Friday, December 9, 2011

ဒီဇင်ဘာမှာ မိုးရွာနေတယ် ကိုကို

သစ်ရွက်ကလေးတွေ စိမ်းလန်း

ပန်းကလေးတွေ မွှေးပျံ့

လမ်းကလေးတွေ ရှင်းသန့်

နှင်းရနံ့ က တစ်စ တစ်စ တိုးဝင်

လောကတခွင် ကြည်လင်သာလို့

ဒီဇင်ဘာမှာ မိုးရွာနေပါတယ်  ♦♦♦





ဒီဇင်ဘာမှာ မိုးရွာနေတယ် ကိုကို။
အခါတော့လွန်ခဲ့ပြီပေါ့။
ဒါပေမယ့် သီးနှံဖျက်တဲ့ မိုးမဟုတ်ရပါဘူး။
ပန်းကလေးတွေ လန်းဆန်း စိုပြေရုံရွာတဲ့ မိုးပြေးနုနုလေးပါ။
မိုးရေဖြန်းလို့ မြင်မြင်သမျှ အရာအားလုံး စွတ်စိုလှပလို့။

မိုးရွာရင် ပိုသတိရတယ်လို့ ပြောတတ်တဲ့ကိုကိုတစ်ယောက် ဘယ်များရောက်နေသလဲကွယ်။
အချိန်တိုင်းမဟုတ်ပေမယ့် ကိုကို့ကို ငယ် သိပ်လွမ်းနေပါတယ်။

ငယ်နဲ့ ကိုကို စသိခဲ့တာလည်း မိုးရွာနေတဲ့အချိန်မှာပဲလေ။
မိုးအေးအေးနဲ့ ဘယ်မှ သွားချင်စိတ်မရှိလို့ အွန်လိုင်းမှာ အချိန်ဖြုန်းဖို့ စီစဉ်တဲ့နေ့တစ်နေ့မှာပေါ့။
သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ အွန်လိုင်းမှာ သိခဲ့ရတဲ့ ငယ်တို့နှစ်ယောက်ရဲ့ နိဒါန်းက သိပ်တော့ မထူးဆန်းပါဘူးနော်။
မိတ်ဆက်ပေးတဲ့ သူငယ်ချင်းပြောပြထားလို့ ကိုကို တော်တယ်ဆိုတာ ကြိုသိထားခဲ့ရပေမယ့် ငယ် သိပ်ချစ်သွားမိမယ်လို့တော့ ထင်မထားခဲ့ပါဘူး ကိုကို ။

မှတ်မှတ်ရရ ကိုကို စပြီး မိတ်ဆက်တဲ့အချိန်မှာ ငယ်က ဂိမ်းတစ်ခုထဲမှာ နစ်နေခဲ့တာ။
ဘယ်သူ့ကိုမှ စကားကောင်းကောင်းပြန်မပြောခဲ့တဲ့ ငယ့်ကို စကားတွေ အများကြီးပြောလာအောင် ကိုကို က ဆွဲဆောင်နိုင်စွမ်းရှိခဲ့တယ်။
ညာမပြောတတ်တဲ့ ငယ့်ကို ကိုကို က သဘောကျသွားခဲ့တယ်ဆို။
အတူတူပါပဲ ကိုကိုရယ်။
စကားပြောကောင်းတဲ့ ကိုကိုကလည်း ငယ့်အတွက် မင်းသားလေးတစ်ပါး ဖြစ်မှန်းမသိဖြစ်လာခဲ့တာပါ။
ဒီလိုနဲ့ ငယ့်ရဲ့ နေ့ရက်တွေတိုင်းမှာ ကိုကို့ကို မျှော်နေမိခဲ့တယ်လေ။

