Wednesday, May 2, 2012

ငါတို့ရဲ့ ကောင်းကင်

ကောင်းကင်မှာလေ ••••

♥ လှပစွာ မျောလွင့်ရင်း လေနှင်ရာ ပြေးတဲ့ ဖြူလွလွ တိမ်မျှင်ကလေးတွေ ရှိတယ် •••

♥ တစ်ခါတစ်လေ အုံ့မှိုင်းတတ်တဲ့ ငွေရောင်အနားကွပ်တွေနဲ့ တိမ်တိုက်လေးတွေရှိတယ် •••

♥ စူးရှတဲ့ အလင်းရောင်နဲ့ ပြည့်ဝတဲ့ စွမ်းအင်ကို ပေးလို့ ထိန်ထိန်လင်းနေတဲ့ နေမင်းကြီး ရှိတယ် •••

♥ ဆုတ်တစ်လှည့် ဆန်းတစ်ခါ နဲ့ မသာလည်းတ သာလည်းတ အားလုံးက ချစ်ကြတဲ့
လကလေး တစ်စင်းရှိတယ် •••

♥ ဘယ်လောက်ပဲ ဝေးဝေး စွမ်းသလောက်အားနဲ့ အလင်းပေး တောက်ပတဲ့ ကြယ်ကလေးတွေ ရှိတယ် •••

♥ အပ်ဖျားလေးတစ်ထောက်စာကိုတောင် ထိမိမှာကြောက်တဲ့ တရွေ့ရွေ့ တက်လာတဲ့
ရောင်စုံ မိုးပျံပူဖောင်းလေးတွေလည်းရှိတယ် •••

♥ ဟိုမှဒီ ဒီမှဟို အထိုထိုသို့ ကူးကာသန်းပို့ စက်တပ်လေယာဉ်အချို့လည်း ရှိတယ် •••

♥ ထိန်းကျောင်းသူ ကိုယ်စီနဲ့ ဝေဟင်မှာ ပျံကာဝဲလို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ တိုက်ပွဲဝင်ပေးနေကြတဲ့ စက္ကူစွန်ကလေးတွေလည်း ရှိတယ် •••

♥ လေဟုန်ကိုစီး ဝေဟင်ခရီးကို ကိုယ့်တောင်ပံကိုယ်ခတ် အားမာန်အပြည့်နဲ့ ပျံသန်းနေတဲ့ တကယ့်စွန်ရဲကြီးတွေ ရှိတယ် •••

♥♥ ငါတို့ ကောင်းကင်ထဲမှာ
    အရောင်အသွေး စုံတယ်
    အရွယ်အစား စုံတယ်
    အနေအထား စုံတယ်

♥♥ အချို့က ရင့်ကျက်လို့ အချို့က နုနယ်တယ် •••
     အချို့က နွေးထွေးလို့ အချို့က အေးဆေးတယ် •••
     အချို့က တောက်ပလို့ အချို့က နွမ်းလျတယ် •••

♥♥ ထည်ဝါတဲ့ အလှရှိသလို စုံလင်တဲ့ ရသ ရှိတယ် •••
     ဟာသတွေ ရှိသလို (တစ်ခါတစ်ရံ) မာနတွေလည်း ရှိတယ် •••
     ပူပင်စရာတွေ ရှိသလို ပျော်ရွှင်စရာတွေလည်း ရှိတယ် •••

♥♥ ကိုယ့်နေရာမှာ ကိုယ်နေကြရင်း
     ကိုယ့်ကာရန်ကို ကိုယ်ရှာကြရင်း
     ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးကြရင်း
     ကောင်းကင်ထဲမှာ ငါတို့ (အမှတ်မထင်) ဆုံခဲ့ကြတယ် •••

                                                                       သံစဉ်ဖြူဖြူ

No comments:

Post a Comment