက ဘာမှ မယူဘူး
မမ ကို စော်ကားတယ်လို့ ထင်သွားရင်တော့ လင်း တောင်းပန်တယ်
ဒါပေမယ့် လင်း တကယ်ပြောနေတာ
ခုလို စာကြိုးစားခဲ့တာလည်း မမ သင်ပေးခဲ့လို့
မမ ပြန်မချစ်ဘူးဆိုရင် လင်း ကျောင်းဆက်မတက်တော့ဘူး
ဘာ ဘွဲ့မှလည်း မယူတော့ဘူး မမ”

“ဘာပြောတယ် လင်း၊
မမ စေတနာတွေက ဘယ်ရောက်သွားပြီလဲ လင်း
သွားတော့ လင်း
မမ ရှေ့ကနေ အမြန်ဆုံးထွက်သွားတော့
ဘယ်တော့မှလည်း မလာခဲ့နဲ့”

ညဘက်ရောက်တော့ နွယ် တော်တော်နဲ့ အိပ်မပျော်နိုင်
လူးလူးလိမ့်လိမ့်နဲ့ အတွေးတွေက တောင်စဉ်ရေမရ
မျှော်လင့်ခြင်းကြီးစွာနဲ့ ကြည့်လာတဲ့ လင်း ရဲ့ မျက်ဝန်းတောက်တောက်လေးတွေကိုပဲ မြင်ယောင်မိတယ်
ရှိသမျှအားတွေ အကုန်ထုတ်သုံးပြီး ငြင်းခဲ့ရတာပါ ကလေးရယ်

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

လင်း ရဲ့ ဆိုင်ကယ်သံကို ခုထိ မကြားရသေးဘူး
မမ ရင်တွေ ပူနေပြီ လင်းရယ်
တကယ်ပဲ မမ ရှေ့ကို မလာတော့ဘူးလား
စိတ်ထင်ရာတွေ လျှောက်မလုပ်ပါနဲ့ လင်းရယ်
မမ လင်းကို သိပ်ချစ်ပါတယ်

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

နောက်နေ့ကစပြီး လင်း ကို သူ့အိမ်မှာ မတွေ့ရတော့ပါ။
လူကို မမြင်ရပေမယ့် လင်း ရဲ့ သတင်းဆိုးတွေကို ကြားနေခဲ့ရတယ်။
အရက်ဆိုင်မှာတွေ့ခဲ့တယ်ဆိုတာကတစ်မျိုး
ဆေးသမားလေးတွေနဲ့ ပေါင်းနေတယ်ဆိုတာ တစ်ဖုံ။
တက်လက်စ သင်တန်းတွေကိုလည်း တစ်ခုမှ မသွား။
ဘာလိုလိုနဲ့ ကျောင်းလျှောက်ရမယ့်အချိန်ရောက်လာတဲ့အချိန် လင်း က အချိုးမပြောင်း၊
ကျောင်းတက်ဖို့ ဘာဆိုဘာမှ ပြင်ဆင်ခြင်းမရှိတော့ နွယ် စိတ်ပူလာပါတယ်။
တကယ်တမ်းကျတော့ နွယ်လည်း မနေနိုင်ဘူးလေ။
လင်း ရှိတဲ့ နေရာအထိ လိုက်သွားရတော့တာပေါ့

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

“လင်း”
“ဟာ မမ
မမ လင်း ဆီ ဘာလာလုပ်တာလဲ”
“မလာလို့ရမလား လင်း၊
အခု လင်း ဘာတွေလုပ်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ
အခု တစ်ခါတည်း အိမ်ပြန်လိုက်ခဲ့
ကျောင်းတွေလည်း ဖွင့်တော့မယ်၊ အန်တီခင်လည်း စိတ်ဆင်းရဲနေရတယ် လင်း”
“မမ ကို လင်း ပြောထားသားပဲ
မမ ချစ်သူဖြစ်ခွင့်ရမှ လင်း ကျောင်းတက်ပါမယ်ဆိုတာ
မမ မှ လင်းကို မချစ်တာ
လင်း ပြန်မလိုက်ဘူး မမ
မမ မှ မချစ်တာ ပစ်ထားလိုက်ပါ မမ ရယ်”