ကိုကို နဲ့ စကားများများ ပြောဖြစ်လာတော့ ကိုကို့ အကြောင်းတွေ သိခဲ့ရတယ် ။
သာမန်မိသားစုကနေ ဆင်းသက်လာတဲ့ ကိုကို
မောင်နှမတွေအားလုံးရဲ့ ရှေ့ဆောင်လမ်းပြ ကိုကို
ဥာဏ်ရည်မြင့်မားတဲ့ ကိုကို
ပညာရေးကို အဓိက ထားတဲ့ ကိုကို
အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တဲ့ ကိုကို
နွမ်းပါးတဲ့ကလေးတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးတဲ့ ကိုကို
စာမလိုက်နိုင်တဲ့သူတွေကို အိပ်ရေးပျက်ခံပြီး စာသင်ပေးခဲ့တဲ့ ကိုကို
ငယ်လေ ကိုကို့ ကို လေးစားလိုက်တာ။
လေးစားမှုတွေကနေ အချစ်ဆိုတာ မွေးဖွားတတ်သလား ဆိုတာ မသိပေမယ့် ငယ် ကိုကို့ကို လေးစားရာကနေ သိပ်ချစ်မိသွားခဲ့ပါတယ်။

အပျင်းထူတဲ့ ငယ့်ကိုတော့ ကိုကို ချစ်ပေမယ့် စိတ်တိုင်းမကျခဲ့ဘူးနော် ။
ပညာတွေသင်၊ ဘွဲ့တွေယူထားပြီး ဘာမှ အသုံးမချဘဲ ယောင်ဝါးဝါးလုပ်နေခဲ့တဲ့ ငယ့်ကို ကိုကို သဘောမကျခဲ့ဘူး။
ကိုကို ဖြေခိုင်းတဲ့ စာမေးပွဲတွေ ၊ လေ့လာခိုင်းတဲ့ သင်ခန်းစာတွေကို ငယ် စိတ်ပါလက်ပါ မလုပ်တဲ့အတွက် ကိုကို ငယ့်ကို ဆူခဲ့တယ်။

ငယ်ကလည်း ငယ်ပါပဲလေ။
listening skill တက်လာဖို့ရည်ရွယ်ပြီး ဇာတ်ကားတစ်ကားကို ကိုကိုက ကြည့်ခိုင်းတဲ့အခါမှာ  ငယ်က ဘာသာစကားလေ့လာဖို့ထက် Subtitle မှာ ဗမာစာတန်းထိုးကိုပြောင်းပြီး ဇာတ်လမ်းရဲ့ ရသကိုပဲ ခံစားချင်ခဲ့တာ။
အွန်လိုင်းကျူတိုရီရယ်တွေကို လုပ်ခိုင်းတဲ့အချိန်မှာ မျက်လုံးစုံမှိတ်ပြီး သီချင်းနားထောင်နေတတ်ခဲ့တာ။
နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲတွေ ဖြေဖို့ထက် လက်ရှိကစားနေတဲ့ ဂိမ်းတစ်ပွဲအောင်ဖို့ကို အားထုတ်နေခဲ့တာ။
ကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲသိဖို့ ဖတ်ခိုင်းတဲ့ နိုင်ငံတကာသတင်းစာတွေထက် ကောလာဟလအတင်းတွေကို စိတ်ဝင်စားတတ်ခဲ့တာ။

"ငယ့်ကို ကိုကိုရဲ့ ပါရမီဖြည့်ဘက် ဖြစ်စေချင်တာ" လို့ တဖွဖွပြောခဲ့တဲ့ ကိုကို့စကားကိုလည်း ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့မိတယ်။
“ငယ် ကိုကို့စကားကို နားမထောင်ရင် ကိုကို ထားခဲ့မှာ” လို့ ပြောခဲ့တာကိုလည်း ကျီစယ်တယ်လို့ ထင်ခဲ့မိတယ်။

တကယ်ထားခဲ့တော့မှ ငယ် တုန်လှုပ်ခဲ့ရတာပါ ကိုကို။
ကိုကို က လုံးဝ ခြေရာဖျောက်သွားခဲ့တယ်နော်။
အဲဒီတော့မှ ကိုကို့ ကို ငယ် သိပ်ချစ်ခဲ့တယ်ဆိုတာ ပိုပြီး သိလိုက်ရတယ်။
ခံစားလိုက်ရတာ ကိုကိုရယ်။
လွမ်းလိုက်ရတာ။

