Thursday, December 8, 2011
ဖန်တီးဖြစ်ခဲ့တဲ့ အဖြူရင့်ရင့် ပြဇာတ်တစ်ပုဒ်
►♥◄ အဖြူရောင် ကကြိုးနဲ့ အသုံးတော်ခံချိန်မှာ
ဇာတ်ရုပ်တွေ ပီပြင်ဖို့အတွက်
ဒီပြဇာတ်မှာ
ငါ
မိတ်ကပ်ပါးပါးတော့ လိမ်းထားပါရစေ ♦♦♦
►♥◄ ကန့်လန့်ကာရဲ့ နောက်ကွယ်မှာတော့
မိုးလေ၀သမကောင်းတဲ့ မုခ
သိမ်မွေ့တဲ့အပြုံးတစ်ခုကို
ကြိုးစားပမ်းစားတပ်ဆင်ရင်း
အရှိန်အဟုန်ပြင်းထန်နေတဲ့ မြစ်တစ်စင်းကို
အစွမ်းကုန် ဟန့်တားဖို့ပြင်နေလေရဲ့ ♦♦♦
►♥◄ မငိုပါဘူး
ငါ မငိုပါဘူးကွယ်
နင် မမြင်ချင်ယောင်ဆောင်ရက်ခဲ့တဲ့ ငါ့ရင်
ငါ မမြင်သာအောင် ကွယ်ဝှက်ခဲ့တဲ့ နင့်ရင်
သံစဉ်တွေ ညီညာ နေခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးတွေနဲ့တင်
ငါ နေသာအောင် နေလိုက်ပါ့မယ် ♦♦♦
►♥◄ ဘ၀ ဆိုတဲ့ ကစားပွဲကြီးမှာ
အချစ် က ကျန်းမာရေးချို့တဲ့နေမှတော့
အရန်အဖြစ်ပဲ ထားရတော့မှာပေါ့
အချစ်မပါတဲ့ဘ၀က
ဆားမပါတဲ့ ဟင်းလို
ပေါ့ပြက်ပြက်ဖြစ်နေခဲ့မယ်ဆိုရင်တောင်
အဆာတော့ ပြေလိမ့်မယ် ထင်ပါရဲ့ ♦♦♦
►♥◄ ကဲပါလေ
တုန်ရီလှိုက်မောဆဲ ပန်းနုရောင်တေးသွားတွေ
ပြာလဲ့လဲ့ မီးရောင်အောက်က ပဉ္စလက်ဆန်တဲ့ ကကွက်ဆန်းတွေ
ရပ်တန့်ပစ်ဖို့ အချိန် ရောက်ခဲ့ပါပြီ ♦♦♦
►♥◄ အခု တင်ဆက်မယ့် ပြဇာတ်မှာ
မီးရောင် လင်းလင်းချင်းချင်းအောက်ကိုဝင်
ဖြူလွလွ ၀တ်ရုံလေးခြုံလို့
တည်ငြိမ်တဲ့ သံစဉ်မှာ ပီပြင်စွာ သရုပ်ဆောင်ရတော့မယ် ♦♦♦
►♥◄ ဒါကြောင့်
ရင်နာတာတွေ အသာထား
ငါ မိတ်ကပ်ပါးပါးတော့ လိမ်းပါရစေကွယ် ♦♦♦
သံစဉ်ဖြူဖြူ
5.12.11
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
မငိုပါဘူး
ReplyDeleteငါ မငိုပါဘူးကွယ်
နင် မမြင်ချင်ယောင်ဆောင်ရက်ခဲ့တဲ့ ငါ့ရင်
ငါ မမြင်သာအောင် ကွယ်ဝှက်ခဲ့တဲ့ နင့်ရင်
သံစဉ်တွေ ညီညာ နေခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးတွေနဲ့တင်
ငါ နေသာအောင် နေလိုက်ပါ့မယ် ♦♦♦ ကြိုက်မိတဲ့ အရေးလေးပါ....တော်တယ်..သံစဉ်....
ပါးပါးပဲလိမ်းပါ အစ်မရယ် .. သိပ်ထူရင်တော့
ReplyDeleteကောင်လေးတစ်ယောက်ရဲ့ မျက်ရည်က ကဗျာတွေလည်း ဖြစ်သွားတတ်တယ် ..