စက်ဆီတွေ ပေနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ရင်း နွယ့်စိတ်တွေ ထိန်းရခက်လာမိတယ်။ ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးတွေလည်း ကွမ်းသွေးကြောင့် အရင်လို ဖွေးဖွေးမလက်တော့။ ပိန်သွားလိုက်တာ လင်းရယ်။
ထမင်းမှ အချိန်မှန်မှန် စားဖြစ်ရဲ့လား။ အိပ်ချိန်တန်တဲ့အချိန်မှာရော အိပ်ရဲ့လားကွယ်။

"ပြန်ပါ မမ ။ မမ ချစ်သူမဖြစ်ရဘဲနဲ့ လင်း ကျောင်းဆက်မတက်နိုင်ဘူးလို့ ဆုံးဖြတ်ထားတာမို့ လင်းဘ၀နဲ့ လင်း ရှိပါစေ၊ "

မမ ဘယ်လို အင်အားနဲ့ ငြင်းရမလဲကွယ်။ ငယ်သေးတဲ့ လင်းရဲ့ အချစ်ကို မယုံရဲပေမယ့် မမ ဆက်ပြီး မငြင်းရက်တော့ပါဘူး

“ကဲပါ .. လင်းရယ်။ လင်းကို မမ ချစ်ပါတယ်။ အိမ်ပြန်လိုက်ခဲ့တော့နော်
မမ တို့ ကျောင်းအတူတက်ကြမယ်”

“ဟာ ..  မမ
တကယ်ပြောတာလား
ဝမ်းသာလိုက်တာဗျာ"

"မမ ရာ ချစ်နေရဲ့သားနဲ့များ လင်းကို နှိပ်စက်တယ်ဗျာ”

လင်း သိပ်ပျော်နေတာကိုကြည့်ပြီး နွယ့် ပူပန်စိတ်တွေလျော့ကျပြီး လိုက်ပျော်လာမိတယ်။
မမ ဆုံးဖြတ်ချက်တွေမှားခဲ့ရင်တောင် လင်း အခုပျော်နေတာလေးတစ်ခုတည်းနဲ့ နောင်တမရမိအောင် ကြိုးစားတော့မယ်
မမ ထိန်းသိမ်းလာခဲ့သမျှမာန နဲ့ သိက္ခာကို လင်း ရဲ့ ရယ်သံချိုချိုလေးနဲ့ လဲလိုက်ပါတော့မယ်

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

လင်း နဲ့ နွယ် ချစ်သူတွေဖြစ်ကြပေမယ့်လည်း ထူးထူးခြားခြားပြောင်းလဲသွားတာမျိုး မရှိပါဘူး။
သူ့ကိုယ်သူ လင်း ဆိုတဲ့ နာမည်ကိုထည့်ပြီးပြောတတ်တဲ့ လင်းက သူငယ်ချင်းတွေ ၀ိုင်းပြောကြလို့ ကျွန်တော်လို့ ပြောင်းသုံးလာခဲ့ပြီး
ကျောင်းသွားကျောင်းပြန် အတူတူ အမြဲပါနေတတ်တဲ့ လင်းကြောင့် နွယ့်နားမှာ ရစ်ဝဲနေတဲ့ ပျားပိတုန်းတွေ အဝေးရောက်သွားကြတာက လွဲရင် နွယ့် တို့နှစ်ယောက်က အရင်ပုံစံအတိုင်းပါပဲ။
ပထမနှစ်ကျောင်းသားလေး လင်း က အတန်းချိန်နည်းနည်းအားတာနဲ့ နွယ်ရှိတဲ့ B.E တန်းဘက် ရောက်ရောက်လာတတ်သလို နွယ်ကလည်း အမြဲ မျှော်နေတတ်ခဲ့တယ်။
နွယ်ယူတဲ့ မေဂျာကိုပဲ ယူတာမို့ လင်း နားမလည်တဲ့စာတွေကို ရှင်းပြပေးရင်း နွယ်လည်း သီအိုရီတွေ ပိုကျေညက်ခဲ့ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်  လင်းနဲ့ အတူတူ ရှိနေခဲ့ရတဲ့ အဲဒီအချိန်လေးတွေက နွယ့်ဘ၀ရဲ့ အလှပဆုံးအချိန်တွေပါပဲလေ ~~