ကိုကို တစ်ယောက်တည်းပဲ ရှိတဲ့ ငယ့် ပြက္ခဒိန်ထဲမှာ ကိုကို ရုတ်တရက်ပျောက်သွားတဲ့အခါ
မနက်မိုးလင်းတိုင်း အပြန်အလှန် ပို့နေကျ message လေးတွေ ၀င်မလာတော့တဲ့အခါ
အွန်လိုင်းတက်တိုင်း ငယ့် အကောင့်မှာ စိမ်းနေတဲ့ ကိုကို့နာမည်လေး မတွေ့တော့တဲ့အခါ
ညတိုင်း မြည်နေကျ ဖုန်းသံလေး မကြားရတော့တဲ့အခါ
ငယ် လေ မနေတတ်ခဲ့တာ အမှန်ပါ။

အလွမ်းဆိုတဲ့အရသာ ဒီလောက်ပြင်းရှမှန်း ငယ် ထင်မထားဘူး ကိုကို
လူးလိမ့်နေအောင် ခံစားရတယ်
ငိုလို့ ငိုမိမှန်းမသိအောင် ကျလာတဲ့ မျက်ရည်တွေနဲ့
ရင်ထဲမှာ လှိုက်တက်လာတဲ့ ခံစားချက်
ရင်နင့်တယ် ဆိုတာ ဒါများလားလို့ ငယ်တွေးမိပါရဲ့။

ငယ် သိပ်လွမ်းတယ် ကိုကို။
ခံစားရတဲ့ ဝေဒနာက ပြောမပြတတ်လောက်အောင်ပါပဲ။
ဆိုးရွားလွန်းပါတယ်လေ။

ဒါပေမယ့်လည်း ..
ဒါပေမယ့်လည်းပေါ့  .... ကိုကိုရယ်
ငယ် ကိုကို့ကို ဘယ်လောက်ပဲလွမ်းလွမ်း ငယ့် ဘ၀ကို အလွမ်းထဲမှာ နစ်မြုပ်မခံပါဘူး။
ငယ့် နားကနေ ကိုကို ထွက်သွားခဲ့ပေမယ့် ကိုကို့ စကားတွေကို ငယ် မေ့လို့မဖြစ်ဘူးလေ။
ကိုကို ဘယ်နေရာပဲ ရောက်နေနေ ငယ် ဘယ်နေရာမှာပဲ ရှိရှိ ခံယူချက်တွေ ဦးတည်ချက်တွေ တူနေမယ်ဆိုရင် ငယ်တို့ အတူတူရှိနေကြတယ်လို့ပဲ ငယ် ယုံကြည်ထားပါတယ်။
ကိုကို သိပ်ဖြစ်စေချင်ခဲ့တဲ့ စိတ်ထားပြည့်ဝ၊ ထက်မြက်ပြီး အများအကျိုးဆောင်ရွက်နိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ငယ် ကြိုးစားရဦးမယ်လေ။

စေတနာက လူတိုင်းနဲ့ ထိုက်တန်တယ် လို့ ပြောခဲ့တဲ့ ကိုကို့ကို ငယ်က ထောက်ခံခဲ့ဖူးတယ်နော်
အဲဒီစကားကို လက်တွေ့ ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ် ကိုကို။
အယုတ် အလတ် အမြတ်မရွေး လူတိုင်းအပေါ်မှာ စေတနာထားမယ်။
ပညာပါရမီတွေ ဖြည့်ဆည်းမယ်။
အားနည်းတဲ့သူကို ကူညီမယ်။
လမ်းမှားရောက်မယ့်လူတွေကို လမ်းမှန်ဘက်ကို ဆွဲခေါ်မယ် လေ။
လက်လှမ်းမီရာ ပရဟိတလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တတ်စွမ်းသရွေ့ လုပ်ပေးတော့မယ်လို့ ငယ် ဆုံးဖြတ်လိုက်ပါတယ်။