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

“နွယ် … နင့် မောင်တော်ကို တက္ကသိုလ်ဘက်မှာ တွေ့တွေ့နေတယ်နော်"
"သူ့သူငယ်ချင်းတွေဆီ သွားတာပါ သဉ္ဇာရယ်၊ နွယ့်ကို ပြောသွားပါတယ်"
"အာကာ့ဆီသွားတယ်လို့ နင် ထင်နေတာလား နွယ်၊ ငါ တွေ့တာ အခြားတစ်ယောက်နဲ့နော်
ငါ ဒီလိုစကားမျိုးတွေ မပြောချင်ဘူး။ ဒါပေမယ့် ပိုဆိုးမလာခင် ငါ ပြောထားရတာနွယ်
လင်းလင်း က သင်္ချာက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ
နင် လွှတ်မထားသင့်ဘူး
ဟိုက ငယ်ငယ်ချောချောလေး”
“အင်းပါ သဉ္ဇာရယ်၊ ငါ နင့်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ လင်း ကို ယုံတယ်”
“အေး နင် ယုံရင်လည်း ပြီးတာပဲ နွယ်၊ ငါတို့က ဘေးလူပါ၊ ဒီထက်ပိုပြီး မပြောတတ်တော့ဘူး”
“အေးပါ သူငယ်ချင်းရယ်”

ဟန်လုပ်ပြီးသာပြောလိုက်ရပေမယ့် ရင်ထဲမှာတော့ တစ်စုံတစ်ရာကို ခပ်ရေးရေး မြင်နေပါပြီ။
တွတ်တီးတွတ်တာအမြဲလုပ်တတ်တဲ့ လင်းတစ်ယောက် စကားတွေ နည်းသွားတာ
ကျောင်းက အပြန် ဆိုင်တစ်ဆိုင်မှာ တစ်ခုခု ၀င်စားဖြစ်တဲ့ ရက်တွေ ကျဲသွားခဲ့တာ
အတန်းချိန်ကလွဲရင် တောက်တဲ့လေးလိုတွယ်ကပ်နေတတ်ရာကနေ လှစ်ကနဲ လှစ်ကနဲ့ ပျောက်ပျောက်သွားတတ်တာ
စာလာကျက်မယ့်အချိန်တွေကို ပျက်ကွက်နေခဲ့တာ
မျက်ဝန်းထဲမှာ ဝေခွဲရခက်တဲ့ အရိပ်တစ်ခု ရှိနေခဲ့တာ
မသိမသာ ပြောင်းလဲနေတဲ့ လင်း ရဲ့ အပြုအမူတွေကို မမ သတိထားမိခဲ့တာ ကြာခဲ့ပါပြီ။

မမ ဘာလုပ်ရမလဲ လင်းရယ်
မမ မင်း ကို သိပ်ချစ်ပါတယ်
ဒါပေမယ့် မမ က မင်းအတွက် နှောင်ကြိုးတော့ မဖြစ်ချင်ဘူး။ ဘယ်တော့မှ မဖြစ်စေရပါဘူးကွယ်။

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
"မမ အလုပ်ဝင်တော့မယ်ဆို"
"ဟုတ်တယ် လင်း
မမ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ထားတာ ရတယ်။ အင်္ဂါနေ့ အလုပ်စ၀င်ရမယ်။ သန်ဘက်ခါမနက်သွားဖို့အတွက် ကားလက်မှတ်မှာထားပြီးပြီ"
"မမ အဲဒါတွေ ကျွန်တော့်ကို ဘာလို့မပြောတာလဲ"
"ပြောဖို့ကို လင်း မှ မအားတာကွယ်
မမ ဆီကို လင်း မလာတာ ဘယ်လောက်ကြာသွားပြီလဲ ပြန်စဉ်းစားပါဦး လင်းရဲ့"
နွယ် အခုလို ပြောလိုက်တော့လည်း မျက်နှာပျက်ယွင်းစွာနဲ့
"မမ ရယ် ကျွန်တော်လေ .. အခု ….."
"မမ အားလုံးသိပါတယ် လင်း
လင်း တက္ကသိုလ်ကို သွားသွားနေတာရော
မြတ်နိုးငယ် ဆိုတဲ့ ကောင်မလေးနဲ့ တွဲနေတာရော
မမ အားလုံး သိပြီးသွားပြီ လင်း"
“ဗျာ မမ ... ကျွန်တော် တောင်းပန်ပါတယ် မမ
ကျွန်တော်လေ ..”
“မလိုပါဘူး လင်းရယ် တောင်းပန်ဖို့ မလိုပါဘူး”
“မမ နားလည်ပါတယ်