အချို့ကပြောကြတယ် ကိုကို။
“လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရတယ်” တဲ့။
ငယ်ကတော့ သိပ်လွမ်းနေပေမယ့် ကိုကို့ကို စိတ်နာစရာတွေမရှိပါဘူး ။
ကိုကို့ကို ချစ်လို့ဖြစ်လာတဲ့ ငယ့်ရဲ့အလွမ်းတွေကို မီးစာလုပ်ပြီး လောကကြီးသာယာမယ့် မီးတောက်အဖြစ် ဖန်တီးပါ့မယ်။

ကိုကို့ကို လွမ်းရင် စာကြည့်တယ်။
ဒါကြောင့်ပဲ ငယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေအားလုံးက စာကြည့်ချိန်ဖြစ်ခဲ့တယ်လေ။
ကိုယ်တိုင်က ပြည့်ဝနေမှ အခြားသူတွေကို ဖြည့်ဆည်းပေးနိုင်မှာမို့လို့ ထိုက်သင့်တဲ့ အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်အောင် ငယ် အစွမ်းကုန် ကြိုးစားနေပါတယ် ကိုကို။
ငယ် သင်ယူတတ်မြောက်လာတဲ့ ပညာတွေကိုလည်း လိုနေတဲ့သူတွေကို ပြန်ပြီး ဖြန့်ဝေပေးရဦးမယ်လေ။

အခုဆိုရင်
ငယ့် ကြိုးပမ်းမှုနဲ့ "စေတနာ" ဆိုတဲ့ ပညာဒါန သင်တန်းလေးက အရှိန်ရနေခဲ့ပြီ။
ငယ် သင်ပေးခဲ့တဲ့ တပည့်လေးတွေကလည်း သူတို့အားလပ်ချိန်ရတိုင်း ငယ့် သင်တန်းမှာ ပြန်ကူကြတယ် ။
ရောင်ပြန်ဟပ်တဲ့ စေတနာတွေဖြစ်မယ်ထင်ပါရဲ့ ။
ငယ့် သင်တန်းမှာ အတတ်ပညာတင်မဟုတ်ဘဲ အသိပညာတွေပါ ဖြန့်ဝေပေးနေတယ်။
ငယ် သင်ပေးလိုက်တဲ့ ကလေးတွေလည်း နေရာအသီးသီးမှာ အဆင်ပြေနေကြတယ်။
သူတို့လေးတွေ အဆင့်ဆင့် မြင့်သွားတာကို မြင်ရတော့ ပီတိဆိုတဲ့ အရသာကိုလည်း ငယ် ကောင်းကောင်း ခံစားတတ်နေပြီလေ။


တစ်ချိန်က ကိုကို မြင်ချင်ခဲ့တဲ့ မိုးရေစက်တွေ ..
ကိုကို အနားမှာ ရှိခဲ့တုန်းက ခေါင်နေခဲ့တဲ့ မိုးတိမ်တိုက်တွေ ....
ခုတော့ တစိမ့်စိမ့် ရွာလို့
ပန်းကလေးတွေလည်း လန်းဆန်းလို့
မိုးရေဖြန်းလို့ မြင်မြင်သမျှ အရာအားလုံး စွတ်စိုလှပလို့­

အခါတော့ လွန်ခဲ့ပါပြီလေ ..

ဒါပေမယ့် ..
ဒါပေမယ့်လည်း
ဒီဇင်ဘာမှာ မိုးရွာနေပါတယ်
ဒီဇင်ဘာမှာ မိုးရွာနေပါတယ် ကိုကို ။



♦♦ 2010 ဒီဇင်ဘာလတုန်းက ရေးဖြစ်ခဲ့တဲ့ Note လေးပါ ♦♦
                                                                                                                                                      သံစဉ်ဖြူဖြူ

1 comment:

  1. အ တွေးကောင်းလေး မို့လက် ရာလေး ဟောင်းခဲ့ပေမဲ့ ဆန်းသစ် ဆဲပါ။

    ReplyDelete