တကယ်တော့ မမ တို့ စိတ်အလိုလိုက်ခဲ့ကြတာပါ
နီးစပ်မှုကို သာယာခဲ့ကြတာ လင်းရဲ့
လင်းကလည်း စိတ်ကစားပြီး မမ ကို ချစ်တယ်ထင်ခဲ့တယ်
မမ လည်း ဒီလိုပဲ

လင်း ကို မောင်လေးတစ်ယောက်လိုပဲ ချစ်ခဲ့တာ ဖြစ်မှာပါ
မေမေက သမီးတစ်ယောက်တည်းမွေးထားခဲ့တော့ လင်းကို အရမ်း ခင်တွယ်သွားမိတာကို ချစ်တယ်လို့ ထင်ခဲ့မိတာ၊
ပြီးတော့ လင်းက မမ စကားအမြဲနားထောင်တတ်တယ်လေ
မမ စကားအမြဲနားထောင်တဲ့ လင်း ကို မမ လက်ခံခဲ့မိတာပါ”

“မမ တကယ်နော်
ကျွန်တော် ၀မ်းသာလိုက်တာ မမ ရာ
ကျွန်တော် မမ ကို သိပ်ချစ်တာပါ
ကျွန်တော် လိုသမျှတွေကို မမ က အမြဲဖြည့်ဆည်းပေးခဲ့တော့ မမ မရှိရင် မနေတတ်သလိုတွေ ဖြစ်ခဲ့တာ
တကယ်တော့ မမ ပြောသလိုပဲ ကျွန်တော့် မှာ အစ်မ မရှိခဲ့လို့ ချစ်သူတစ်ယောက်လို ချစ်တယ်လို့ ထင်ခဲ့တာဖြစ်မယ်နော်
ကျွန်တော်လေ မမ ကို ချစ်လည်းချစ် အားလည်း အားကိုးခဲ့တာ မမ ရဲ့”

“အခု မြတ်နိုး နဲ့တွေ့မှ ကျွန်တော်လေ ကျွန်တော် ... "

“မမ နားလည်ပါတယ် လင်းရယ် ။ မမ ကို နောက်ဆံမတင်းနဲ့။
မမ နဲ့ လင်း က အမြဲတမ်း မောင်နှမတွေပဲပေါ့ လင်းရယ်။
လင်း ဘာကိစ္စပဲရှိရှိ မမ ကို တိုင်ပင်ပေါ့ ဟုတ်လား

ကဲ လင်းရေ မိုးချုပ်နေပြီ မမ တို့ ပြန်ကြစို့
မနက်ဖြန်လည်း မတွေ့တော့ဘူးနော်
မမ တစ်ခါတည်း နှုတ်ဆက်တယ်
သန်ဘက်ခါ ခရီးထွက်ဖို့အတွက် မမ ပြင်ဆင်စရာတွေ ရှိသေးတယ်
ဟိုရောက်လို့ အခြေအနေပေးရင် မမ ဖုန်းဆက်မယ်နော်
လင်း လိမ်လိမ်မာမာနေ ဟုတ်ပြီလား
မြတ်နိုးလေးကိုလည်း ဂရုစိုက်”

“ဟုတ်ကဲ့ပါ မမ
မမစကားကို ကျွန်တော် နားထောင်မှာပါ”

သြော် လင်း ရယ်
မောင်အရင်းတစ်ယောက်လို ချစ်ခဲ့တယ်လို့သာ တစ်သက်လုံး မှတ်သွားပါတော့ကွယ် ..

                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥

ဘာလိုလိုနဲ့ လင်း အနားကနေ မမ ထွက်လာပေးခဲ့တာ အတော်ကြာခဲ့ပြီနော်
အလုပ်လုပ်ရတာ အဆင်ပြေပါတယ် လင်း
လမ်းဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့ လင်းရယ်
အခု မမ ထန်းပင်စု ဆိုတဲ့ ရွာကလေးမှာလေ
ရွာထဲကနေ မြို့ကို သွားတဲ့လမ်းအသစ် ဖောက်တဲ့ လုပ်ငန်းခွင်မှာပေါ့
မနက်ဖြန်မှာ ဖွင့်ပွဲ လုပ်ဖို့ မမတို့ အလုပ်တွေရှုပ်နေကြတာ
ဒီလမ်းသစ်က လမ်းကြောင်းလည်းတိုသွားတယ်။ မြေသားလည်း ပိုမြင့်တယ်။

ရွာကနေ မြို့ကို ကျောင်းတက်ရမယ့်ကျောင်းသားတွေ၊ ကုန်စည်ပို့တဲ့သူတွေအတွက် အရင်ထက် ပိုပြီး အဆင်ပြေတော့မှာလေ
ဒီရွာအတွက် အရေးပါမယ့် လမ်းဖြစ်လာမှာပေါ့ လင်းရယ်
ဒီလမ်းဖွင့်ပြီးသွားရင်တော့ ကွေ့ပတ်ပြီးသွားရတဲ့ အရင်လမ်းဟောင်းကို သူတို့ သုံးဖြစ်ကြတော့မယ် မထင်ဘူး။

                                                                            ♥ ♥ ♥ ♥ ♥ ♥ ♥
“ဟော နွယ်
ခုထိ ရေမချိုးသေးဘူးလား ကေသီတောင် ရုံးကနေ တစ်ခေါက် ပြန်လာပြီ။ ဓာတ်ပုံတွေကြည့်ရင်းနဲ့ အယ်လ်ဘမ်ထဲတော့ ၀င်မသွားပါနဲ့ ဒေါ်နွယ်သာကီရယ်”
“မဟုတ်ပါဘူး ကေသီရယ် နွယ် စဉ်းစားနေတာ
မနက်ဖြန် နွယ်တို့ ဆောက်ခဲ့တဲ့ လမ်းသစ်ဖွင့်ပြီးသွားရင် အားလုံးက ဒီလမ်းကပဲ သွားကြတော့မှာလေ
မျက်နှာငယ်နေမယ့် အရင်လမ်းဟောင်းလေးကို သနားမိလို့ပါ”

“ဖြစ်ရလေ နွယ်ရယ်
ပိုကောင်းပြီး အရေးပါတဲ့ လမ်းသစ်ရှိမှတော့ လမ်းဟောင်းကို ဘယ်သူက သုံးတော့မှာလဲ အင်ဂျင်နီယာမကြီးရဲ့၊
ကဲကဲ ရေချိုးတော့။ အတွေးတွေ သိပ်မများနဲ့။”

ဟုတ်တယ်နော် လင်း
ပိုမိုကောင်းမွန်တဲ့ အသစ်ကိုတွေ့ရင် အဟောင်းကိုမေ့သွားတတ်ကြတယ် ..
ဒါကလည်း လောကဓမ္မတာတစ်ခု ဆိုတာ မမ သိပါတယ်လေ ...
ဒါပေမယ့် လင်းရယ် .. သက်မဲ့ပစ္စည်းတွေ ဟောင်းနွမ်းသွားခဲ့ရတာ ဘာမှ မထူးခြားပေမယ့်
 မနွမ်းပေမယ့် ဟောင်းသွားရခဲ့ရတဲ့ သက်ရှိလူသားတစ်ယောက်ရဲ့ နှလုံးသားကတော့ ....

                                                                             ♥ ♥ ♥ End ♥ ♥ ♥

ဘလော့တစ်ခုမှာ ဖတ်မိတဲ့ ကဗျာတစ်ပုဒ်ကို ခံစားပြီး ရေးဖြစ်ခဲ့တာပါ …
ပို့စ်ခေါင်းစဉ် ရွေးပေးတဲ့  သူငယ်ချင်း ကဗျာဆရာမလေး နွေဦးသခင် အား ကျေးဇူးအထူးတင်ပါကြောင်း …

                                                                                                                   သံစဉ်ဖြူဖြူ
                                                                                                                  ၁၅.၇.၂၀၁၁

No comments:

Post a Comment